ကမ္ဘာလှည့်ခရီးသည်တွေအတွက် ခရီးသည် လမ်းညွှန်စာအုပ်တွေ ရေးသားထုတ်ဝေနေ
တဲ့ Lonely Planet စာအုပ် ထုတ်ဝေရေးကို မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ခရီးသွားစာအုပ်
တွေ ဆက်ထုတ်နေတဲ့အတွက် သပိတ်
မှောက်ဖို့ ဗြိတိန်အလုပ်သမားသမဂ္ဂက တောင်းဆိုလိုက်ပါတယ်။ အသေးစိတ်ကို ကိုသိန်းထိုက်ဦးက ဆက်ပြီး တင်ပြပေးပါ
လိမ့်မယ်။
TUC လို့ခေါ်တဲ့ ဗြိတိန်အလုပ်သမားသမဂ္ဂ
ကွန်ဂရက်စ်က မြန်မာစစ်အစိုးရအုပ်ချုပ်တဲ့
မြန်မာနိုင်ငံကို ကမ္ဘာလှည့်ခရီးသည်တွေ မသွားဘို့ ခရီးသွားလုပ်ငန်းမြှင့်တင်ရေး လုပ်ဆောင်တာတွေက စစ်အစိုးရကို တရားဝင်အသိအမှတ်ပြုသလို ဖြစ်နေတယ်လို့
ဝေဖန်ပါတယ်။ ဒီလို ခရီးသွားလုပ်ငန်း လမ်းညွှန်စာအုပ်တွေ မထုတ်ဘို့ Lonely Planet စာအုပ်ထုတ်ဝေရေးကို တောင်းဆိုလိုက်တာပါ။
ခရီးသွားလုပ်ငန်းရှင်တွေအနေနဲ့ သူတို့ရဲ့စာအုပ်စင်တွေပေါ်က မြန်မာနိုင်ငံအကြောင်း
ရေးထားတဲ့ စာအုပ်တွေကို ဖယ်လိုက်မယ်၊ ခရီးသည်တွေ သွားသင့်တဲ့ နေရာတခု
အဖြစ် လမ်းညွှန်ပြနေတာတွေက ဖယ်ရှားရမယ်လို့ အလုပ်သမားသမဂ္ဂ ကွန်ဂရက်စ် ခေါင်းဆောင်တွေက ပြောဆိုပါတယ်။
Lonely Planet ခရီးသည်လမ်းညွှန်စာအုပ် ထုတ်ဝေရေးဌာန အင်တာနက်ဝက်ဘ်ဆိုက်
မှာတော့ မြန်မာနိုင်ငံကိုသွားမယ့် ခရီးသည်တွေအတွက် အကောင်းအဆိုးဒွန်တွဲပြီး
လေ့လာနိုင်ဖို့ အချက်အလက်တွေ ထည့်သွင်းထားပါတယ်။ မြန်မာ့ဒီမိုကရေစီ
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ခရီးသည်တွေ မြန်မာနိုင်ငံကိုမသွားဘို့ တိုက်တွန်းထားတဲ့အချက်တွေနဲ့ ခရီးသည်လုပ်ငန်း တိုးမြှင့်ဖို့အတွက် မြန်မာစစ်အစိုး
ရက လူတွေကို အဓမ္မခိုင်းစေတာတွေ လုပ်ကိုင်ခဲ့တယ်ဆိုတဲ့ အချက်တွေကို ထည့်သွင်း ဖော်ပြထားတာပါ။
Lonely Planet ခရီးသည်လမ်းညွှန်စာအုပ် ထုတ်ဝေရေးဌာနရဲ့ စာအုပ်ထုတ်ဝေရေး
ဆိုင်ရာ အဓိကလက်ခွဲအဖွဲ့ BBC Worldwide Ltd. ဘီဘီစီ လီမိတက်ဒ်အဖွဲ့က မြန်မာ နိုင်ငံနဲ့ပတ်သက်လို့ သတင်းအချက်အလက်တွေ ပြည့်ပြည့်စုံစုံ ပေးထားတဲ့အကြောင်း
နဲ့ သွားတာ မသွားတာကတော့ ခရီးသည်တွေရဲ့ ဆုံးဖြတ်ချက်အပေါ် မူတည်တယ်လို့
ပြောဆိုပါတယ်။
TUC လို့ခေါ်တဲ့ ဗြိတိန်အလုပ်သမားသမဂ္ဂ ကွန်ဂရက်စ်က မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ခရီးသည်လမ်းညွှန်စာအုပ်တွေ မထုတ်ဘို့ ပြီးခဲ့တဲ့နှစ်ကတည်းက တိုက်တွန်းခဲ့တယ်။
ဒါပေမယ့် Lonely Planet ခရီးသည်လမ်းညွှန်စာအုပ် ထုတ်ဝေရေးဌာနရဲ့ စာအုပ်
ထုတ်ဝေရေးဆိုင်ရာ အဓိကလက်ခွဲအဖွဲ့ ဘီဘီစီက လက်မခံခဲ့တဲ့အတွက် အခုလို
သပိတ်မှောက်ရေး ဆော်သြရတာလို့လည်း ပြောပါတယ်။
TUC လို့ခေါ်တဲ့ ဗြိတိန်အလုပ်သမားသမဂ္ဂ ကွန်ဂရက်စ်ဟာ သမဂ္ဂပေါင်း ၆၀ လောက်
ပူးပေါင်းပါဝင်တဲ့ အဖွဲ့ကြီးဖြစ်ပါတယ်။ အဖွဲ့ဝင် ခြောက်သန်းလောက်ရှိပါတယ်။
Lonely Planet ခရီးသည်လမ်းညွှန်စာအုပ် ထုတ်ဝေရေးဌာန အင်တာနက်
ဝက်ဘ်ဆိုက်မှာတော့ မြန်မာနိုင်ငံအတွင်းမှာ စစ်အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ အကြီးအကျယ်ပေါ်ပေါက်ခဲ့ဖူးပြီး လုံခြုံရေးအခြေအနေအရ မသေချာတဲ့အကြောင်း၊
၂၀၀၈ ခုနှစ် ဇန်န၀ါရီလအတွင်းမှာတင် မြန်မာနိုင်ငံအတွင်း နေရာတချို့မှာ
ဗုံးပေါက်ကွဲမှုတွေ ဖြစ်ခဲ့တဲ့အကြောင်း ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံကိုသွားမယ်
ဆိုရင် ခရီးသည်တွေအနေနဲ့ အထူးသတိထားဖို့ သတိပေးထားပါတယ်။
မြန်မာနိုင်ငံကို ကမ္ဘာလှည့်ခရီးသည်တွေ မသွားဘို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက တိုက်တွန်းနှိုးဆော်တာတွေအပြင် မြန်မာနိုင်ငံအတွင်း နိုင်ငံရေးဖိနှိပ်မှုတွေနဲ့ လုံခြုံရေး အခြေအနေကြောင့်လည်း ကမ္ဘာလှည့်ခရီးသည်လုပ်ငန်းတွေ ထိခိုက်ကျဆင်းရတဲ့
အကြောင်း မြန်မာနိုင်ငံအတွင်းက ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေက ပြောဆိုကြ
ပါတယ်။