သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၈၈ ကျောင်းသားတွေရဲ့ အိုလံပစ်သပိတ်မှောက်ရေး တရုတ်အစိုးရ ဝေဖန်


မြန်မာနိုင်ငံမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ပေါ်ဖို့ နိုင်ငံတကာက ဝိုင်းဝန်း ဆောင်ရွက်နေရာမှာ တရုတ်နိုင်ငံက ပျက်ကွက်နေတာကြောင့် အခုနှစ်ထဲကျင်းပမယ့် ဘေဂျင်းအိုလံပစ် အားကစားပွဲတော်ကို သပိတ်မှောက်ဖို့ ဒီမိုကရေစီရေး လှုပ်ရှားသူ
တွေက ပြောဆိုလိုက်တာဟာ နားလည်မှုလွဲမှားနေတာဖြစ်တယ်လို့ တရုတ်နိုင်ငံခြား
ရေးဝန်ကြီးဌာနက တုံ့ပြန်ပြောဆိုလိုက်ပါတယ်။ တရုတ်နိုင်ငံခြားရေးဌာနရဲ့ ဒီကနေ့
တုံ့ပြန်ချက်အပေါ် ဒီမိုကရေစီရေး အင်အားစုတွေက လက်ခံကြပါရဲ့လား။ အကြောင်း
စုံကို ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေဖြစ်ကြတဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေက
မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ တိုးတက်ဖြစ်ထွန်းမှုတွေ ရှိလာအောင် ကူညီဖို့ တရုတ်
နိုင်ငံဘက်က ပျက်ကွက်နေတာကြောင့် နွေရာသီ ဘေဂျင်းအိုလံပစ်ကို သပိတ်မှောက်
ဖို့ ပြောဆိုလိုက်အပြီး နောက်တနေ့မှာပဲ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အခုလို တုံ့ပြန်ပြောဆိုလိုက်တာပါ။ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးမှာ တရုတ်နိုင်ငံအနေနဲ့ အိမ်နီး
ချင်းကောင်း၊ မိတ်ဆွေကောင်းမူဝါဒကိုသာ ကျင့်သုံးနေတဲ့အကြောင်း တရုတ်နိုင်ငံခြား
ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လျူဂျန်ချောင်း (Liu Jianchao) က သတင်းထောက်
တွေရဲ့အမေးကို ဖြေကြားလိုက်တာပါ။ တရုတ်အစိုးရက ဒီလိုပြောဆိုလိုက်ပေမယ့်
လည်း လက်တွေ့မှာ ဒီမိုကရေစီပြောင်းလဲရေးဆီကို ဦးတည်တဲ့ လုပ်ရပ်မျိုးတော့
မတွေ့ရပါဘူးလို့ ၈၈ မျိုးဆက်ကျောင်းသားတွေက လက်ခံထားကြတာပါ။

“တရုတ်အစိုးရအနေနဲ့ မစ္စတာဂမ်ဘာရီ သွားတဲ့အခါမှာရော၊ တရုတ်အစိုးရအနေနဲ့ သတင်းထုတ်ပြန်ချက်တွေမှာရော ကျနော်တို့ကြားနေရတာကတော့ မြန်မာပြည်ဒီမို
ကရေစီရေး၊ တွေ့ဆုံဆွေးနွေးရေး ဖြစ်မြောက်ရေးမှာ သူတို့အနေနဲ့ တိုက်တွန်းပါတယ်၊ အားပေးပါတယ်၊ ဒီလိုပဲပြောနေတယ်။ သို့သော် ဒီလိုပဲပြောနေတာက စကားအရသာ ကျနော်တို့တိုင်းပြည် အမျိုးသားရင်ကြားစေ့ရေးအတွက် စေ့ဆော်တိုက်တွန်းနေတယ်
လို့ပြောတယ်။

“ဒါပေမယ့် တဖက်မှာ လက်တွေ့ကျတော့ ထင်သာမြင်သာတဲ့ တိုးတက်မှုတွေ၊ ဒီမိုက
ရေစီရေး ဆောင်ရွက်မှုတွေ ဘာတခုမှဖြစ်မလာဘဲနဲ့ တဖက်မှာသာ စစ်အစိုးရကို အားပေးထောက်ခံမှုတွေက ထင်သာမြင်သာနေတယ်ဗျာ။ ဒါကြောင့် ကျနော်တို့
ပြောချင်တာက အခုအချိန်ကစပြီး တရုတ်အစိုးရအနေနဲ့ ကျနော်တို့တိုင်းပြည်မှာ ဒီမို
ကရေစီနဲ့ လူ့အခွင့်အရေးထွန်းကားရေး၊ အမျိုးသားရင်ကြားစေ့ရေးအတွက် ထိရောက်
တဲ့၊ ထင်သာမြင်သာတဲ့ တိုးတက်မှုတွေကို ဆောင်ကြဉ်းပေးနိုင်မယ်ဆိုရင် ကျနော်တို့နဲ့ တရုတ်အစိုးရနဲ့ကြားထဲမှာ အခုလို ပြဿနာတွေ ရှိနေစရာအကြောင်း မရှိပါဘူး။”

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ကိုထွန်းမြင့်အောင် မှတ်ချက်ပေးပြောဆိုလိုက်
တာပါ။ ဒီလို မြန်မာနိုင်ငံထဲက ဒီမိုကရေစီရေး လှုပ်ရှားသူတွေရဲ့ သပိတ်မှောက်ဖို့ တိုက်တွန်းတောင်းဆိုချက်တွေကို ပြည်ပရောက် မြန်မာ့အရေးလှုပ်ရှားသူတွေကြားမှာ ရောင်ပြန်ဟပ်လာတာတွေလည်း ရှိနေပါပြီ။

“မြန်မာနိုင်ငံစစ်အုပ်စုကို တဖက်သတ်ထောက်ခံအားပေးနေတဲ့ တရုတ်အစိုးရအပေါ်
မှာ သဘောထားပြောင်းလဲဖို့အတွက် ကျနော်တို့ ပျော့ပြောင်းစွာ ချဉ်းကပ်လာခဲ့တာ
နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ ဒါပေမယ့် ဒီကနေ့အထိ တရုတ်အစိုးရရဲ့ပေါ်လစီ ပြောင်း
လဲတာ မတွေ့ရဘူး။ မပြောင်းလဲတဲ့အပြင် မြန်မာစစ်အစိုးရအပေါ်မှာ ပိုပြီးတော့
အားပေးအားမြှောက် ကူညီမှုတွေ တွေ့နေရတယ်။ ဒီအချိန်မှာ ကျနော်တို့အနေနဲ့
တရုတ်အစိုးရကို ကျနော်တို့ ပြည်သူလူထုရဲ့ မကျေနပ်မှုကို ပွင့်ပွင့်လင်းလင်း ဖော်ထုတ်
ပြသဖို့ လိုအပ်ပါတယ်။ ဒါကြောင့် အခုလို ၈၈ မျိုးဆက်ကျောင်းသားများရဲ့ တရုတ်
အိုလံပစ်အပေါ်မှာ သပိတ်မှောက်ဖို့၊ တရုတ်အစိုးရရဲ့ပေါ်လစီ ပြောင်းလဲအောင် ဝိုင်းဝန်း ဖိအားပေးဖို့ဆိုတဲ့ တောင်းဆိုချက်ကို ကျနော်တို့ ထောက်ခံပါတယ်။”

အမေရိကန်ပြည်ထောင်စုအခြေစိုက် မြန်မာ့အရေးလှုပ်ရှားနေတဲ့ US Campaign for
Burma အဖွဲ့ရဲ့ မူဝါဒရေးရာ ဒါရိုက်တာ ကိုအောင်ဒင် ဖြစ်ပါတယ်။ တရုတ်နိုင်ငံခြားရေး
ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်ကတော့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရေး လုပ်ငန်းစဉ်တွေအတွက် လမ်းကြောင်းမှန်ရောက်ရှိစေဖို့ မူဝါဒကို ကျင့်သုံးတယ်၊
ဒါတွေကိုလည်း သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ မှန်မှန်ကန်ကန် နားလည်စေလို
ပါတယ်လို့ ပြောဆိုလိုက်တာပါ။ ၈၈ မျိုးဆက်ကျောင်းသားတွေကတော့ သူတို့
နားလည်မှုမလွဲပါဘူးလို့ ဆိုပါတယ်။

“အခု ကျနော်တို့ ဘေဂျင်းအိုလံပစ်ပွဲတော်နဲ့ပတ်သက်ပြီး သပိတ်မှောက်ကြဖို့ တိုက်တွန်းနှိုးဆော်တဲ့လုပ်ရပ်ဟာ တရုတ်အစိုးရအပေါ်မှာ ကျနော်တို့က ထင်ကြေးနဲ့
လုပ်လိုက်တဲ့ကိစ္စ မဟုတ်ပါဘူး။ နောက်တခုပြောချင်တာက အခုလို အိုလံပစ်
Boycott လုပ်ရတာသည် ကျနော်တို့ အဖိနှိပ်ခံ ပြည်သူပြည်သားတွေအနေနဲ့ ကျနော်
တို့ အခွင့်အရေးကို ကျနော်တို့ ခုခံကာကွယ်ခြင်းဖြစ်ပါတယ်။ တရုတ်ဆန့်ကျင်ရေး၊ တရုတ်မုန်းတီးရေးစိတ်ဓာတ် ကျနော်တို့မှာ လုံးဝမရှိပါဘူး။ ကျနော်တို့ဟာ တရုတ် ပြည်သူပြည်သားတွေနဲ့ တသားတည်းရှိနေပါတယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို
ကျနော်တို့ လိုလားပါတယ်၊ မြတ်နိုးပါတယ်။ အိုလံပစ် Boycott လုပ်ရခြင်းဟာ
တရုတ်အစိုးရရဲ့ လူမိုက်အားပေး နိုင်ငံခြားရေး ပေါ်လစီကို ကျနော်တို့က ဆန့်ကျင်
ဆန္ဒပြခြင်းသာ ဖြစ်ပါတယ်။”

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ကိုထွန်းမြင့်အောင် ပြောသွားတာပါ။ ဒီလို အိုလံ
ပစ် အားကစားပွဲတော်ကို သပိတ်မှောက်ဖို့ လှုံ့ဆော်နေချိန်မှာပဲ ဒီလို အားကစား
ပွဲတော်တခုကို ဆန့်ကျင်ဆောင်ရွက်တာဟာ မသင့်တော်ဘူး၊ နိုင်ငံရေးကိစ္စတွေနဲ့ မရောထွေးသင့်ဘူး၊ လက်တွေ့လည်း မဆန်ပါဘူးဆိုတဲ့ သဘောထား ထင်မြင်ချက်
တွေကလည်း ရှိနေတာပါ။ ဒီလိုပြောဆိုချက်တွေအပေါ် ကိုအောင်ဒင်ရဲ့ သဘောထား
ကတော့ …

“ဒီအိုလံပစ်ဆိုတာ အင်မတန်ကြီးကျယ်တဲ့ပွဲကြီးပါ။ အိုလံပစ်က နိုင်ငံတကာ စည်းလုံး
ညီညွတ်ရေးကို ကိုယ်စားပြုတယ်။ အခု တရုတ်တွေ ကြွေးကြော်ထားတဲ့ အိုလံပစ်
ဆောင်ပုဒ် One World, One Dream. ကမ္ဘာတခု အိပ်မက်တခု။ ဒီဆောင်ပုဒ်
ကိုယ်နှိုက်ကိုက အင်မတန်မှာ အဓိပ္ပာယ်ပြည့်ဝပါတယ်။ ဒါပေမယ့် ဒီ One World,
One Dream၊ ကမ္ဘာတခု အိပ်မက်တခုထဲမှာ ကျနော်တို့ မြန်မာပြည်သူတွေ ပါဝင်ခွင့်
ရှိပါသလား၊ လက်ရှိအခြေအနေမျိုးမှာတော့ မရှိနိုင်ပါဘူး။ အလားတူပဲ ဆူဒန်က
ဒါဖောဒေသက ပြည်သူတွေလည်း ပါဝင်ခွင့်မရှိပါဘူး။

“ဒီလောက် နိုင်ငံတကာ စည်းလုံးချစ်ကြည်ရေးနဲ့ လူသားချင်းစာနာ ထောက်ထားရေး
အတွက် အင်မတန်မှ အဓိပ္ပာယ်ပြည့်တဲ့ အိုလံပစ်ပွဲတော်ကြီးကို အခုလို နိုင်ငံတကာ
စစ်အစိုးရတွေ၊ အာဏာရှင်စနစ်တွေကို ထောက်ခံအားပေးနေတဲ့ တရုတ်အစိုးရက လက်ခံကျင်းပတာက အင်မတန်မှ ရှက်စရာကောင်းတဲ့ ကိစ္စကြီးပါ။ ဒါကြောင့် ကျနော်
တို့က ကျနော်တို့နဲ့ သဘောထားမတူညီတဲ့ အမြင်တွေ ရှိပေမယ့်လည်း ကျနော်တို့
အယူအဆကတော့ တရုတ်အစိုးရအပေါ် တဖက်က ပျော့ပျော့ပြောင်းပြောင်းချဉ်းကပ်
မှုတွေ ဆက်ပြီးရှိနေဖို့ လိုအပ်သလို တရုတ်အစိုးရကို ကျနော်တို့မြန်မာပြည်သူတွေရဲ့ မကျေနပ်မှုကိုလည်း တိတိလင်းလင်း၊ ထင်ထင်ရှားရှား ထုတ်ဖော်ပြသဖို့ လိုတယ်
ဆိုတာ ကျနော်တို့က ယုံကြည်ထားပါတယ်။”

မြန်မာ့အရေးနဲ့ပတ်သက်လို့ တရုတ်အစိုးရရဲ့ သဘောထားတွေ ပြောင်းလဲလာစေဖို့
ရည်ရွယ်ပြီး အိုလံပစ်အားကစားပွဲတော် ဆန့်ကျင်ရေး လှုပ်ရှားမှု တစိတ်တဒေသအဖြစ် အိုလံပစ်ပွဲတော် အထိမ်းအမှတ်ရောင်းချတဲ့ ပစ္စည်းတွေကို မဝယ်ကြဖို့ ဒီလို ဆန့်ကျင် ဆောင်ရွက်မှုတွေမှာ ထင်ရှားသူတွေ ပူးပေါင်းပါဝင်လာကြဖို့ စည်းရုံးသွားမယ်လို့လည်း
US Campaign for Burma ရဲ့ မူဝါဒရေးရာ ဒါရိုက်တာ ကိုအောင်ဒင်က ပြောပါတယ်။

ဒါ့အပြင် အိုလံပစ် အားကစားပွဲကာလမှာ ရုပ်မြင်သံကြား အစီအစဉ်တွေကို မကြည့်ကြ
ဖို့၊ ဒီလိုကြည့်ရှုကြမယ့် အချိန်တွေမှာ မြန်မာ့အရေးအတွက် အကျိုးဖြစ်ထွန်းမယ့် ကိစ္စ
တခုခုကို အစားထိုးလုပ်ကိုင်ဆောင်ရွက်သွားဖို့ လှုံ့ဆော်စည်းရုံးသွားမယ်လို့လည်း
သူက ပြောပြသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG