အမေရိကန်ပြည်ထောင်စုက နာမည်ကျော်
ဖေးလ်ဟာမိုနစ် (New York Philharmonic) တေးဂီတသံစုံတီးဝိုင်း အခု မြောက်ကိုရီးယား
နိုင်ငံက ပြုံယမ်းမြို့တော်မှာ ရောက်နေပါ
တယ်။ ဒါဟာ ကွန်မြူနစ်နိုင်ငံမှာ အမေရိကန် ဂီတအဖွဲ့တဖွဲ့အနေနဲ့ ပထမဆုံး ဖျော်ဖြေ တင်ဆက်ခွင့်ရတာပါ။ ဒါ့ကြောင့် တကမ္ဘာလုံး
က အာရုံစိုက်လာကြတဲ့အပြင် ဒီတေးဂီတ
အဖွဲ့ကို ဖျော်ဖြေခွင့်ပေးလိုက်တာဟာ ကမ္ဘာ
ပေါ်မှာ အထီးကျန်ဖြစ်နေတဲ့ အဆင်းရဲဆုံး
နိုင်ငံနဲ့ ဆက်သွယ်ဖို့ လမ်းစလေးတခု
ပွင့်သွားတာမျိုးအဖြစ် အများကမြင်ကြပါ
တယ်လို့ ဆိုးလ်မြို့ကနေ ဗွီအိုအေသတင်း
ထောက် ကာ့တ်အာချင် (Kurt Achin) သတင်းပေးပို့ထားတာကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။
နယူးယောက်ခ်တေးဂီတအဖွဲ့ရဲ့ ပြုံယမ်းက ဖျော်ဖြေတင်ဆက်မှုတွေထဲမှာ အမေရိကန် ပြည်ထောင်စုရဲ့ အမျိုးသားသီချင်းကိုပါ ကြားရပါတယ်။ ဒါဟာ အမေရိကန်နိုင်ငံကို ရန်လိုတဲ့နိုင်ငံတနိုင်ငံအဖြစ်နဲ့ အမြဲတမ်းဝါဒဖြန့်လေ့ရှိတဲ့ မြောက်ကိုရီးယားအစိုးရက
ပထမဆုံး သီဆိုခွင့်ပြုတာ ဖြစ်ပါတယ်။
နယူးယောက်ခ်ဂီတသံစုံတီးဝိုင်းထဲက တယောသမားတယောက်ဖြစ်တဲ့ ကွန်ဆူဟွန်း
က တောင်ကိုရီးယားနိုင်ငံရဲ့ ဆိုးလ်ဇာတိဖြစ်ပါတယ်။ အခုတေးဂီတ ဖျော်ဖြေပွဲနဲ့
ပတ်သက်ပြီး သူ့အနေနဲ့ စိတ်လှုပ်ရှားရတဲ့အပြင် တွေ့ကြုံရမှာတွေအတွက် နည်းနည်း
တော့ စိုးရိမ်ပူပန်နေရပါတယ်လို့ သူတို့တီးဝိုင်းရဲ့ ကွန်ပျူတာဝက်ဘ်ဆိုက်စာမျက်နှာ
မှာ သူက အခုလိုမှတ်ချက်ပေးခဲ့ပါတယ်။
“ဒီနေရာကိုရောက်ဖူးတဲ့လူက နည်းနည်းလေးပဲရှိတာမို့ ဒီလိုနေရာကို တွေ့မြင်ရမယ့်
အရေးဟာ တကယ့်ကို စိတ်လှုပ်ရှားစရာ အခွင့်အလမ်းတခုလို့ ကျမ ထင်ပါတယ်။ ယဉ်ကျေးမှုရဲ့သံတမန်လို့ခေါ်ရမယ့် အနုပညာရှင်တယောက်အနေနဲ့ ဘယ်နေရာကို သွားရတယ်ဆိုတာထက် ဘာလုပ်ရတယ်ဆိုတာက ကျမတို့အတွက် သိပ်ကိုအရေးကြီး
ပါတယ်” လို့ ကွန်ဆူဟွန်းက ပြောတာပါ။
အခုလို ကမ္ဘာပေါ်က အထီးကျန်အဆန်ဆုံးနိုင်ငံတနိုင်ငံဖြစ်တဲ့ မြောက်ကိုရီးယားနိုင်ငံ
ကို အမေရိကန်နိုင်ငံရဲ့ အကြီးဆုံးယဉ်ကျေးမှုအဖွဲ့တဖွဲ့ သွားရောက်တာမို့ ဒီဖျော်ဖြေပွဲ
ဟာ သတင်းလောကကို အကြီးအကျယ် စိတ်ဝင်စားလာစေတာပါ။ ဂီတဝိုင်းတော်သား တရာကျော်နဲ့အတူ သတင်းထောက်အများအပြား ဒီဂီတဖျော်ဖြေပွဲကို သွားကြပါတယ်။
မြောက်ကိုရီးယားအာဏာပိုင်တွေဟာ သူတို့ခွင့်ပြုမိန့်မရဘဲနဲ့ တေးဂီတထုတ်လုပ်မှုကို တားမြစ်လေ့ရှိပါတယ်။ ဒါကြောင့် အနောက်နိုင်ငံတွေရဲ့ မဟာဂီတတွေဖြစ်တဲ့ ဂျက်ဇ်
(Jazz) တို့၊ ရော့ခ် (Rock) တို့လို ဂီတတွေကို ကြားရလေ့မရှိပါဘူး။ တကယ်လို့
မိသားစုတစုစုမှာ တယောက်ယောက်က တောင်ကိုရီးယားဘက်မှာ ရေပန်းစားနေတဲ့ သီချင်းတပုဒ်ကို ညည်းနေတယ်ဆိုရင် အဲဒီတမိသားစုလုံးကို ထောင်ထဲပို့လေ့ရှိပါတယ်
လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ပြောပါတယ်။
၁၉၉၉ ခုနှစ်မှာ တောင်ကိုရီးယားဘက်ကို ထွက်ပြေးခိုလှုံခဲ့တဲ့ မြောက်ကိုရီးယားဂီတ
ပညာရှင် ကင်ချူဝန်းက အခု နယူးယောက်ခ်တေးဂီတအဖွဲ့ရဲ့ ဖျော်ဖြေမှုမျိုးကို သူ့အမိ
နိုင်ငံမှာ လိုအပ်နေပါတယ်လို့ ပြောပါတယ်။
သူငယ်ငယ်တုန်းက မြောက်ကိုရီးယားကျောင်းသားဘဝနဲ့ အမေရိကန်ဆန့်ကျင်ရေး ကြွေးကြော်သံတွေကြားမှာ ကြီးပြင်းခဲ့ရတယ်လို့ပြောပါတယ်။ ဒါကြောင့် အခု နယူး
ယောက်ခ် တေးဂီတအဖွဲ့ရဲ့ ဖျော်ဖြေမှုတွေဟာ အမေရိကန်နိုင်ငံကို အသွင်ပုံစံအသစ်
တမျိုးနဲ့ မြောက်ကိုရီးယားနိုင်ငံသားတွေ ရှုမြင်လာစေဖို့ ရှိပါတယ်လို့ သူကပြောပါ
တယ်။
တောင်ကိုရီးယားဘက်က ကျွမ်းကျင်သူတွေကတော့ မြောက်ကိုရီးယားနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေပေမယ့် ကိုရီးယားနှစ်နိုင်ငံရဲ့ ပထမဆုံး
ဆွေးနွေးပွဲကို သက္ကရာဇ် ၂၀၀၀ မှာ ကျင်းပပြီးကတည်းက ပြောင်းလဲမှုတွေ အတော် များများတွေ့လာရတယ်လို့ ပြောပါတယ်။ ပြင်ပကမ္ဘာနဲ့ပတ်သက်တဲ့ သတင်းအချက် အလက်တွေလည်း နောက်ပိုင်းမှာ မြောက်ကိုးရီးယားနိုင်ငံထဲ ပိုပြီးဝင်လာတာ တွေ့ရ
တယ်လို့ ပြောပါတယ်။
အခုလိုမျိုး ဂီတဖျော်ဖြေပွဲတွေ တသီးတခြားဖြစ်နေတဲ့ မြောက်ကိုရီးယားနိုင်ငံကို
လာတာဟာ မြောက်ကိုရီးယားနိုင်ငံအတွက် လမ်းပွင့်စေတာတမျိုးပဲလို့ အများက
သုံးသပ်ကြပါတယ်။ ဒါပေမယ့် အခုလို ဖျော်ဖြေပွဲလုပ်ဖို့ ခွင့်ပေးခဲ့တာဟာ နိုင်ငံတကာ
အသိုင်းအဝိုင်းကို ကလန်ကဆန်လုပ်နေတဲ့ ကင်မ်ဂျုံအီးလ်ကို မြောက်ကိုရီးယား
ခေါင်းဆောင်အဖြစ် တရားဝင်သတ်မှတ်ရေးမှာ အထောက်အကူဖြစ်စေတယ်လို့ သုံးသပ်သူတွေလည်း ရှိနေပါတယ်။