သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကင်ညာအစိုးရနဲ့ အတိုက်အခံအကြား စေ့စပ်ရေး ရပ်ဆိုင်းလိုက်ပြီ


ကင်ညာနိုင်ငံမှာ အစိုးရနဲ့အတိုက်အခံကြား စေ့စပ်ညှိနှိုင်းမှုတွေကို ရပ်ဆိုင်းထားပါတယ်။
မနှစ်က ဒီဇင်ဘာမှာ သမ္မတရွေးကောက်ပွဲ ကျင်းပပြီးနောက်ပိုင်း နိုင်ငံမှာ ပဋိပက္ခတွေ
ဖြစ်ပွားပြီး နိုင်ငံရေးက မလှုပ်သာ မလှည့်သာ
ဖြစ်နေတဲ့ အခြေအနေကနေ ရှေ့တိုးနိုင်
အောင် ရည်ရွယ်တဲ့ အာဏာခွဲဝေရေး ညှိနှိုင်း
မှုမှာ နှစ်ဖက်သဘောတူညီမှု မရဘူးလို့
ဗွီအိုအေ သတင်းထောက် ဒဲရက်က်
ကေလ်နာ (Derek Kilner) နိုင်ရိုဘီမြို့တော်
ကနေ သတင်းပေးပို့ထားတာကို
မအေးသန္တာကျော်က တင်ပြပေးထားပါတယ်။

ကင်ညာမှာ စေ့စပ်ဆွေးဆွေးမှုတွေ ဘယ်လိုရှေ့ဆက်နိုင်အောင် လုပ်ဆောင်မလဲ
ဆိုတာအတွက် ညှိနှိုင်းရေးမှူးဖြစ်တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း
ကိုဖီအန်နန် (Kofi Annan) က သမ္မတ မွိုင်ကီဘာကီ (Mwai Kibaki) နဲ့ရော အတိုက်
အခံခေါင်းဆောင် ရွိုင်လာအိုဒင်းဂါး (Raila Odinga) နဲ့ရော တိုင်ပင်ဖို့ စီစဉ်ထားပါ
တယ်။

အတိုက်အခံပါတီဖြစ်တဲ့ Orange Democratic Movement (ODM) ပါတီဝင်တွေ ပါဝင်
လို့ရမယ့် ဝန်ကြီးအဖွဲ့ ဖွဲ့စည်းဖို့ သမ္မတ ကီဘာကီရဲ့ အမျိုးသားညီညွတ်ရေးပါတီက သဘောတူပါတယ်။

ဒါပေမယ့် ဝန်ကြီးချုပ်က အာဏာကို ဘယ်လောက်ချုပ်ကိုင်မလဲဆိုတာနဲ့ ပတ်သက်ပြီး နှစ်ဖက်သဘောတူညီမှု မရဘူးဖြစ်နေတာပါ။ ဒါ့အပြင် ODM ပါတီက ကိုယ်စားလှယ် ဘယ်နှစ်ယောက် ဝန်ကြီးအဖွဲ့မှာ ပါဝင်လို့ရမလဲ၊ ပြီးတော့ တကယ်လို့သာ ညွန့်ပေါင်း
အစိုးရ ပြိုကွဲသွားရင် ရွေးကောက်ပွဲအသစ် ကျင်းပသင့်လား၊ ဒီကိစ္စတွေမှာ နှစ်ဖက် သဘောချင်းမတိုက်ဆိုင်ပါဘူး။

ဆွေးနွေးညှိနှိုင်းပွဲတွေကို ရပ်ဆိုင်းလိုက်ပြီးနောက်ပိုင်း အတိုက်အခံဘက်က ညှိနှိုင်းရေး
သမား မူဆာလီရာ မူဒါဗာဒီ (Musalia Mudavadi) က အစိုးရကို ဝေဖန်ပြောကြားသွား
ပါတယ်။

“ကျနော်တို့ ODM ပါတီအနေနဲ့ သိပ်ကိုစိတ်ပျက်နေပါပြီ။ အဆင်ပြေပြီလို့ ယူဆတဲ့ အချိန်တွေရှိပါတယ်။ ဒါပေမယ့် နောက်နေ့လည်းရောက်ရော မျှော်လင့်ထားတာနဲ့ တခြားစီဖြစ်သွားကြပါတယ်။ ODM အနေနဲ့ သဘောတူတဲ့အချက်တွေ အများကြီးရပြီ
ဆိုတဲ့အချိန်မှာ တဖက်က ဘာပြန်ပြောလာသလဲဆိုတော့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ
ဥပဒေကို ထိလို့မရဘူးလို့ ဆိုပြန်ပါတယ်။”
အတိုက်အခံ ညှိနှိုင်းရေးသမား မစ္စတာ မူဆာလီရာ မူဒါဗာဒီ ပြောသွားတာပါ။

ရေရှည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်သုံးသပ်ရေးအတွက်တော့ နှစ်ဖက် သဘောတူခဲ့
ကြပါတယ်။ တကယ်လို့သာ နိုင်ငံရေးညှိနှိုင်းမှုတွေ ပြီးသွားပြီဆိုရင် အတိုက်အခံတွေ
က အာဏာခွဲဝေရေး သဘောတူညီမှုကို အထောက်အကူပေးမယ့် ဖွဲ့စည်းပုံအခြေခံ
ဥပဒေ ပြင်ဆင်မှုတွေ လုပ်စေချင်ပါတယ်။

အစိုးရကတော့ ညှိနှိုင်းမှုမှာ တဖက်က မလိုလားအပ်တဲ့ ဖိအားပေးမှုတွေ လုပ်နေတယ်
လို့ ခံစားရကြောင်း အစိုးရညှိနှိုင်းရေးသမား မျူတူလာ ကီလွန်ဇို (Mutula Kilonzo) က
ပြောပါတယ်။

“ဘာမှမတိုးတက်ဘဲ တဝဲလည်လည်ဖြစ်နေတာမျိုးကို မလိုချင်ပါဘူး။ နှစ်ဖက်စလုံးက
ရပ်တည်မှု ခိုင်ခိုင်မာမာရှိပါတယ်။ နှစ်ဖက်ကို ပေါင်းကူးလို ဆက်ပေးထားတဲ့ အခြေ
အနေကပဲ မူမမှန်တာပါ။ ကျနော်ပြောသလိုပဲ ကျနော်တို့ကို အတင်းဖိအားပေးနေ
သလို ခံစားရပါတယ်။”
အစိုးရညှိနှိုင်းရေးသမား မျူတူလာ ကီလွန်ဇို ပြောသွားတာပါ။

ကင်ညာကို အရင်တပတ်ကသွားရောက်ခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး
ကွန်ဒိုလီဇာရိုက်စ် (Condoleezza Rice) ကတော့ ညှိနှိုင်းမှုမှာ ခေါင်းဆောင်ပိုင်းရဲ့ ပျက်ကွက်မှုအတွက် စိတ်ပျက်မိကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ကင်ညာနိုင်ငံမှာ နိုင်ငံရေးအဖြေရှာတွေ့နိုင်ဖို့ အမေရိကန်ပြည်ထောင်စုက ထောက်ခံတယ်လု့ိ
ပြောကြားသွားပါတယ်။ ဒီညှိနှိုင်းမှုတွေမှာ တိုးတက်မှု တစုံတရာ မရှိဘူးဆိုရင်တော့ ကြာသပတေးနေ့မှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ဆန္ဒပြဖို့ အတိုက်အခံဘက်က ရဲကို အကြောင်းကြားထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အတိုက်အခံ ညှိနှိုင်းရေးသမား မစ္စတာမူဒါဗာဒီက ဆွေးနွေးဖို့
ငြင်းဆိုပါတယ်။ ဒီလိုဆန္ဒပြဖို့စီစဉ်တာကို အစိုးရဘက်ကလည်း ဝေဖန်ပါတယ်။
အတိုက်အခံကတော့ သူတို့က အားလုံးကို အေးအေးဆေးဆေးပဲ လုပ်သွားမယ်လို့
ပြောပါတယ်။ ရွေးကောက်ပွဲနောက်ပိုင်း ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေမှာတော့ လုယူ
ခိုးဆိုးမှုတွေ ဖြစ်ပွားခဲ့ပြီး ရဲဘက်ကလည်း အင်အားနဲ့ ပြင်းပြင်းထန်ထန်နှိမ် နင်းခဲ့ပါ
တယ်။ ကင်ညာနိုင်ငံအနောက်ပိုင်းမှာ စစ်သင်တန်းတက်နေတဲ့ လူငယ်အယောက်
၂၀၀ လောက်ကိုလည်း ဖမ်းမိထားတယ်လို့ ရဲကပြောပါတယ်။

မသမာမှုတွေရှိခဲ့တယ်လို့ အတိုက်အခံဘက်က စွပ်စွဲတဲ့ ဒီဇင်ဘာ သမ္မတရွေးကောက်ပွဲ
နောက်ပိုင်း ဖြစ်ပွားတဲ့ ဆူပူမှုတွေကြောင့် လူ ၁၅၀၀ သေဆုံးခဲ့ရပြီလို့ အာဏာပိုင်တွေ
က ဆိုပါတယ်။ အခုသီတင်းပတ်ပိုင်းတွေမှာတော့ နိုင်ငံရေးအခြေအနေ အတန်အသင့် ပြန်ပြီးတည်ငြိမ်သွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG