မကြာသေးခင်ရက်တွေက ရန်ကုန်မြို့မှာ ဖမ်းဆီးခံခဲ့ရ
သူတွေဖြစ်ကြတဲ့ မြန်မာအင်တာနက်ဘလော့ဂါနဲ့ ကဗျာ
ဆရာတို့ ၂ ဦးကို သက်ဆိုင်ရာ မိသားစုဝင်တွေက
တွေ့ဆုံခွင့်မရသလို ဘာအကြောင်းကြောင့် ထိန်းသိမ်း ခံနေရတယ်ဆိုတာ မသိရတာကြောင့် မိသားစုဝင်တွေ
က ပူပန်မှုတွေရှိနေတယ်လို့ သိရပါတယ်။ သူတို့ ထိန်းသိမ်းခံနေရတာကိုတော့ တွေ့မြင်ခဲ့သူတွေက တဆင့်ပြောပြလို့သာ သိခဲ့ရတာလို့လည်း ဆိုပါတယ်။
အဖမ်းခံနေရသူတွေရဲ့ အခြေအနေတွေကိုတော့
ကိုအောင်လွင်ဦးက ဆက်ပြောပြပေးပါဦး။
နေမျိုးကျော် ခေါ် နေဘုန်းလတ်ဆိုတဲ့ မြန်မာအင်တာနက်ဘလော့ဂ်စာမျက်နှာ
ဖွင့်ထားတဲ့လူငယ်ကို အာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းထားတာ အခုဆို တပတ် ရှိလာပြီဖြစ်ပေမယ့်လည်း မိသားစုအနေနဲ့ အကျိုးအကြောင်း တစုံတရာ မသိရတာ
ကြောင့် ပူပန်မှုတွေ ရှိနေတာပါ။ ဒါဟာဆိုရင် အင်တာနက်စာမျက်နှာ ဖန်တီးသူတဦး
ကို ဖမ်းဆီးလိုက်တဲ့ မြန်မာနိုင်ငံက ပထမဆုံး အင်တာနက်အကျဉ်းသား
Cyber Dissident ကိစ္စလို့ ဆိုရမှာပါ။ မကြာသေးခင်က အာဏာပိုင်တွေက ခေတ္တ
ခေါ်ယူစစ်ဆေးမေးမြန်းတာကို ခံခဲ့ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အဲန်အယ်လ်ဒီ)
လူငယ်အဖွဲ့ဝင်တချို့ကတော့ ရန်ကုန်မြို့က ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ခံ
ရဲအချုပ်ခန်းထဲမှာ သူတို့ကို ထိန်းသိမ်းထားစဉ် နေဘုန်းလတ်ကို တွေ့ခဲ့တယ်လို့
ပြောကြပါတယ်။ နေဘုန်းလတ်နဲ့နီးစပ်သူ ရန်ကုန်မြို့က မိသားစုမိတ်ဆွေတဦးကတော့ နေဘုန်းလတ် ဘယ်မှာရောက်နေတယ်၊ ဘာအကြောင်းကြောင့် ဖမ်းဆီးခံနေရတယ်
ဆိုတာတွေကို လိုက်လံစုံစမ်းရာမှာ ဒီကနေ့ နောက်ဆုံးကြားသိသမျှကို အခုလိုပြောပြ
ပါတယ်။
“နေဘုန်းလတ်က ပြည်ထဲရေးရုံးမှာ ရောက်နေတယ်။ ၅(ည)၊ ၅၄ နဲ့ ဆွဲထားတယ်။
မိသားစုနဲ့လည်း မတွေ့ရသေးဘူး၊ ကားလည်း ပြန်မရသေးဘူး၊ ဖုန်းလည်းပြန်မရသေး
ဘူး။ အကုန်လုံး ပူဆွေးသောကရောက်နေကြတာပေါ့။ လောလောဆယ်က ဘာ
အဆက်အသွယ်မှ မရသေးဘူး”
ဒါဟာ နေဘုန်းလတ် ဖမ်းဆီးထိန်းသိမ်းခံထားရတာနဲ့ ပတ်သက်လို့ နောက်ဆုံးသိရတာ ဖြစ်ပေမယ့်လို့ မိသားစုဝင်တွေ ကိုယ်တိုင်ကတော့ ဘာမှ ရေရေရာရာ သိရှိထားတာ
မဟုတ်ပါဘူး။ ဒီအတွက် နေဘုန်းလတ်ရဲ့ မိခင်ဖြစ်သူ ဒေါ်သန်းသန်းအေးကလည်း စိုးရိမ်ပူပန်နေတာပါ။
“ပြည်ထဲရေးကိုရောက်တယ်။ သုဝဏ္ဏရဲစခန်း၊ သင်္ဃန်းကျွန်းရဲစခန်း၊ လက်လှမ်းမီရာ အကုန်လိုက်စုံစမ်းပါတယ်။ ခက်တာကလည်း ဒီလိုခေါ်သွားပြီဆိုရင် ဘယ်မှာမှ စုံစမ်း
လို့ မရတတ်ပါဘူး။ သူတို့ဘက်ကလည်း အခုချိန်ထိ အကြောင်းကြားမှုလည်း မရှိသေး
ဘူး။ ကျမတို့ကတော့ နှစ်ရက် သုံးရက်နေရင် ပြန်လာမယ်လို့ယူဆတယ်။ ဒါပေမယ့် ခုချိန်ထိမလာတဲ့အခါကြတော့ ကြာလာတော့ မိခင်တယောက်အနေနဲ့တော့ ကျန်းမာ
ရေးရော ဘာရော အကုန်လုံး စိုးရိမ်တာပေါ့။ အ၀တ်တထည် ကိုယ်တခုနဲ့ ပါသွားတယ်
ဆိုတော့။ သတင်းလေး တခုခုကြားရရင်တော့ နည်းနည်းလေး စိတ်အေးရမှာပေါ့။
အခုလို ဘာမှလည်း မသိရတော့လေ”
အင်တာနက်စာမျက်နှာ ဖွင့်လှစ်ထားတဲ့ မြန်မာဘလော့ဂါ နေဘုန်းလတ်ကို ထိန်းသိမ်း
မှုဟာဆိုရင် ဒီရက်ပိုင်းအတွင်း သတင်းမီဒီယာလောကမှာ နောက်ဆုံးဖမ်းဆီးမှုလည်း
ဖြစ်ပါတယ်။
ဒီမတိုင်ခင် တပတ်တုန်းကလည်း မြန်မာစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး
သန်းရွှေကို ပုတ်ခတ်တိုက်ခိုက်တယ်လို့ အဓိပ္ပာယ်ထွက်နေတဲ့ ကဗျာတပုဒ်ကို စပ်ဆိုတဲ့
ကဗျာဆရာ စောဝေကိုလည်း ဖမ်းဆီးခဲ့တာပါ။ သူကတော့ အခုဆိုရင် အင်းစိန်ထောင်
မှာ ထိန်းသိမ်းခံနေရပြီး အခုအချိန်အထိ မိသားစုက ထောင်ဝင်စာတွေ့ခွင့်၊ ထောင်ဝင်
စာပစ္စည်းတွေ ပေးပို့ခွင့်လည်း မရသေးဘူးလို့ ဇနီးသည်ဖြစ်သူ နန်းစမ်းစမ်းအေးက
ပြောပါတယ်။
“ဘာမှမသိပါဘူး၊ ဘာမှလည်း မကြားပါဘူး။ ဘာသတင်းမှကို မသိပါဘူး။ မသိရတော့
ခက်နေတယ်။ အာဏာပိုင်တွေက ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က သွားပို့ပါဆိုလို့ သွားပို့တော့
လည်း ပို့လို့မရပါဘူး။ ဘာပုဒ်မမှလည်း မတပ်သေးဘူးလို့ ကြားတာပဲ”
ကဗျာဆရာစောဝေ ရေးသားတဲ့ ဖေဖော်ဝါရီ ၁၄ အမည်ရတဲ့ ကဗျာကို ဖော်ပြခဲ့တဲ့
အချစ်ဂျာနယ်က တာဝန်ရှိသူတွေကိုလည်း စာပေစိစစ်ရေးက ခေါ်ယူစစ်ဆေးမှုတွေ
ရှိခဲ့သလို ကဗျာဖော်ပြခဲ့တဲ့နောက် ဂျာနယ်ထွက်မလာတာ အခုဆိုရင် ၂ ပတ် ရှိသွား
ပါပြီ။
ပုံမှန် တနင်္လာနေ့မှာထုတ်ဝေတဲ့ အချစ်ဂျာနယ်ကို အာဏာပိုင်တွေက အပြစ်ပေးတဲ့
အနေနဲ့ ပိတ်ပင်လိုက်တာလား၊ ဒါဟာ ယာယီသဘောလားဆိုတာ သိနိုင်ဖို့ တာဝန်ခံ
အယ်ဒီတာ ဦးမြတ်ခိုင်ကို ဒီကနေ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အာဏာပိုင်တွေဘက်
က တစုံတရာ ပြောတာဆိုတာ မရှိတဲ့အတွက် သူ့အနေနဲ့ ဘာမှမပြောနိုင်သေးဘူးလို့
သာ ဖြေကြားခဲ့ပါတယ်။
အခုလို အင်တာနက်ဘလော့ဂါတဦးနဲ့ ကဗျာဆရာတဦးတို့ကို ဖမ်းဆီးတဲ့ကိစ္စတွေ ပေါ်ထွက်လာတဲ့နောက် သတင်းလွတ်လပ်ခွင့် စောင့်ကြည့်လေ့လာနေတဲ့ နယ်စည်း
မခြား သတင်းသမားများအဖွဲ့၊ မြန်မာသတင်းသမဂ္ဂတို့ကလည်း ဝေဖန်ပြောဆိုမှုတွေ
ရှိနေပါတယ်။