သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အထိန်းသိမ်းခံ တက္ကသိုလ်ကျောင်းသားတွေ စာမေးပွဲဖြေဆိုခွင့်မရလို့ မြန်မာ့လူ့အခွင့်အရေးကော်မတီကို တိုင်ကြား


ပြီးခဲ့တဲ့နှစ် စက်တင်ဘာလှုပ်ရှားမှုတုန်းက ဖမ်းဆီးထိန်းသိမ်းခံရတဲ့ အသက် ၁၈ နှစ်
အောက် တက္ကသိုလ်ကျောင်းသားတွေ ထောင်ထဲကနေ စာမေးပွဲဖြေခွင့်ရဖို့ မိဘတွေ
က သက်ဆိုင်ရာကို စာပို့အကြောင်းကြားပေမယ့် အခု စာမေးပွဲတွေသာ ပြီးသွားတယ်၊
သူတို့အားလုံး စာမေးပွဲဖြေဆိုခွင့်မရဘူးလို့ သိရပါတယ်။ ဒါဟာ သူတို့အတွက် ကလေး သူငယ်အခွင့်အရေး၊ ပညာရေးအခွင့်အရေးတွေ ဆုံးရှုံးနေတာပဲလို့ မိဘတွေက ယူဆ
နေပါတယ်။ အကြောင်းစုံကို ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

တကယ်ကတော့ မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတကာ ကလေးသူငယ် အခွင့်အရေးမှာရော မြန်မာနိုင်ငံကကို ပြဋ္ဌာန်းထားတဲ့ ၉၃ ကလေးသူငယ်ဥပဒေမှာပါ
အသက် ၁၈ နှစ်အောက် ကလေးသူငယ်တွေရဲ့ ပညာရေးဆိုင်ရာအခွင့်အရေးကို အကာအကွယ်ပေးဖို့ဆိုပြီး ပါရှိပါတယ်။ အခုဆိုလည်း စက်တင်ဘာလှုပ်ရှားမှုမှာ ဖမ်းခံ
ခဲ့ရတဲ့ အနောက်ပိုင်းတက္ကသိုလ် ပထမနှစ်ကျောင်းသား ရဲမြတ်ဟိန်းဟာ အသက်
၁၇ နှစ်ပဲရှိပါတယ်။ ဒါကြောင့်လည်း ဒီကလေးတွေဟာ ဥပဒေအရ ခံစားခွင့်ရှိသင့်
တယ်လို့ ဦးခင်မောင်ချိုက ပြောပါတယ်။

“အပြစ်ဒဏ်စီရင် ရင်တောင်မှ အကျင့်စာရိတ္တကို ပြုပြင်တဲ့အနေနဲ့ ဦးစားပေးပြီး စီရင်
ရမယ်လို့ ပြောပါတယ်။ နောက်တခါ မြန်မာနိုင်ငံက လိုက်နာပါ့မယ်လို့ သဘောတူ လက်မှတ်ရေးထိုးထားတဲ့ထဲမှာလည်း ဒီ တရားစီရင်ချက် မချမချင်းကို သူ့ကို အပြစ်ရှိ
တယ်လို့ မမှတ်ယူရဘူးလို့ နိုင်ငံသားနဲ့ နိုင်ငံရေး အခွင့်အရေးဆိုင်ရာ သဘောတူ
စာချုပ်မှာလည်း ဖော်ပြထားပါတယ်။

“နောက်တခါ ၉၃ ခုနှစ်က ကလေးသူငယ်ဥပဒေမှာဆိုရင်လည်း ကလေးတွေ ပညာ သင်ကြားဖို့အတွက် အခွင့်အလမ်းကို ဆောင်ရွက်ပေးရမယ်လို့ အတိအလင်း ဖော်ပြ
ထားတာလည်း ရှိပါတယ်။ သူတို့မှာ နိုင်ငံသားတယောက်ရဲ့ အခွင့်အရေးကို ခံစားပိုင်
ခွင့်ရှိတယ်လို့ ကျနော် မိဘတဦးအနေနဲ့ လေးလေးနက်နက်ကို ယုံကြည်ပါတယ်”

မိဘတွေအနေနဲ့ သက်ဆိုင်ရာကို တင်ပြတောင်းဆိုတာတွေအပေါ်မှာ သက်ဆိုင်ရာက တုံ့ပြန်ကိုင်တွယ်ခဲ့တာ မရှိဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် အထိန်းသိမ်းခံရတဲ့ ကျောင်း
သားတွေအနေနဲ့လည်း အခုလို ဥပဒေအရ ခံစားခွင့်ရှိတာတွေ ဆုံးရှုံးရတဲ့အတွက်
လည်း စိတ်မကောင်းဖြစ်ရတယ်လို့ ဦးခင်မောင်ချိုက ပြောပါတယ်။

“ကလေးတွေရဲ့ လူ့အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေး၊ တရားဥပဒေအရ အခွင့်
အရေး၊ တန်းတူရည်တူ ပညာသင်ကြားခွင့်ဆိုတဲ့ အခွင့်အရေး ဆုံးရှုံးနစ်နာသွားတာကို
တော့ ကျနော် မိဘတဦးအနေနဲ့ရော နိုင်ငံသားတယောက်အနေနဲ့ရော အလွန်
ဝမ်းနည်းပါတယ်။ ဒါကြောင့်မို့ ကျနော် မိဘတဦးအနေနဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး
ကော်မတီကို မေတ္တာရပ်လိုပါတယ်။ ကျနော့်သားအပါအဝင် စာမေးပွဲဖြေဆိုခွင့်တင်
ထားတဲ့ သုံးဦးရဲ့ နောက်ဆက်တွဲစာမေးပွဲဖြေဆိုခွင့်ကို ရရှိရေးအတွက် မြန်မာနိုင်ငံ
လူ့အခွင့်အရေးကော်မတီအနေနဲ့ ကူညီဆောင်ရွက်ပေးပါလို့ ကျနော် မေတ္တာရပ်ခံ
လိုပါတယ်။

“ကျနော်တို့စာတင်တုန်းကလည်း မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မတီကို မိတ္တူ ပေးပို့ထားခဲ့ပါတယ်။ မိတ္တူပေးထားတဲ့အထဲမှာ ပြည်ထဲရေးဝန်ကြီးဌာနလည်း ကျနော်
ပေးပါတယ်။ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မတီလည်း ပေးခဲ့ပါတယ်။ ပညာရေး
ဝန်ကြီးလည်း ပေးခဲ့ပါတယ်။ သက်ဆိုင်ရာ ပါမောက္ခချုပ်ကိုလည်း ပေးခဲ့ပါတယ်။
ဒါပေမယ့် ဘယ်ဌာနတခုကမှ ကျနော်တို့ မိဘများဆီရော ကျောင်းသားဆီကိုရော
တရားဝင် အကြောင်းပြန်ကြားချက် တစုံတရာ အခုအချိန်အထိ မရရှိပါဘူး”

သက်ဆိုင်ရာဝန်ကြီးဌာနတွေ တာဝန်ရှိတဲ့လူတွေဆီကိုရော တိုက်ရိုက်ရောက်ပါ့မလား၊
စာက။
“တိုက်ရိုက်ရောက်မှာပါ၊ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က ပေးတဲ့နေရာမှာ ရုံးလုပ်
ထုံး လုပ်နည်းအရ နာမည်တပ်ပြီးတော့မှ ကျနော်တို့က Register နဲ့ ကျနော်တို့ရဲ့
နာမည်၊ မှတ်ပုံတင်နံပါတ်၊ နေရပ်လိပ်စာအပြည့်အစုံနဲ့ ပေးခဲ့တာပါ။ လူပုဂ္ဂိုလ်နာမည်
တပ်ပြီးတော့ သူ့ရာထူးအဆင့်ကို ဖော်ပြလိုက်ရင် သူ့ရဲ့ ပီအေကလွဲလို့ သို့မဟုတ်
သူတာဝန်ပေးထားတဲ့လူကလွဲလို့ ဒီစာကို ဖောက်ဖတ်ပိုင်ခွင့် မရှိပါဘူး။ ဒါ ရုံးလုပ်ထုံး
လုပ်နည်းအရပါ”

အထိန်းသိမ်းခံထားရတဲ့ အနောက်ပိုင်းတက္ကသိုလ် ပထမနှစ်ကျောင်းသား ရဲမြတ်ဟိန်း
ရဲ့ဖခင် ဦးခင်မောင်ချို ပြောခဲ့တာပါ။ မြန်မာနိုင်ငံဟာ ကုလသမဂ္ဂရဲ့ ကလေးသူငယ် အခွင့်အရေးစာချုပ်ကို ၁၉၉၁ ခုနှစ်ကတည်းက လက်မှတ်ရေးထိုးပြီး ဒီနောက်လည်း
မြန်မာနိုင်ငံမှာ ၁၉၉၃ ခုနှစ် ကလေးသူငယ်ဥပဒေဆိုပြီး ပြဋ္ဌာန်းခဲ့ပါတယ်။

ကလေးသူငယ်အခွင့်အရေး စာချုပ်အရဆိုရင်တော့ အသက် ၁၈ နှစ်အထိ အကျုံးဝင်
ပြီး ဒီအထဲမှာ လွတ်လပ်စွာဆန္ဒဖော်ထုတ်ခွင့်၊ လွတ်လပ်စွာစုဝေးခွင့်အပြင် အခြား
ပညာရေးနဲ့ လူမှုရေးဆိုင်ရာ အခွင့်အရေးတွေကိုပါ ထည့်သွင်းထားတာပါ။ ဒါကြောင့်
လည်း ၂၀၀၃ ခုနှစ် ဒီပဲယင်းအရေးအခင်းဖြစ်တုန်းကဆိုရင် ချမ်းသာကျော်ဆိုတဲ့
မုံရွာက ကလေးငယ်တဦးကို အာဏာပိုင်တွေက ဒီအရေးအခင်းနဲ့ဆက်နွယ်ပြီး ဖမ်းဆီးထောင်ချခဲ့ပေမယ့် နောက်ပိုင်း ကုလသမဂ္ဂ ကလေးသူငယ်အခွင့်အရေး
စာချုပ်အရ ပြန်လွှတ်ပေးရတဲ့ သာဓကတွေလည်း ရှိခဲ့ပါတယ်။ ဒါကြောင့်လည်းပဲ အခု
ဒီ ရဲမြတ်ဟိန်းအပါအဝင် ထိန်းသိမ်းခံရတဲ့ ကျောင်းသားတွေရဲ့ ပညာရေးအခွင့်အရေး
အတွက် မြန်မာအစိုးရက ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မတီအနေ
နဲ့ အလေးအနက် ပြန်စဉ်းစားပေးသင့်တယ်လို့ ဦးခင်မောင်ချိုက တိုက်တွန်းပြောခဲ့
တာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG