သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လောင်စာဆီဈေး ကျပေမယ့် ကုန်ဈေးနှုန်းဒဏ် မြန်မာလူထု ခံနေရဆဲ


မြန်မာနိုင်ငံတွင်းက အဓိက ပို့ကုန်တွေဖြစ်တဲ့ စားသုံးဆီနဲ့ ပဲလုပ်ငန်းတွေ ရဲ့ ဈေးကွက် အတော်လေး ကျဆင်းသွားတဲ့ အတွက် အခုလို စိုက်ပျိုးရာသီမှာ ကောက်ပဲသီးနှံသမားတွေ အခက်တွေ့နေကြရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လောင်စာဆီ ဈေးတွေလည်း ကျဆင်းနေပေမယ့် တကယ့်လက်တွေ့ အခြေခံလူတန်းစားတွေရဲ့ စားသုံးကုန် ကုန်ဈေးနှုန်းတွေကတော့ ကျဆင်းသွားတာ မရှိပါဘူး။ အပြည့်စုံကို မသင်းသီရိက တင်ပြထားပါတယ်။

ပြည်ပပို့နေတဲ့ ဆီဈေးကွက်ဟာ မရှိသလောက် ဖြစ်နေသလို ပြည်တွင်းစားသုံးတဲ့ ဆီဈေးတွေလည်း ကျဆင်းနေတာမိုလို့ ဆီ အရောင်းအဝယ် လုပ်ကြတဲ့ လက်လီလက်ကား သမားတွေဟာ ဈေးကွက်ပျက်နေတယ်လို့ ရန်ကုန်စီးပွားရေး လုပ်ငန်းရှင်တဦးက အခုလို ပြောပြပါတယ်။

“စားဆီ ဈေးကွက်ကတော့ ၃,၀၀၀ လောက်ကနေ အခုဆိုရင် ၁,၈၀၀ လောက် ဖြစ်သွားပြီ။ စားဆီကတော့ တော်တော် ကျတယ်လို့ ပြောလို့ရတယ်လေ။ တစ်ပိဿာ ကို။ ၃,၀၀၀ ကျော်ကနေပြီးတော့ အခုလက်ရှိကတော့ ၁,၈၀၀၊ ၁,၉၀၀ လောက်ရှိတယ်။ အဲဒါက စားအုန်းဆီ ပါ။ ဒါပေမယ် အခြေခံ လူတန်းစားတွေ သုံးတဲ့ ကုန်ဈေးနှုန်း တော်တော်များများ ကတော့ မကျသေးဘဲနဲ့ မှေးပြီး ခံနေရတာ ရှိတယ်ဗျ။”

ဒါ့အပြင် ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကပဲ ပဲကုန်သည်ကြီးတွေကြားမှာ ပြဿနာ ဖြစ်ခဲ့ပါတယ်။ အဓိက ရောင်းဝယ်လုပ်ကြတဲ့ ပဲကုန်သည်ကြီးတွေမှာ ငွေကျန်တာတွေ၊ ငွေလိမ်လည်မှုတွေ တချို့ ဖြစ်တာမို့ ပဲကုန်သည်ကြီးတွေ ထွက်ပြေးရတဲ့အထိ ပြဿနာတွေ ကြုံခဲ့ရပါတယ်။ ဒါကြောင့်မိုလို့ ပဲဈေးကွက် အကြီးအကျယ် ပျက်နေသလို ကမ္ဘာ့စီးပွားရေး ကျဆင်းမှု တွေကြောင့် နိုင်ငံခြား ပဲပို့တဲ့လုပ်ငန်းတွေ ကျဆင်းနေတဲ့အချိန်မှာပဲ အခုလို ပြည်တွင်းက ပဲကုန်သည်ကြီးတွေရဲ့ ပြဿနာကြောင့် ပဲလုပ်ငန်းလုပ်ကြတဲ့ လူတွေမှာ အတော်လေး အခက်တွေ့နေတယ်လို့ အဲဒီကုန်သည်က ဆက်ပြောပြပါတယ်။

“လောလောဆယ်တော့ ပဲကုန်သည်ကြီးများအသင်း အသစ်ဖွဲ့မယ်လို့ ကြားပါတယ်။ ရပ်တော့မရပ်ဘူးဗျ။ လောလောဆယ် အရောင်းအဝယ်တွေ၊ ဈေးနှုန်းတွေ နှေးသွားတာပဲဗျ။ ပဲမာတွေ ဖြစ်တဲ့ ဒီ ထောပတ်တို့၊ ကုလားပဲတို့လည်း တော်တော် သိသိသာသာ အရောင်းအဝယ်တွေ ဈေးနှုန်းတွေ ကျသွားတယ်လေ။”

အဲဒီအကျိုးဆက်ကတော့ တောင်သူတွေမှာ ပိုပြီး ဂယက်ရိုက်မှု ရှိတယ်လို့လည်း ဆိုပါတယ်။ အထူးသဖြင့် အခုလို ကောက်ပဲသီးနှံ စိုက်ပျိုးချိန်တွေမှာ ဝယ်လက် မရှိတဲ့သလောက် ဖြစ်နေတယ်လို့ ပြောပါတယ်။

“တောင်သူတွေကတော့ လောလောဆယ် ပြီးခဲ့တဲ့နှစ်ကလည်း အထိနာထားတော့ ကျနော် ထင်တယ်၊ ရွေးချယ်မယ်နဲ့ တူတယ်။ ရွေးချယ်ပြီးတော့ စိုက်ပျိုးမယ်နဲ့တူတယ်။ သူတို့ အဆင်ပြေတဲ့ သီးနှံကို ရွေးချယ်စိုက်ပျိုးလိမ့်မယ် ထင်တယ် ဒီနှစ်တော့။ ကျနော် ထင်တာကတော့ အမှန်တော့ ဒီလို export (ပို့ကုန်)လမ်းတွေဘာတွေလည်း အခုထက်ထိ ပွင့်သွားပြီးတော့ ဈေးနှုန်းတွေ ထင်သလောက် ရမယ်ဆိုရင်တော့ တောင်သူလည်း အဆင်ပြေလိမ့်မယ် ထင်တယ်။ ကုန်သည်လည်း အဆင်ပြေမယ်လေ။”

ဒါ့အပြင် တခြား နယ်ပယ်ပေါင်းစုံက ဈေးကွက်တွေလည်း အတော်လေး ကျဆင်းနေပါတယ်။ အီလက်ထရောနစ် ပစ္စည်းလုပ်ငန်းတွေ ကျဆင်းနေသလို တခြား စိမ်ခံပစ္စည်းတွေလည်း ဝယ်အားမရှိသလောက် ကြုံနေရတယ်လို့ ရန်ကုန် အီလက်ထရောနစ် ဈေးကွက်သမားတွေက ပြောပါတယ်။ နောက်တခါ လောင်စာဆီ ဈေးတွေလည်း အတော်လေး ကျဆင်းနေတယ်လို့ ပြောပါတယ်။ လောင်စာဆီ ဈေးတွေ ကျဆင်းနေပေမယ့် စားသုံးကုန် ဈေးကွက်တွေကတော့ ကျဆင်းသွားတာ မရှိဘူးလို့ အဲဒီစီးပွားရေး လုပ်ငန်းရှင်ကပဲ ဆက်ပြီးပြောပြပါတယ်။

“ဓါတ်ဆီ တစ်ဂါလံကို အစိုးရထုတ်ဈေး ၂,၅၀၀ ဖြစ်ပြီးတော့ ပြင်ပမှာ ရောင်းဝယ်ဖောက်ကားတာကတော့ ၂,၈၀၀ လောက်နဲ့ ရောင်းဝယ် ဖောက်ကားတာပါပဲ။ အရင်က ဓါတ်ဆီဈေးတွေက ၄,၀၀၀ လောက်ထိ ရောက်ခဲ့ဖူးတယ်လေ။ အခုဆိုရင် တစ်ဂါလံ ၂,၀၀၀ လောက်ဆို ရပြီ။ အစိုးရ ထုတ်ဈေးထက် ကျသွားပြီလေ။ တကယ်တမ်းဆိုရင်တော့ ဈေးကျတဲ့ကိစ္စက အများ ပျော်ရွှင်စရာ ကောင်းရမယ့်ကိစ္စပဲလေ။ ဒါပေမယ့် ဆီဈေးကျတယ်ဆိုရင် ခါတိုင်းဆို ကျနော်တို့က ဆီဈေးတက်လို့ရှိရင် လမ်းပမ်းဆက်သွယ်ရေး စားရိတ်ကြောင့် ဆိုပြီးတော့ အစစအရာရာ ဈေးတွေ တက်သွားတာလေ။ ဒါပေမယ့် အခုတော့ သိသိသာသာ လောင်စာဈေးတွေ ကျပေမယ့်လည်း အခြား ဈေးတွေက သိပ်ပြီး မကျသေးဘူး။ ဆီလိုဟာမျိုးတို့ နောက် ကားစီးရတဲ့ စားရိတ်တွေ ဆိုရင် မကျဘူးလေ။ ခါတိုင်း ၃၀၀ ပေးရတဲ့သူကလည်း ၃၀၀ ပဲ။ ခါတိုင်း လ္ဘက်ရည်တခွက် ၂၀၀ ကလည်း အခု ၂၀၀ ပဲလေ။ ဒီ လူလတ်တန်းစားတွေက သိသိသာသာ ကျမသွားဘူးခင်ဗျ။ အခြေခံလူတန်းစားကတော့ အလွန်ကြီး အကျိုးခံစားခွင့် မရလိုက်ဘူး။”

ဒါကတော့ ရန်ကုန်စီးပွားရေး လုပ်ငန်းရှင်တဦး ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG