သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာမှာပိတ်မိနေတဲ့ နိုင်ငံခြားသားတွေကို အစ္စရေး ထွက်ခွာခွင့်ပြု


ဂါဇာကမ်းမြှောင်ဒေသမှာ ပိတ်မိနေတဲ့ နိုင်ငံခြားသား နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူ ရာပေါင်းများစွာကို အစ္စရေးက ထွက်ခွာခွင့် ပြုလိုက်ပါတယ်။ ဂါဇာကမ်မြှောင်ဒေသမှာ ဟားမတ်စ်တွေကို အစ္စရေးက ထိုးစစ်ဆင်နေတာ ခုနှစ်ရက် ရှိသွားပြီ ဖြစ်ပြီး ပါလက်စတိုင်း ၄၂၀ နီးပါး သေဆုံးခဲ့သလို ၂,၀၀၀ လောက် ဒဏ်ရာရခဲ့ပါတယ်။ ဒီကနေ့ နိုင်ငံခြားသား ၄၀၀ လောက်ကို ထွက်ခွင့်ပေးလိုက်တဲ့အပြင် နယ်စပ်ဒေသတလျှောက် အစ္စရေးတပ်တွေ ထောင်နဲ့ချီပြီး ချထားတာမို့ မြေပြင်တိုက်ပွဲတွေ တိုးလာမယ်လို့ ခန့်မှန်းရပါတယ်။

အစ္စရေးတပ်တွေက ဒီကနေ့စပြီး အနောက်ဘက်ကမ်းကို ၄၈ နာရီကြာ ပိတ်ထားလိုက်ပါတယ်။ အရေးပေါ် ကိစ္စကလွဲလို့ သူတို့ သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်း နယ်မြေမှာ လှုပ်ရှားမှု တစုံတရာမလုပ်ဖို့ တားမြစ်ထားပါတယ်။ အနောက်ဘက် ကမ်းနဲ့ ဂျေယုဆလင်က - သောကြာနေ့ကျင်းပတဲ့ ဝတ်ပြုဆုတောင်းကြတဲ့ ပါလက်စတိုင်းတွေကို ဒီနေ့ ဒေါသနဲ့ တုံ့ပြန်ကြတဲ့ နေ့တနေ့အဖြစ် သတ်မှတ်ပြီး ဆန္ဒပြကြဖို့ ဟာမတ်စ်တွေက လှုံ့ဆော်ခဲ့ကြပါတယ်။ ဒီလို လှုံ့ဆော်ပြီးနောက်ပိုင်း အစ္စရေးဘက်က လုံခြုံရေးတပ်သား ထောင်နဲ့ချီ တပ်ဖြန့်ပြီး အသင့်အနေအထား နေရာယူခဲ့ကြပါတယ်။

ဟားမတ်စ် တွေ ထိန်းချုပ်တဲ့ ဂါဇာကမ်းမြှောင်ဒေသကို အစ္စရေးက အပြင်းအထန် တိုက်ခိုက်မှုတွေအတွက် ကမ္ဘာတလွှားမှာ လူထုဆန့်ကျင် ဆန္ဒပြပွဲတွေ ကျင်းပနေကြပါတယ်။ ပါလက်စတိုင်းတွေရဲ့ ရမ်မာလာမြို့ မှာ ဂါဇာကမ်းမြှောင်ဒေသက ပါလက်စတိုင်းတွေနဲ့ တသားတည်း ရှိတယ်ဆိုတာကို ပြသနေတဲ့ လူအုပ်ကြီးဟာ ဆိုင်းဘုတ်တွေ ဝှေ့ရမ်းပြီး ကြွေးကြော်သံတွေ အော်ဟစ် ဆန္ဒပြနေကြသလို အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်က အမေရိကန် သံရုံးရှေ့မှာလည်း သောင်းနဲ့ချီတဲ့ လူအုပ်က ဆန္ဒပြနေကြပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးမြို့မှာတော့ အာဖဂန်လူမျိုး ထောင်နဲ့ချီပြီး အစ္စရေးနဲ့ အမေရိကန် ဆန့်ကျင်ရေး ကြွေးကြော်သံတွေ အော်ဟစ်နေကြပါတယ်။ အစ္စရေးဘက်ကတော့ ဒီတိုက်ခိုက်မှုတွေဟာ ဟားမတ်စ် စစ်သွေးကြွတွေ သူတို့နိုင်ငံကို တိုက်ခိုက်နေတာတွေကို ရပ်တန့်အောင် ဖိအားပေးနေတာလို့ ပြောပါတယ်။ အစ္စရေးနဲ့ ဟားမတ်စ်အကြား တိုက်ခိုက်မှုတွေ အဆုံးသတ်ရေးအတွက် အရှေ့အလယ်ပိုင်းဒေသကို သံတမန်တွေ စေလွှတ်ပြီး အင်အားကြီးနိုင်ငံတွေက ကြိုးစားနေပါတယ်။

အီးယူ ဥရောပ သမဂ္ဂ အလှည့်ကျသဘာပတိဖြစ်တဲ့ ချက်ခ် ပြည်သူ့သမ္မတ နိုင်ငံကလည်း အစ္စရေး အနောက်ဘက်ကမ်း အီဂျစ်နဲ့ ဂျော်ဒန်နိုင်ငံတွေကို သံတမန်တွေ စေလွှတ်မှာဖြစ်ပြီး ပြင်သစ်သမ္မတနိုင်ငံ ကလည်း အစ္စရေးနဲ့ အနောက်ဘက် ကမ်းဒေသကို သွားရောက်ဖို့ ရှိပါတယ်။ ဒါ့အပြင် တူရကီ ဝန်ကြီးချုပ် အာဒိုဂမ် ကလည်း နှစ်ဖက် အမြန်ဆုံး အပြစ်အခတ် ရပ်စဲဖို့ တောင်းဆိုလိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG