သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဲန်စီဂျီယူဘီ စင်ပြိုင်အစိုးရအဖြစ် ဆက်ရှိနေအုံးမည်


မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေးအခြေအနေ လိုအပ်ချက်အရ ခိုင်မာကျယ်ပြန့်တဲ့ အမျိုးသားညီညွတ်ရေး အစိုးရတရပ် ဖွဲ့စည်းသွားမယ် ဆိုပြီး NCUB ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီက နှစ်သစ်ကူးနေ့မှာ ကြေညာထားပါတယ်။ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ ဒီမိုကရေစီရေးလှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့အတူ အစိုးရအသစ်တရပ် ဖွဲ့စည်းမယ်လို့ ကြေညာပေမယ့် လက်ရှိ ဖွဲ့စည်းပြီးသား စင်ပြိုင်အစိုးရဖြစ်တဲ့ NCGUB ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား ညွှန့်ပေါင်းအစိုးရ အဖွဲ့နဲ့တော့ တိတိကျကျ မဆွေးနွေးရသေးဘူးလို့ အဲန်စီယူဘီ ဘက်က ပြောပါတယ်။

လက်ရှိ ပြည်ပရောက် အစိုးရဖြစ်တဲ့ NCGUB ဝန်ကြီးချုပ်ဒေါက်တာစိန်ဝင်း ကတော့ သူတို့အနေနဲ့ လက်ရှိချမှတ်ထားတဲ့ မူတွေနဲ့ ဆက်ပြီးရပ်တည်သွားမယ်လို့ ဆိုပါတယ်။ စင်ပြိုင်အစိုးရတရပ် ဖွဲ့စည်းရေး NCBU ရဲ့ ကြေညာချက်ဟာ ရှင်းလင်းမှု မရှိဘူးလို့ ပြောဆိုပါတယ်။ ကိုဇော်ဝင်းလှိုင် ဆက်သွယ်မေးမြန်းတဲ့အခါ ဒေါက်တာစိန်ဝင်းက အခုလို စပြောပါတယ်။

“နောက်ထပ် စင်ပြိုင်အစိုးရပေါ်တာ မပေါ်တာ ကျနော်တို့လည်း သေချာ မသိသေးဘူး။ ဒါပေမယ့် အဲန်စီဂျီယူဘီမှာ ကိုယ်ပိုင်မူ ရှိတယ်။ နောက်ပြီးရင် နိုင်ငံရေးအကြီးအကျယ် ပြောင်းလဲမှု မရှိသေးရင် အတွင်းကနေပြီး CRPP တို့ အဲန်လ်ဒီတို့ရဲ့ ဦးဆောင်မှု ရှိနေသ၍ ဒီဦးဆောင်မှုနဲ့ မျှတအောင် ကျနော်တို့ လုပ်ကြရမှာပဲ။”

သူတို့ အခုလို ကြေညာချက် မထုတ်ပြန်ခင် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ အနေနဲ့ အဲန်စီဂျီယူဘီ အဖွဲ့ကို ကြိုတင် အကြောင်းကြားတာတွေ တိုင်ပင်တာတွေရှိပါသလား။ -

“ဒီကြေညာချက်နဲ့ ပတ်သက်ပြီး ဒီကြေညာချက်ဆိုတာက အခု နှစ်သစ်ကူး ကြေညာချက်နဲ့ ပတ်သက်ပြီး မရှိဘူး။ ဒါပေမယ့်လည်း အရင်ပိုင်းမှာ ဆွေးနွေးခဲ့တာတွေတော့ ရှိတယ်။ ဆွေးနွေးခဲ့တယ် ဆိုတာက တိုးချဲ့ရေးတို့ ဘာတို့ ဒီကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။ သို့သော်လည်း နှစ်သစ်ကူး ကြေညာချက်နဲ့ ပတ်သက်လို့တော့ ကျနော်တို့နဲ့ ဘာမှ ဆွေးနွေးထားတာ မရှိပါဘူး။”

အခုလို ဖြစ်လာတာက အဲန်စီဂျီယူဘီ ရဲ့ နိုင်ငံရေး ရည်မှန်းချက်တွေ ဘယ်အတိုင်းအတာအထိ အောင်မြင်မှု ဘယ်လောက်အထိ ရှိသလဲဆိုတဲ့အပေါ်မှာ အားမလိုအားမရ ဖြစ်ပြီး အခုလို ကြေညာချက် ထုတ်တာတို့ စဉ်ပြိုင်အစိုးရ ဖွဲ့မယ်ဆိုတာတို့ ဖြစ်လာတာလား။ -

“အတိအကျကတော့ သူတို့ကို မေးကြည့်မှပေါ့။ ကြေညာချက်ထုတ်တဲ့သူကို မေးပေါ့၊ ကျနော် ဆိုလိုတာကတော့ အားမလိုအားမရ ဆိုတာကတော့ ဖြစ်စမြဲပဲ။ ဒါ တော်လှန်ရေးတခု ရေရှည်လာပြီဆိုရင် အားမလိုအားမရ ဖြစ်ကြတာပဲ။ ကျနော်တို့ကတော့ အစိုးရဆိုတဲ့ နံမည်ခံတဲ့အတွက် အရာရာမှာ အစိုးရ တာဝန်ရှိတယ် ဆိုတဲ့ ယူဆချက်နဲ့ လူတွေက အစိုးရ ဘာလုပ်သင့်တယ်၊ ဘာမလုပ်သင့်ဘူး ဒီထက်ပိုဆိုးတာက ဒီလိုဖြစ်နေတာ အစိုးရကြောင့် အစိုးရ ညံ့လို့ဆိုပြီး ပြောကြတာပေါ့။ ဘာလို့လဲဆိုတော့ အစိုးရက ပေါ်လာတာကိုး၊ ဒါပေမယ့် ကျနော် ပြောချင်တာက အစိုးရ မပေါ်ခင်ကတည်းက အဖွဲ့အစည်းတွေ အများကြီးရှိတယ်၊ လုပ်နေတာတွေလည်း အများကြီး ရှိတယ်။ နိုင်ငံရေး တော်လှန်ရေး၊ ဒီအတိုင်းပဲ အခုအချိန်မှာလည်း အဖွဲ့အစည်းတွေ အများကြီး ရှိတယ်။ လုပ်နေတာတွေလည်း အများကြီးရှိတယ်။ ကျနော်တို့ အဖွဲ့တခုတည်း အစိုးရတခုတည်းက လုပ်နေတာတော့ မဟုတ်ဘူး။ အစိုးရ တရပ်တည်းကိုပဲ ပုံပြီးတော့ ပြောလို့တော့ မရဘူးနဲ့ တူတယ်။”

အခုလိုမျိုး သူတို့ကလည်း စင်ပြိုင် အစိုးရတရပ် ဖွဲ့စည်းမယ်လို့ ပြောလာတဲ့အခါကြတော့ စင်ပြိုင်အစိုးရ နှစ်ခု ဖြစ်မနေဘူးလား။ ဒီလို ဖြစ်လာရင်ကော အဲန်စီဂျီယူဘီ အနေနဲ့ ဘယ်လိုတုံ့ပြန်မလဲ၊ နောက်ထပ်ပေါ်လာတဲ့ စင်ပြိုင် အစိုးရအပေါ်မှာ။ -

“ဒါကတော့ ကျနော်တို့ ခုနပြောတဲ့အတိုင်း ကျနော်တို့က ၁၉၉၀ ရွေးကောက်ပွဲရလဒ်အပေါ်မှာ ရပ်တည်ထားတာကိုး။ ပြည်တွင်းမှာလည်း အဲန်အယ်လ်ဒီ လည်း ရှိသေးတယ်။ စီအာပီပီ လည်း ရှိသေးတယ်။ အဲန်အယ်လ်ဒီ ဆိုရင် ဒီ ရွေးကောက်ပွဲကို အနိုင်ရထားတဲ့ ပါတီ။ တကယ်တမ်းဆိုရင် သူက အစိုးရတရပ်ဖွဲ့စည်းပြီး လုပ်စရာရှိတွေကို ဆက်လုပ်ဖို့၊ ဒီအပေါ်မှာ ကျနော်တို့က အခြေခံတယ်။ အဲဒီ အခြေအနေတွေ မပြောင်းသ၍ ကျနော်တို့လည်း ပြောင်းမှာမဟုတ်ဘူး။ နောက်တခုက ကျနော်တို့ လုပ်ငန်းစဉ်အတိုင်း လုပ်တာပဲ။ သူများက အစိုးရတရပ်မကလို့၊ နှစ်ရပ်မကလို့ သုံးရပ်ပဲဖြစ်ပစေ ကျနော်တို့က ကိုယ်လုပ်မယ့်အလုပ်ကို ချမှတ်ထားတဲ့အတိုင်းလည်း နိုင်ငံတကာ ပြည်တွင်း ကျနော်တို့ လုပ်နေတာပဲ။”

အခု နောက်ထပ် အစိုးရတရပ် စင်ပြိုင် ပြည်ပမှာပေါ်လာမယ်ဆိုရင် နိုင်ငံတကာအမြင်မှာ ရှုပ်ထွေးမှုတွေ ဖြစ်မသွားနိုင်ဘူးလား။ -

“ရှုပ်ထွေးချက်တွေ ရှိပါတယ်။ ရှုပ်ထွေးတာတွေ ရှိပါတယ်။ အစိုးရတရပ်ကို ထောင်တယ် ဆိုတာကတော့ လွယ်ပါတယ်။ အထူးသဖြင့် ပြည်ပမှာ အစိုးရတရပ်ထောင်တယ် ဆိုတာ ကြေညာချက်ထုတ်ပြီး ထောင်လိုက်ရုံပဲ၊ ဒါပေမယ့် ဘယ်အမှုနဲ့ ရပ်တည်မလဲ၊ ဘယ်ပေါ်မှာ အခြေခံမလဲ၊ ဒါတွေကို ကြည့်ရမှာပေါ့၊ ဒါတွေကို ကြည့်ရမှာပေါ့။”

အခုလိုမျိုး ကြေညာချက်ထွက်လာတဲ့အပေါ်မှာ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွှန့်ပေါင်အစိုးရ အနေနဲ့ရော၊ အခုဆိုရင် ကြေညာချက် ထွက်လာတာ နှစ်ရက်ရှိပြီ၊ ဒီနေ့ပါနဲ့ဆို နှစ်ရက်ရှိပြီ၊ ဒီကိစ္စကို ဆွေးနွေးဖို့ ကမ်းလှမ်းပြီး စကားပြောဖို့ လုပ်တာတွေ ရှိပါသလား။ ဆွေးနွေးတာတွေ ရှိပါသလား၊ -

“ထွက်လာတဲ့ကြေညာချက်က မရှင်းဘူး၊ ကြိုးပမ်းမယ်လို့ပြောပေမယ့် ဘယ်လို ကြိုးပမ်းမယ် ဆိုတာလည်း မပါဘူး။ ဘယ်သူတွေနဲ့ ဖွဲ့မယ် ဆိုတာလည်း မပါဘူး။ တကယ်ပဲ ၂၀၀၉ ခုနှစ်ထဲမှာ ဖွဲ့မှာလား၊ ဒါတွေ ဘာမှမပါဘူး။ နောက်တခုက ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေ ကလည်း အစည်းအဝေးက မကြာခင် တွေ့ကြမယ်။ လွှတ်တော် ကိုယ်စားလှယ်တွေ ပြည်ပရောက်၊ MPU ပေါ့နော်။ Members of Parliament Union အဲဒီလို တွေ့ကြတဲ့အခါ ကျနော်တို့ အကြောင်းမျိုးစုံ တိုင်ပင်ပြီး ဆုံးဖြတ်ကြမှာပါ။”

ပြည်ပရောက်အစိုးရဖြစ်တဲ့ NCGUB ဝန်ကြီး ချုပ်ဒေါက်တာစိန်ဝင်း ပြောပြသွားတာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG