သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့အလယ်ပိုင်း ပဋိပက္ခ ဟားမတ်စ် ကို သမ္မတဘုရှ် အပြစ်တင်


အရှေ့အလယ်ပိုင်း ပဋိပက္ခနဲ့ပတ်သက်ပြီး အမေရိကန်သမ္မတ ဂျော့ ဘုရှ် (George Bush) က ပထမဆုံးအကြိမ် မိန့်ခွန်း ပြောကြားပါတယ်။ ဂါဇာကမ်းမြှောင်ဒေသ အပစ်အခတ်ရပ်စဲဖို့ လိုအပ်ချက်တွေကို သမ္မတဘုရှ် က သူ့ရဲ့ အပတ်စဉ် ရေဒီယို မိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြားသွားတာပါ။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် ပေါ်လာ ဝေါ့ဖ်ဆင်န် (Paula Wolfson) ဝါရှင်တန်ကနေ သတင်းပေးပို့ထားတာကို ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဟာ အဓိပ္ပါယ်ပြည့်ဝပြီး နှစ်ဖက်စလုံးက လေးစားလိုက်နာတဲ့ အပစ်အခတ် ရပ်စဲရေးမျိုး ဖြစ်သင့်တယ်လို့ သမ္မတဘုရှ် က ပြောပါတယ်။

အစ္စရေးကို ဒုံးကျည်နဲ့ တိုက်ခိုက်တဲ့ပုံအဆင့် ရောက်လာခဲ့တဲ့ အရင် အပစ်အခတ်ရပ်စဲရေးမျိုးကို လက်မခံသင့်ဘူး။ ဟားမတ်စ် အဖွဲ့ရဲ့ နှုတ်ကတိတွေနဲ့တင် မလုံလောကဘဲ ဂါဇာမှာရှိတဲ့ အကြမ်းဖက်သမားတွေထံကို တရားမဝင် လက်နက်တွေ ဝင်လာနေတာကို ဟန့်တားမယ့် နည်းလမ်းတခု ထားရှိဖို့ လိုအပ်တယ်လို့ သမ္မတ ဘုရှ် က ပြောပါတယ်။

သူ့ရဲ့ အပတ်စဉ် ရေဒီယိုမိန့်ခွန်းကို တရက်စော ပြောကြားပြီး အခု ဂါဇာကမ်းမြှောင်ဒေသမှာ ဖြစ်နေတဲ့ အကြမ်းဖက်မှုတွေကို ဟားမတ်စ် အဖွဲ့က စတင်ခဲ့တဲ့အကြောင်း သမ္မတ ဘုရှ် က ထပ်လောင်း ပြောကြားပါတယ်။

“အခု အကြမ်းဖက်မှုတွေကို ဟားမတ်စ်အဖွဲ့က စတင်ခဲ့တာဖြစ်ပြီး အစ္စရေးနိုင်ငံ ပျက်ဆီးရေးကိုလိုလားတဲ့ ပါလက်စတိုင်း အကြမ်းဖက်အဖွဲ့တွေကို အီရန်နဲ့ ဆီးရီးယား နိုင်ငံတို့က ထောက်ပံ့ပေးနေတာ ဖြစ်တယ်။”

ဟားမတ်စ် စစ်သွေးကြွအဖွဲ့ဟာ ဂါဇာကမ်းမြှောင်ဒေသကို အာဏာသိမ်းပိုက် ရယူထားတာဖြစ်ပြီး အီဂျစ်နိုင်ငံက ကြားဝင် စေ့စပ်ပေးခဲ့တဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို အကြိမ်ကြိမ် ချိုးဖောက်ပြီး ဒုံးကျည်တွေနဲ့ အစ္စရေး ပိုင်နက်ထဲကို ပစ်ခတ်ခဲ့တယ်လို့ သမ္မတ ဘုရှ် က ပြောပါတယ်။

အစ္စရေးနဲ့ ချုပ်ဆိုထားတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ဒီဇင်ဘာလ ၁၉ ရက်နေ့က ဟားမတ်စ် အဖွဲ့က ဖျက်သိမ်းလိုက်ပြီး အစ္စရေး နိုင်ငံထဲကို ဒုံးကျည်တွေနဲ့ စတင်ပစ်ခတ်ခဲ့တဲ့ လုပ်ရပ်ကို ပါလက်စတိုင်း လူထုက ရွေးကောက် တင်မြောက်ထားတဲ့ သမ္မတ မာမွတ် အာဘတ်စ် (Mahmound Abbas) ကိုယ်တိုင်က ဆန့်ကျင် ကန့်ကွက်ထားတယ် လို့လည်း သမ္မတဘုရှ်က ပြောပါတယ်။

အကြမ်းဖက်မှုတွေ ချုပ်ငြိမ်းရေးအတွက် အမေရိကန်ပြည်ထောင်စုအနေနဲ့ ကြိုးစားလုပ်ဆောင်သွားမယ့်အကြောင်း သမ္မတဘုရှ် က အလေးထား ပြောကြားသလိုပဲ ပါလက်စတိုင်း သမ္မတ မာမွတ် အာဘတ်စ်၊ အစ္စရေးဝန်ကြီးချုပ် အီဟွတ် အိုမာ့တ် (Ehud Olmert) အပါအဝင် အီဂျစ်၊ ဂျော်ဒန်နဲ့ ဆော်ဒီအာရေးဗီးယား နိုင်ငံတို့က ခေါင်းဆောင်တွေနဲ့ ပြောဆို ဆွေးခဲ့တဲ့အကြောင်း သမ္မတဘုရှ် က ပြောပါတယ်။

ဒီတိုက်ခိုက်မှုတွေကြောင့် ဂါဇာကမ်းမြှောင်ဒေသမှာ ကြုံတွေ့နေရတဲ့ လူသားဒုက္ခဟာ အားလုံးအတွက် စိုးရိမ်သောက ရောက်စရာကိစ္စ ဖြစ်တယ်လို့ မစ္စတာ ဘုရှ် က ပြောပေမယ့် အစ္စရေးဘက်က အပစ်အခတ် ရပ်စဲဖို့ကိုတော့ သူ့ရဲ့ မိန့်ခွန်းထဲမှာ တောင်းဆိုခဲ့ခြင်း မရှိပါဘူး။

ဂါဇာကမ်းမြှောင်ဒေသက အခြေနေတွေ ပြေလည်စေဖို့ ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ အချိန်ပြည့် ပြောဆို ဆွေးနွေးနေတဲ့ နိုင်ငံခြားရေး ဝန်ကြီး ကွန်ဒိုလီဇာ ရိုက်စ် (Condoleezza Rice) နဲ့ သောကြာနေ့ မနက်တုန်းက သမ္မတဘုရှ် ဆွေးနွေး တိုင်ပင်ခဲ့ပေမယ့် နိုင်ငံခြားရေးဝန်ကြီး အနေနဲ့ လောလောဆယ် အရှေ့အလယ်ပိုင်းဒေသကို သွားရောက်ဖို့ အစီအစဉ်တော့ မရှိသေးပါဘူး။

လက်ရှိ အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ နောက်ဆုံးအခြေနေတွေကို ရွေးကောက်ခံ သမ္မတ အိုဘားမား ကိုလည်း တင်ပြ အစီရင်ခံနေတဲ့အကြောင်း သမ္မတ ဘုရှ်က ပြောပါတယ်။

“ရွေးကောက်ခံသမ္မတနဲ့ သူ့ရဲ့အဖွဲ့ကို ကျနော့် အစိုးရက အစီရင်ခံ တင်ပြနေမှာပါ။ အရှေ့အလယ်ပိုင်း ဒေသအပေါ်ထားတဲ့ အမေရိကန်ရဲ့ ရည်မှန်းချက်ဟာ ရှင်းပါတယ် - ကျနော်တို့ရဲ့ မဟာမိတ် အစ္စရေးနိုင်ငံ လုံခြုံရေး ငြိမ်းချမ်းရေး ရရှိဖို့ ကျနော်တို့ လုပ်ဆောင်သွားမယ်၊ ပါလက်စတိုင်း လူထုနဲ့ အိမ်နီးချင်း ဒေသတွေကို လေးစားပြီး ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ နည်းကျတဲ့ ပါလက်စတိုင်းဒေသ ဖြစ်ပေါ်လာရေးကို ကျနော်တို့ လိုလားပါတယ်။”

ဒီအတောအတွင်း ဂါဇာကမ်းမြှောင်ဒေသကို အစ္စရေးက ဆက်လက် ထိုးစစ်ဆင်နေသလိုပဲ ဟားမတ်စ် အဖွဲ့ကလည်း ဒီတိုက်ခိုက်မှုတွေအပေါ် ပြန်လည် လက်စားချေမယ်လို့ ပြောဆိုထားပါတယ်။

အစ္စရေးရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကြောင့် ပါလက်စတိုင်း လူမျိုး ၄၂၀ ကျော် သေဆုံးခဲ့ပြီး ၂,၀၀၀ ကျော် ထိခိုက် ဒဏ်ရာရခဲ့ပြီး ဖြစ်ပါတယ်။ ဟားမတ်စ် ဘက်က ဒုံးကျည်တွေနဲ့ ပစ်ခတ် တိုက်ခိုက်မှုတွေကြောင့် အစ္စရေး အရပ်သား ၄ ယောက် သေဆုံးခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG