အဂတိလိုက်စားမှု နဲ့ မဲ လိမ်မှုတွေများလွန်းတဲ့ ဘင်္ဂလာဒေ့ရှ် (Bangladesh) မှာ ဒေသခံ နှစ်သိန်း နဲ့ လေ့လာသူနိုင်ငံခြားသား ၂၅၀၀ က တနင်္လာနေ့က ကျင်းပတဲ့ ရွေးကောက်ပွဲမှာ ကူညီကြပါတယ်။ စစ်သား ငါးသောင်း နဲ့ ရဲသား ခြောက်သိန်းကလည်း လုံခြုံရေးတာဝန်ယူကြပါတယ်။ မဲဆန္ဒရှင်စာရင်း နာမည်အတု (၁၁) သန်းကျော်ကို ပယ်ဖျက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲကို မရိုးသားဘူးလို့ အရေးနှိမ့်သွားတဲ့ Khalida Zia ပြောတာမို့ ကန့်ကွက်ဆန္ဒပြ သပိတ်မှောက်ဦးမလားလို့ စိုးရိမ်နေရပါတယ်။
ရွေးကောက်ပွဲကျင်းပပြီး အနိုင်ရတဲ့ပါတီကို အစိုးရဖွဲ့ခွင့်မပေးတာဟာ ဗမာစစ်အစိုးရရဲ့ လုပ်ရပ်အဖြစ် လူသိများပါတယ်။ ဒါပေမယ့် မြန်မာ့အိမ်နီးချင်းတွေဖြစ်တဲ့ ဘင်္ဂလာဒေ့ရှ်နိုင်ငံ နဲ့ ထိုင်းနိုင်ငံမှာလည်း ရွေးကောက်ပွဲနိုင်သူကို ရှုံးသူက ကြိုဆိုလက်ခံဖို့ အခက်အခဲရှိတာတွေ့ရပါတယ်။ အသစ်ဖွဲ့တဲ့ အစိုးရကို 'ကပျက်ယပျက်' လုပ်တတ်ပါတယ်။ ဒီ အရေးအကြောင်းအရာနဲ့ ပတ်သက်လို့ မကြာသေးခင်က ကျင်းပခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရွေးကောက်ပွဲကို ဥပမာပေးပြီး မျက်မှောက်ရေးရာ ဆောင်ပါးရှင် ဦးအောင်ခင် နဲ့ မညိုညိုလွင် (ဗွီအိုအေ မြန်မာသတင်းဌာန) တို့က သုံးသပ်ဆွေးနွေး တင်ပြထားပါတယ်။