သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးလ်မြေပြင်တပ်တွေ ဂါဇာကို ဝင်တိုက်ပြီ


ဂါဇာကမ်းမြှောင်မှာ ဟားမတ်စ်တွေ ထိန်းချုပ်ထားတဲ့နေရာတွေကို အစ္စရေးလ် က တစ်ပတ်အကြာ အပြင်းအထန် တိုက်ခိုက်ဖျက်ဆီးပြီးတဲ့နောက် မနေ့ညကတော့ ဂါဇာက ဟားမတ်စ်တွေရဲ့ နေရာတွေကို အစ္စရေးလ်တွေက တိုက်ခိုက်သိမ်းပိုက်ဖို့ ရည်ရွယ်ပြီး အစ္စရေးလ်တပ်တွေ ဂါဇာကမ်းမြှောင်ကို ဝင်ရောက်နေပြီလို့ အစ္စရေးစစ်တပ်က ကြေညာပါတယ်။

ဟားမတ်စ်တွေရဲ့ ခြေကုပ်စခန်းတွေကို ဒုတိယတဆင့် စစ်ဆင်ရေး ဆင်နွှဲတဲ့အနေနဲ့ မြေပြင်တပ်တွေနဲ့ ဝင်ရောက် တိုက်ခိုက်မှုကို စတင်လိုက်တာ ဖြစ်တယ်လို့ အစ္စရေးလ် ပြောခွင့်ရအမျိုးသမီး ဗိုလ်မှူး အဗီတယ်လ် လစ်ဗိုဗစ်ချ် က ဆိုပါတယ်။ အစ္စရေးလ် အရပ်သားတွေဆီကို ထောင်ပေါင်းများစွာ ပစ်ခတ်ခဲ့တဲ့ ဒုံးကျည် ပစ်လွှတ်ရာ ဟားမတ်စ် ခြေကုပ်စခန်းတွေကို သိမ်းပိုက်ရေးဟာ ဒီ စစ်ဆင်ရေးရဲ့ ရည်မှန်းချက် ဖြစ်တယ်လို့ ဗိုလ်မှူး အဗီတယ်လ် လစ်ဗိုဗစ်ချ် က ဆိုပါတယ်။

မြေပြင်တပ်တွေရဲ့ ထိုးစစ်မစတင်ခင် ၈ ရက်အကြာ ဂါဇာကို တိုက်ခိုက်မှုအတွင်း ပထမဆုံးအကြိမ်အဖြစ် အစ္စရေးလ် က အမြှောက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဂါဇာနဲ့ အစ္စရေးလ်တို့ရဲ့ အရှေ့ဘက်နဲ့ မြောက်ဘက် နယ်စပ်တွေကနေ အစ္စရေးလ် တင့်ကားတွေက ဟားမတ်စ်ပစ်မှတ်တွေကို အဆက်မပြတ် ပစ်ခတ်ခဲ့ပါတယ်။

ဟားမတ်စ်တွေ ထိန်းချုပ်ထားတဲ့ ဘိတ် လာဟီရာ မြို့တဝိုက် အစ္စရေးလ် တင့်ကားတွေ အမြှောက်တပ်ဆင်ထားတဲ့ ရဟတ်ယာဉ်တွေ၊ မြေပြင်တပ်တွေ မနေ့ညက အမှောင်ထုအောက်မှာ ဝင်ရောက်လာပြီး ဂါဇာကို မြေပြင်မှာ စတင်တိုက်ခိုက်ခဲ့တာပါ။

ဒီစစ်ဆင်ရေးဟာ ကာလ တိုမှာမဟုတ်သလို လွယ်လွယ်နဲ့လည်း အဆုံးသတ်မှာ မဟုတ်ဘူးလို့ အစ္စရေးလ် ကာကွယ်ရေးဝန် ကြီး အီဟွတ် ဘားရက် က မနေ့က ရုပ်သံလွှင့်ပြောကြားခဲ့ပါတယ်။ ပါလက်စတိုင်း အရပ်သားတွေ ချက်ချင်းထွက်ခွာ သွားကြဖို့ အစ္စရေးလ် တပ်မှူးတွေရဲ့ သတိပေးတဲ့စာတွေကို မနေ့ကမနက်မှာ ဂါဇာရဲ့ မြောက်ဘက်မှာ လေယာဉ်နဲ့ ကျဲချခဲ့ပြီးမှ အစ္စရေးလ် စစ်တပ်က ဝင်ရောက် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG