သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အထိန်းသိမ်းခံ ဒီမိုကရေစီ ခေါင်းဆောင် ခြံဝင်းအတွင်း လွတ်လပ်ရေးနေ့ သီချင်းသံများ ကြားနေရ


ဒီနေ့ဟာ ပြည်ထောင်စု မြန်မာနိုင်ငံတော်ရယ်လို့ အချုပ်အချာ လွပ်လပ်တဲ့ တိုင်းပြည်ဖြစ်လာတာ ၆၁နှစ်မြောက် ရှိသွားခဲ့ပါပြီ။ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွေကို အစိုးရ ရုံးစိုက်ရာ နေပြည်တော်မှာ နိုင်ငံတော် အခမ်းအနားနဲ့ ကျင်းပသွားသလိုပဲ ဒီမိုကရေစီ လှုပ်ရှားသူတွေကလည်း လွတ်လပ်ရေး အခမ်းအနားတွေကို ကျင်းပ ခဲ့ပါတယ်။ ဒီနေ့ မြန်မာ့ နိုင်ငံရေး အခြေအနေပေါ်မှာ ကိုလိုနီနယ်ချဲ့ လက်သစ်တွေက ပြည်တွင်းရေး စွပ်ဖက်နေ တယ်လို့ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ကြေညာချက်မှာ ဖော်ပြနေချိန် အတိုက်အခံ ဒီမိုကရေစီရေး လှုပ်ရှားသူတွေကလည်း အမျိုးသား ရင်ကြားစေ့ရေး လုပ်ဆောင်ဖို့ စစ်အစိုးရကို တိုက်တွန်းသွားပါတယ်။ အမျိုးသား ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်ခြံဝင်းအတွင်းကနေ လွတ်လပ်ရေး သီချင်းသံတွေကို လွှင့်ပျံ့နေပါတယ်။ အကြောင်းစုံကို မအေးအေးမာက ရန်ကုန်က အတိုက်အခံ လှုပ်ရှားမှုတွေအကြောင်းကို တင်ပြထားပါတယ်။

၆၁နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ် ခြံဝင်းအတွင်းမှာ လွတ်လပ်ရေး သီချင်းသံများ ကျယ်လောင်စွာဖွင့်ထားတဲ့အကြောင်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောပြပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ လွတ်လပ်ရေးနဲ့ သက်ဆိုင်တဲ့ သီချင်းတွေကို အပြင်ကနေ ကောင်းကောင်း ကြားရအောင် ဖွင့်ထားပါတယ်။ နောက် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် မနက် စောစောမှာ နေအိမ်ခြံဝင်းရဲ့ နဖူးစည်းမှာ အဝတ်အနီပေါ် အဝါရောင်စာလုံးနဲ့ ပိုစတာ အသစ်တခု တပ်ပါတယ်။ စာသားကတော့ -

“တိုင်းပြည်နဲ့ ပြည်သူလူထု အကျိုးကို ရှေးရှု၍ ပြတ်ပြတ်သားသား ဆောင်ရွက်ကြ”

ဗိုလ်ချုပ်အောင်ဆန်း။”

လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပွဲကို အမျိုးသား ဒီမိုကရေစီရဲ့ ဗဟိုသာမက တိုင်းနဲ့ ပြည်နယ် တချို့မှာလည်း ပြုလုပ်ပါတယ်။ ရန်ကုန် အခမ်းအနားမှာတော့ သံတမန်တွေ၊ ဝါရင့် နိုင်ငံရေးသမားတွေအပါအဝင် လူအင်အား ၅၀၀ တက်ရောက်ခဲ့ပြီး၊ လုံခြုံရေး တော်တော် တင်းကျပ်ခဲ့တဲ့ အကြောင်းကို အခုလို ပြောပြပါတယ်။

“လုံခြုံရေးကတော့ တော်တော်များများကို ချထားတာတွေ့ရတယ်။ ရုံးပတ်ဝန်းကျင်မှာတော့ ရဲရော၊ အရပ်ဝတ်နဲ့ လူတွေရော အားလုံး ၂၀၀၊ ၃၀၀ လောက်ရှိတယ်။ ရုံးရဲ့ မလှမ်းမကမ်းမှာဆိုရင် ထောင်ချီပြီးတော့ ရှိတယ်။”

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ လွတ်လပ်ရေး ခေတ်ကာလနဲ့ ဒီနေ့ နိုင်ငံရေး အခြေအနေကို နှိုင်းယှဉ်တဲ့ ကြေညာချက် တခု ထွက်တဲ့ အကြောင်းကိုလည်း အခုလို ပြောပါတယ်။

“နှိုင်းယှဉ်တာက ၄၇မှာ တိုင်းပြုပြည်ပြု လွှတ်တော် ရှိတယ်။ တိုင်းပြု ပြည်ပြုလွှတ်တော်မှာ ပြည်သူလူထု ရွေးကောက်တင်မြှောက်လိုက်တဲ့ ပုဂ္ဂိုလ်တွေက ဖွဲ့စည်းပုံ အခြေခံမှုတွေ ရေးဆွဲဖို့ ဖွဲ့စည်းပြီး သူတို့က ရေးတယ်။ နောက် ၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြည်သူ့လွှတ်တော်က အတည်ပြုတယ်။ ဒီအခြေအနေကို ရောင်ပြန်ဟပ်ပြီး ပြည်သူလူထု ကိုယ်စားလှယ်တွေ ပါဝင်တဲ့ အခုလက်ရှိ ဖွဲ့စည်းပုံ အခြေအခံဥပဒေကို ပြန်လည် သုံးသပ်ဖို့ လိုအပ်နေတယ်ဆိုတာကို ထောက်ပြတယ်။ အမျိုးသား ရင်ကြားစေ့ရေးနဲ့ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးအတွက် အားလုံးပါဝင်တဲ့ အဆင့်ရောက်အောင် ဆောင်ရွက်ဖို့ ဒါဟာ အများပြည်သူ ကောင်းကျိုးအတွက်ဆိုတဲ့ဟာကို ရည်ညွှန်းဖော်ပြပါတယ်။ ”

အလားတူပဲ မကွေးတိုင်းနဲ့ တနင်္သာရီတိုင်းတွေမှာ လွတ်လပ်ရေးနေ့ အခမ်းအားတွေကို အောင်မြင်စွာ လုပ်နိုင်ခဲ့ပြီး၊ အဖမ်းအဆီးတွေတော့ မရှိဘူးလို့ ပြောသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG