သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာတိုက်ပွဲ ပြင်းထန်ဆဲ၊ သေဆုံး ဒဏ်ရာရသူအရေအတွက် များလာ


ပါလက်စတိုင်း နယ်မြေထဲကို အစ္စရေးလ် နိုင်ငံက မြေပြင် ထိုးစစ် စတင်ခဲ့အပြီး တရက် ကြာလာတဲ့ အချိန်မှာ ဂါဇာမှာ တိုက်ပွဲတွေ အရှိန်မြင့်လာပါတယ်။ အစ္စရေးလ်ဘက်က သူတို့ စစ်သား ၁ဦး သေဆုံးပြီး အယောက် ၃၀ ဒဏ်ရာ ရသွားတယ်ဆိုတာ အတည်ပြုခဲ့ပါတယ်။ အစ္စရေးလ် ဝင်တိုက်ခဲ့ကတည်း ကနေဆိုရင် ပါလက်စတိုင်း အယောက် ၃၀ ကျော် သေဆုံးခဲ့ပြီးပြီလို့လည်း ပါလက်စတိုင်း ဆေးဝန်ထမ်းတွေက ဆိုပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် ဆွန်ညာ ပေ့စ် (Sonja Pace) က ဂျေရုစလင်မြို့ကနေ သတင်းပေးပို့ထားပါတယ်။ ကိုကျော်ကျော်သိန်းက အပြည့်အစုံ တင်ပြထားပါတယ်။

အစ္စရေးလ် တပ်တွေက ဂါဇာကမ်းမြှောင်ဒေသ အနှံ့အပြားမှာ ဖြန့်ခွဲနေရာယူကြ၊ တင့်ကားတွေ ဝင်လာကြ၊ စစ်လေယာဉ်တွေနဲ့ ရေတပ် သင်္ဘောတွေက ပစ်မှတ်တွေကို ဆက်ပြီး ဗုံးကျဲ တိုက်ခိုက် နေတာနဲ့အမျှ အစ္စရေးလ် တပ်တွေနဲ့ ပါလက်စတိုင်း လက်နက်ကိုင်တွေကြား တိုက်ပွဲတွေ ဖြစ်နေကြပါတယ်။

တိုက်ပွဲ အများစုဟာ ဂါဇာ မြောက်ပိုင်းမှာ ဖြစ်ပွားနေပုံရပါတယ်။ အစ္စရေးလ် တပ်တွေက ဂါဇာ စီးတီးကို ဝန်းရံထားလိုက်တယ်၊ တင့်ကားတွေဟာ အစ္စရေးလ် အခြေစိုက် ဒေသဟောင်း Nezarim မှာ နေရာယူထားတယ်။ ပါလက်စတိုင်း ဒေသကို တောင်နဲ့ မြောက် ထိထိရောက်ရောက် ပိုင်းခြား ထားလိုက်ပုံရတယ်ဆိုတဲ့ သတင်းတွေ ထွက်လာပါတယ်။
အစ္စရေးလ် စစ်လေယာဉ်တွေဟာ ပါလက်စတိုင်းတွေရဲ့ ဒုံးကျည် ပစ်လွှတ်ရာနေရာတွေ၊ လက်နက်ကိုင် သေနတ်သမားတွေ၊ မှောင်ခို တူးမြောင်းတွေနဲ့ အထူးရည်ရွယ်တဲ့ ဟားမားစ် လက်နက်ကိုင် အများအပြား ရှိတဲ့နေရာတွေ အပါအဝင် နေရာ ၁၅ ခုကျော် ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးလ် စစ်ဘက်က ပြောပါတယ်။

ဂါဇာ စီးတီးမှာတော့ ပါလက်စတိုင်း သတင်းထောက် Mohammed Dawwas ဟာ အစားအစာ ထွက်ရှာ၊ သူ့အခန်းကို သွားကြည့်နဲ့ နေ့တနေ့ရဲ့အချိန် တစိတ်တပိုင်းကို ကုန်ဆုံး စေခဲ့ပြီး တဲ့နောက် ပိုပြီးတော့ လုံခြုံ စိတ်ချရမယ်လို့ သူတို့မျှော်လင့်တဲ့ သူ့ယောက္ခမရဲ့ အိမ်ရှိရာ ဂါဇာစီးတီး အစွန်ဆီ မိသားစုနဲ့ တွေ့ဖို့ ပြန်လာခဲ့ပါတယ်။

“ကြားနေရတာကတော့ ဗုံးသံတွေပါပဲ။ ကျနော်တို့ အားလုံး ဒီနေရာမှာ တညလုံး ထိုင်နေခဲ့ကြတယ်။ အခန်းတခန်းထဲမှာ လူတွေ အများကြီးစုနေကြတယ်။ ဘာလို့လဲဆိုတော့ အဲဒီလို စုနေတာက တယောက်ထဲ နေတာထက် ပိုကောင်းလို့ပါ။ ဒါ သိပ်ကို ခက်ခဲပါ တယ်။ ကျနော်တို့မှာ မီး၊ ဓာတ်ငွေ့၊ ရေ၊ အစားအစာ ဘာဆို ဘာမှကိုမရှိပါဘူး။ တကယ့်ကို ရူးသွပ် သွားဖို့ကောင်းတဲ့ အခြေအနေ ပါပဲဗျာ။”

ဂါဇာမှာ လူသား ဘေးဒုက္ခ အကျပ်အတည်း တဖြည်းဖြည်း တိုးလာနေတာကို အကူအညီ ပေးရေးဆိုင်ရာ တာဝန်ရှိသူတွေက သတိ ပေးထားပြီး အများအားဖြင့် အရပ်သားတွေ ထိခိုက်ဒဏ်ရာရတာ တိုးလာတယ်လို့ ဆေးဘက် တာဝန်ရှိသူတွေက ပြောပါတယ်။
စစ်ဆင်ရေးဟာ ဂါဇာလူထုကို တိုက်ခိုက်တာမဟုတ်ဘဲ အစ္စရေးလ် တောင်ပိုင်းကို ခြိမ်းခြောက်နေတဲ့ ဟားမားစ် လက်နက်ကိုင်တွေကို တိုက်ခိုက်တာ ဖြစ်တယ်လို့ အစ္စရေးလ် အစိုးရ ပြောရေးဆိုခွင့်ရှိသူ Mark Regev ကဆိုပါတယ်။

အပစ်ရပ် သဘောတူညီချက်ကို ဆက်ပြီး သက်တမ်းတိုးရေး ဆွေးနွေးပွဲတွေ ဒီဇင်ဘာလမှာ ပျက်ပြား သွားပြီးတဲ့နောက် အစ္စရေးလ် တောင်ပိုင်းကို ဟားမားစ်အဖွဲ့က ဒုံးကျည်နဲ့ တိုက်ခိုက်တာတွေ အရှိန်မြှင့်လာခဲ့တဲ့အတွက် ရွေးချယ်စရာမရှိတော့ဘဲ စစ်ရေးအရ တိုက်ခိုက် ရတာဖြစ်တယ်လို့ အစ္စရေးလ်ဘက်က ပြောပါတယ်။

လွန်ခဲ့တဲ့ သီတင်း တပတ်ကျော်မှာ အစ္စရေးလ်တို့က ဂါဇာကို လေကြောင်းကနေ စတင် တိုက်ခိုက်ပြီး ဟားမားစ်နဲ့ ဆက်စပ်တဲ့ ပစ်မှတ်တွေနဲ့ ဂါဇာက ဟားမားစ်ရဲ့ အခြေခံ အဆောက်အဦတွေကို ဖျက်ဆီးပစ်ခဲ့ပါတယ်။

ဒါပေမယ့် ဟားမားစ်တို့ကတော့ အာခံဆဲပါ၊ ဂါဇာဟာ အစ္စရေးလ်တို့အတွက် သချိုၤင်း ဖြစ်သွားစေရမယ်လို့ ကြွေးကျော်နေဆဲပါ။ အစ္စရေးလ်တို့ရဲ့ထိုးစစ်ဟာ ရက်စက် ကြမ်းကြုတ်တဲ့ ရန်လိုမှု ဖြစ်တယ်လို့ ပါလက်စတိုင်း သမ္မတ မာ့ခ်မုဒ် အဘာ့စ်က ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG