သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နာဂစ်မုန်တိုင်းသင့် ဒေသတွေ ၈ လ အကြာ ပြန်လည် နာလန်မထူနိုင်သေး


မြန်မာနိုင်ငံမှာ အဆိုးရွားဆုံး ကပ်ဘေးကြီးတခုဖြစ်ခဲ့တဲ့ နာဂစ် ဆိုင်ကလုန်းလေဘေး
ဒဏ် ခံခဲ့ရတာ အခုဆိုရင် ၈ လ ကျော်လာခဲ့ပါပြီ။ လေဘေးဒဏ်သင့်သူတွေအတွက်
နိုင်ငံတကာအသိုင်းအဝန်းနဲ့ ပြည်တွင်းက စာနာထောက်ထားသူတွေကပါ ဝိုင်းဝန်းပံ့ပိုး
ကူညီမှုတွေ လုပ်ပေးပေမယ့်လည်း အခြေအနေတွေဟာ တိုးတက်မှု မဆိုသလောက်
သာ ရှိနေဆဲဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ ဒေသခံတွေရဲ့ ပြောပြချက်
တွေကို ကိုအောင်လွင်ဦးက စုစည်းတင်ပြပေးထားပါတယ်။

နာဂစ် ဆိုင်ကလုန်းလေဘေးဒဏ် ခံခဲ့ရတာ ၈ လကျော်အထိ ရှိလာပေမယ့် မုန်တိုင်း
ဒဏ် ခံခဲ့ရသူတွေအနေနဲ့ ပြန်လည်နာလန်မထူနိုင်သေးသလို လတ်တလော ကမ္ဘာ
တဝန်းက စီးပွားရေး အကျပ်အတည်းတွေနဲ့အတူ စားဝတ်နေရေး ပြဿနာတွေနဲ့
လည်း ကြုံနေကြရတာပါ။ လယ်သမားတွေ လယ်ယာစိုက်ပျိုးဖို့ အခက်အခဲတွေ ရှိနေ
တာ၊ စပါးဈေးကျလို့ တွက်ခြေမကိုက်ဖြစ်နေတာ၊ ရောင်းရေးဝယ်ရေး မကောင်းတာ၊
အလုပ်အကိုင်ရှားပါးတာ စတဲ့အခြေအနေတွေနဲ့ ကြုံနေကြရတဲ့ မုန်တိုင်းဒဏ် အဆိုး
ရွားဆုံးခံခဲ့ရတဲ့ ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ် ဒေသခံတွေ ပြောပြကြတာကတော့ …

“ဈေးအရောင်းအဝယ်တွေကလည်း လုံးဝမကောင်းဘူး။ ခေါင်းရွက်ဗျပ်ထိုးသမားလည်း
တနေ့တနေ့ မေးလိုက်ရင် ညည်းညူနေတာပဲ။ ဆန် ငါးလုံး၊ ခြောက်လုံးဝယ်တဲ့လူက
လည်း သုံးလုံး၊ လေးလုံးလောက်ပဲ ဝယ်ချက်စားတဲ့ အနေအထားတွေ ဖြစ်ကုန်ပြီ။
ဆန်တောင်မှ ပြည့်ပြည့်တင်းတင်း ချက်စားတဲ့လူတောင် သိပ်မရှိတော့ဘူး။ နာဂစ်
မတိုင်ခင်ကတော့ လူတွေက ပြုံးလို့၊ ရွှင်လို့၊ အခု နာဂစ်ပြီးမှ လူတွေက စိတ်ဓာတ်တွေ
ကျဆင်းပြီးတော့ လုပ်ချင်ကိုင်ချင်တဲ့စိတ်တွေလည်း သိပ်မရှိတော့ဘူး။ ဒါပေမယ့်
ကိုယ့်ရှိတဲ့ဟာလေးနဲ့ ဒီလိုပဲ မှေးပြီးတော့ တဖက်တလမ်း ကြုံရာကျပန်း လုပ်တဲ့လူက
လုပ်၊ ဒီလိုပဲ ဝိုင်းပြီးလုပ်နေရတော့တာပဲ။ ကြားပေါက်အလုပ်ခေါ်တဲ့လူဆိုရင်လည်း
အလုပ်နောက်ကိုလိုက်ပြီးတော့ လုပ်တဲ့လူလည်း လုပ်ပေါ့ဗျာ။

“ကျနော်တို့ ဘိုကလေး တောဈေးတန်းမှာက နာဂစ်မဖြစ်ခင်ကဆို တမနက်ကို တသိန်း
ရှစ်သောင်း၊ နှစ်သိန်းပတ်ဝန်းကျင်လောက် ရောင်းရတယ်။ နာဂစ်လည်းဖြစ်ပြီး
ဆယ့်လေးငါးရက် အရက်နှစ်ဆယ်လောက်လည်းကြာရော ရှစ်သောင်းဖိုး၊ တသိန်း
တောင် မပြည့်တော့ဘူး။ ခုနှစ်သောင်း၊ ရှစ်သောင်း ပုံမှန်ရောင်းရတယ်။ အဲဒီလိုဖြစ်ပြီး
တဖြည်းဖြည်းနဲ့ ကျဆင်းလာလိုက်တာ ဒီနေ့ဆိုရင် လေးထောင်ကျော်ဖိုးပဲ ရောင်းရ
တော့တယ်။ ကျနော်က စားသောက်ကုန်ပစ္စည်း အကုန်ရောင်းတာ။ ကုန်ဈေးနှုန်း
ကျနေလျက်နဲ့ပဲ အရောင်းအဝယ်တွေက ဘယ်လိုဖြစ်မှန်းမသိဘဲနဲ့ ကျဆင်းသွားတာကို
တော်တော်တွေ့နေရတယ်။

“ကျနော်တို့ ဈေးသည်ဆိုတာက နယ်ကိုပိုပြီး အားထားရတယ်။ နယ်တွေမှာလည်း
လယ်သမားတွေက စပါးဈေးမကောင်းတော့ မြို့ပေါ်တက်မလာနိုင်ဘူး။ လယ်သမား
တွေကိုမှီနေတဲ့ ဘောင်သမားတွေကလည်း လယ်သမားတွေမှ မဖွံ့ဖြိုးတဲ့အခါ သူတို့က
လည်း လုံး၀ မြို့ပေါ်တက်ပြီးတော့ ဝယ်စားဖို့ အခက်အခဲတွေ အများကြီးရှိတဲ့အတွက်
မလာနိုင်ကြတော့တာ။”

ဒီလို စားဝတ်နေရေး အခက်အခဲတွေအပြင် ပြန်လည်ထူထောင်ရေးလုပ်ငန်းရဲ့ တစိတ်
တဒေသအဖြစ် ကျန်းမာရေး၊ ပညာရေး စတဲ့လုပ်ငန်းတွေအတွက် ပံ့ပိုးကူညီမှုတွေ
ရှိနေတယ်ဆိုပေမယ့်လည်း အားနည်းချက်တွေ ရှိနေဆဲဖြစ်တယ်ဆိုပြီး ဒေသခံတွေက
ဆိုကြပါတယ်။ လေဘေးဒဏ်သင့်ဒေသက စေတနာ့ဝန်ထမ်း အကူအညီပေးနေကြ
သူတွေက အခုလို ပြောပြပါတယ်။

“အစိုးရအကြောင်းကို ပြန်ကြည့်မယ်ဆိုရင် ဆေးကုသရေးကိစ္စမှာတော့ အတော်လေး
သင့်လျော်တဲ့အနေအထားမှာ ရှိပါတယ်။ ဒီလိုပဲ ပြောရမှာပဲ။ ဒေသတွင်းမှာ ကျန်းမာ
ရေးနဲ့ပတ်သက်ပြီး ကုသမှုတွေက နွေးထွေးမှုရှိခဲ့တယ်။ ဒါ နာဂစ်ဖြစ်ပြီး နှစ်လ
နောက်ပိုင်းပေါ့။ ဇူလိုင်၊ သြဂုတ် နောက်ပိုင်းတွေမှာတော့ ဒီလိုရှိပါတယ်။ ကုသရေးမှာ
လည်း အခမဲ့ကုသရေးတွေ အတော်များများ ပေါ်ပေါက်ပါတယ်။ ဥပမာ MSF လိုအဖွဲ့မျိုး
တွေကလည်း ဆေးဝါးလှူဒါန်းမှုတွေ ပြုလုပ်တယ်။

“နောက်တချက်က နာဂစ်ကာလအတွင်းမှာပဲ မွတ်ဆလင်အဖွဲ့တွေ၊ ဟိန္ဒူအဖွဲ့တွေ၊
ဆရာတော် အရှင်ဉာဏိဿရတို့လို အဖွဲ့တွေကလည်း ဆေးဝါးအကူအညီ အထောက်
အပံ့တွေ၊ စားနပ်ရိက္ခာ အထောက်အပံ့တွေ အများကြီးလှူခဲ့ကြတယ်။ ဘိုကလေး
ဆေးရုံကတော့ နာဂစ်မဖြစ်ခင်ကနဲ့ နာဂစ်ဖြစ်ပြီးဆိုရင်တော့ တိုးတက်မှုရလဒ်အနေနဲ့
ဆိုရင်တော့ ဆေးရုံတခုပဲရှိတယ်လို့ ပြောရမှာပဲ။

“ပညာရေးနဲ့ပတ်သက်လို့ ၈ လကျော် ကြာပြီးကာလမှာ ကျောင်းတွေက ပြီးပြီဆိုတဲ့
သဘောမျိုး ပြောဆိုနေကြတဲ့ အခါကြတော့၊ အမှန်တကယ်က ကျောင်းတွေက ရွက်ဖျင်
တဲတွေနဲ့ တာလပတ်မိုးတွေနဲ့ တာလပတ်ကာတွေ၊ အောက်က ဝါးကြမ်းခင်းတွေနဲ့ ဒီလို
ဖွင့်ပြီးတော့ သင်ကြားနေတာ။ တကယ်ကို ကလေးတွေအတွက် မသက်မသာပေါ့ဗျာ။
ပူတဲ့အခါ တအားပူ၊ အေးတဲ့အခါ တအားအေး၊ အောက်က ဝါးကြမ်းခင်းနဲ့ ကြမ်းပေါ်မှာ
နေပြီး သင်ရတဲ့အနေအထားရှိတယ်။

“ပြောမယ်ဆိုရင်တော့ အကုန်လိမ်နေကြတာဗျ။ တည်ဆောက်ရေးလုပ်ငန်းတွေ ပြီးပြီ
ဆိုပြီး လူကြီးကိုတင်ပြတယ်။ ဥပမာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ စက်ဆန်းကို ဆင်းသွား
တယ်။ ဆင်းသွားတော့ စက်ဆန်းအထကမှာ တည်ဆောက်ရေးလုပ်ငန်းတွေ ပြီးပြီ
ဆိုပြီးတော့ ပြောတယ်။ ဟိုရောက်တော့ ဝါးထရံကာထားတာ တွေ့တယ်။ တွေ့တော့
ချက်ချင်း ပျဉ်ကာပေးပါဆိုပြီးဖြစ်တယ်။ အဲတော့ ပျဉ်ကာတယ်။ ပျဉ်ကာပြီးတော့
ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပြောတယ်၊ ကျောင်းအုပ်ကြီးကို ဘာများလိုအပ်တာရှိသေး
လဲ၊ သင်ထောက်ကူပစ္စည်းတွေနဲ့ ပတ်သက်ပြီး လိုအပ်သလား။ အဲတော့ လိုအပ်ပါ
တယ်၊ ကျနော်တို့ ဒီမှာ ဘာမှပြည့်စုံမှု မရှိပါဘူးလို့ပြောတယ်။ ပြောတဲ့အခါကြတော့
လုပ်ပေးပါလို့ ပြောသွားတယ်။ ပြီးတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ပြန်သွားတဲ့အခါကြ
တော့မှ ဒီကျောင်းအုပ်ကိုခေါ်ပြီးတော့ အကြိမ်းခံရတယ်။”

လေဘေးသင့်ဒေသက စေတနာ့ဝန်ထမ်း အကူအညီပေးနေသူတွေ ပြောပြသွားတာ
ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လကုန်ပိုင်းမှာတော့ မြန်မာစစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ
ကိုယ်တိုင် မုန်တိုင်းသင့် ဒေသတွေကို သွားရောက်ခဲ့ပြီး အခြေအနေတွေဟာ တိုးတက်
မှုတွေ ရှိနေတယ်၊ မုန်တိုင်းဒဏ်မခံရခင် အခြေအနေထက်တောင် တိုးတက်အောင်
လုပ်ဖို့ ရည်မှန်းထားတယ် ဆိုပြီးတော့လည်း အစိုးရပိုင် သတင်းတွေက ဖော်ပြခဲ့တာပါ။
ဒါပေမယ့်လို့ ဆိုင်ကလုန်းလေဘေးဒဏ် အကူအညီပေးရေး ကုလသမဂ္ဂ အပါအဝင်
နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ အာဆီယံနဲ့ မြန်မာစစ်အစိုးရတို့ သုံးပွင့်ဆိုင်အဖွဲ့ရဲ့ ပြီးခဲ့
တဲ့ ဒီဇင်ဘာလတွင်း ထုတ်ပြန်တဲ့ ကြေညာချက်မှာဆိုရင်တော့ လေဘေးဒဏ်ခံခဲ့ရသူ
တွေရဲ့ အခြေအနေတွေဟာ သိသာတဲ့တိုးတက်မှုတွေ ရှိခဲ့ပေမယ့် လိုအပ်ချက်တွေက
ရှိနေဆဲဖြစ်တယ်၊ နိုင်ငံတကာရဲ့ အကူအညီတွေလည်း ဆက်ရသွားဖို့ လိုနေသေးတယ်
ဆိုပြီး သတိပေးထားတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG