သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တွေကျောင်းသား ၅၀၀ ခန့် သွားလာရေးခက်ခဲလို့ လမ်းလျှောက်ကန့်ကွက်


ကမ္ဘာတဝန်းမှာ ဓာတ်ဆီဈေးတွေ ကျဆင်းနေသလို မြန်မာနိုင်ငံတွင်းမှာလည်း
အစိုးရကထုတ်ပေးတဲ့ ဓာတ်ဆီဈေးနှုန်းနဲ့ မှောင်ခိုလောကက ဓာတ်ဆီဈေးနှုန်းဟာ
သိပ်ပြီးမကွာတော့ဘူးလို့ သိရပါတယ်။ ဒါကြောင့် ကျပ်တည်းနေတဲ့ စားဝတ်နေရေး
ပြဿနာကို ဖြေရှင်းတဲ့အနေနဲ့ အပိုဝင်ငွေ ရှာကြသူတွေအတွက် တွက်ခြေမကိုက်
ဖြစ်ကြရပါတယ်။ ဒီဂယက်ဟာ စစ်တွေက တက္ကသိုလ်ကျောင်းသားတွေအတွက်
ပြေးဆွဲနေတဲ့ ကျောင်းအကြိုအပို့ ကားတွေအပေါ် ရိုက်ခတ်ခဲ့ပြီး အဲဒီကျောင်းကားတွေ
မထွက်တော့လို့ စစ်တွေတက္ကသိုလ်ကျောင်းသား ၅၀၀ လောက် လမ်းလျှောက်
ကန့်ကွက်ခဲ့ကြတယ်လို့ သိရပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်း
ထောက် မအေးအေးမာက ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

စစ်တွေတက္ကသိုလ်က ကျောင်းသားတွေအတွက် ပြေးဆွဲနေတဲ့ ဘတ်စ်ကားအစီး၂၀
ခန့်ဟာ အစိုးရကပေးတဲ့ ဓာတ်ဆီ လုံလောက်မှုမရှိတာကြောင့် တက္ကသိုလ်ကျောင်းသား
တွေရဲ့ ကားခကို ၅၀ ကနေ ၁၀၀ ထိ တိုးတောင်းခဲ့ပါတယ်။ ကျောင်းသားတွေက မပေး
နိုင်တာကြောင့် ဒီနေ့မနက်ပိုင်းကစပြီး ပြေးဆွဲနေတဲ့ကားများ ရပ်ဆိုင်းခဲ့ပါတယ်။
ကျောင်းသားမိဘတဦး ပြောပြတာက …

“အဲဒီကားသမားတွေကို ဓာတ်ဆီတဂါလံပေးတယ်။ ပြီးတော့ ကျောင်းသား တယောက်
စီကနေ ၅၀ ကျပ် ကောက်ခံခွင့်ရှိတယ်၊ သူတို့က။ အခု ဆီဈေးက အပြင်မှာလည်း
၃,၀၀၀ ပဲ၊ အစိုးရဈေးလည်း ၃,၀၀၀ ပဲ။ အဲဒါကြောင့် ကားသမားတွေကလည်း
ဘယ်လိုမှ မကိုက်ဘူးဆိုပြီး သူတို့လည်း တစီးမှ မလာကြဘူး။ ဟိုတုန်းက သူတို့လည်း
ကိုက်တယ်၊ အစိုးရဈေးက ၃,၀၀၀ ဆိုရင် အပြင်မှာ ၆,၀၀၀၊ ၇,၀၀၀ အဲဒီလိုရှိတယ်။
ကုန်တာက ဆီ ၃ ပုလင်း၊ ဂါလံဝက်လောက်ပဲကုန်တယ်။ ကျန်တဲ့ဟာ သူတို့ ရောင်းစား
လို့ရတယ်။

“အခုက အစိုးရဈေးကလည်း တဂါလံကို ၃,၀၀၀၊ အပြင်မှာလည်း ၃,၀၀၀ ပဲဆိုတော့၊
ကျောင်းသူကျောင်းသားဆီက တဦးကို ၁၀၀ ကောက်မယ်ဆိုပြီး လုပ်တယ်။
ကျောင်းသားတွေကလည်း မပေးနိုင်ကြဘူး။ အဲတော့ ကားတွေလည်း တစီးမှ မလာကြ
ဘူး။ ကျောင်းသားမိဘတွေမှာလည်း သားသမီးတယောက်ကို ၅၀၀၊ ၁,၀၀၀
အဲလောက်ပဲပေးနိုင်တာ။ အဓိကကတော့ ဆီဈေးပဲ။ ဆီဈေးက အစိုးရဈေးနဲ့ အပြင်
ဈေး အတူတူဖြစ်နေလို့။ အစိုးရက ဈေးမလျှော့ဘူး၊ အပြင်မှာက ဈေးကျနေတယ်။”

နောက်ဆုံးမှာတော့ စစ်တွေမြို့လမ်းတလျှောက် ကျောင်းသား ၅၀၀ လောက် စုဝေးခဲ့
ကြပြီး လမ်းလျှောက်တာတွေ လုပ်လာတဲ့အခါမှာတော့ ရဲတွေရောက်လာပြီး ကြုံတဲ့
ကားတွေကို ချောဆွဲပြီး ကျောင်းသားတွေကို ပို့ပေးခဲ့တယ်လို့ ပြောပြပါတယ်။

“တစီးမှမရောက်လာတော့ ကျောင်းသားတွေက တဖြည်းဖြည်း များများလာတာပေါ့။
ကားမရှိတော့ တဖြည်းဖြည်း ဆူလာကြတာပေါ့။ ပြီးတော့ လမ်းလျှောက်သွားမယ်ဆိုပြီး
ဖြစ်တာ။ အဲတော့ ရဲတွေက နေ့ထိုင်းထိုးနေတဲ့ကားတွေကို ခေါ်လို့မရတော့ ကြုံရာကား၊
ဂိတ်ကကားတွေကို ခေါ်ပြီးတော့မှ ပို့ခိုင်းလိုက်တယ်။”

စစ်တွေတက္ကသိုလ်က စစ်တွေမြို့နဲ့ ၇ မိုင်၊ ၈ မိုင်ခန့်ဝေးတဲ့နေရာမှာ တည်ထားတာ
ဖြစ်ပါတယ်။ ကျောင်းသားတွေအနေနဲ့ ကျောင်းကားကြိုနောက်ကျမှုတွေ၊ ကျောင်းကား
တွေ မကြိုနိုင်မှု ပြဿနာတွေ မကြာခဏ ကြုံနေကြရတာကြောင့် တခုခုဖြစ်တိုင်း
လမ်းလျှောက်တာတွေ လုပ်ခဲ့ပါတယ်။ ဒီအတွက် အာဏာပိုင်တွေကတော့ ဆူပူအုံကြွမှု
မဖြစ်အောင် စီမံဆောင်ရွက်လေ့ ရှိပါတယ်။ ဒီနေ့မှာတော့ အသွားရော၊ အပြန်ပါ
ကြုံတဲ့ကားတွေကို ချောဆွဲပြီး ပြဿနာမတက်အောင် ရှင်းခဲ့ပေမယ့် မနက်ဖြန်မှာတော့
ဘယ်လိုဖြေရှင်းမယ်ဆိုတာ မသိရှိသေးကြောင်း ကျောင်းသားမိဘတွေက ပြောပြကြပါ
တယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG