သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အမျိုးသား နိုင်ငံရေးခေါင်းဆောင် ဒေါက်တာစောမြအောင် ကွယ်လွန်


CRPP ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီကနေ
လွှတ်တော်ဥက္ကဋ္ဌအဖြစ် အဆိုပြု အရွေးချယ်ခံထားရတဲ့
ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာ
စောမြအောင်ဟာ မနေ့ညနေပိုင်းက ရန်ကုန်မြို့မှာ
ကွယ်လွန်သွားပါတယ်။ ဒီနေ့ နေ့လယ် ၁၁ နာရီမှာ
ရန်ကုန်မြို့မှာပဲ သင်္ဂြိုဟ်ပြီး မိသားစုတွေ၊ နီးစပ်ရာ
မိတ်ဆွေတွေ၊ နိုင်ငံရေးလုပ်ဖော်ကိုင်ဘက်တွေ
တက်ရောက်ခဲ့ပါတယ်။ အထိန်းသိမ်းခံထားရတဲ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး
ဒေါ်အောင်ဆန်းစုကြည်ကလည်း ပန်းခြင်းတခြင်းနဲ့
သင်္ကန်းငါးစုံ ပေးပို့လှူဒါန်းခဲ့ပါတယ်။ အပြည့်အစုံကို
ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

အသက်အရွယ်အရ ဖြစ်ပေမယ့် အခုအချိန်မျိုးမှာ ဒေါက်တာ ဦးစောမြအောင်
ကွယ်လွန်သွားတာနဲ့ပတ်သက်လို့ နှမြောဝမ်းနည်းမိတဲ့အကြောင်း အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ် ကိုယ်စား ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက အခုလိုပြောပြပါတယ်။

“ဒီမိုကရေစီ ခရီးကြမ်းပေါ်မှာ လမ်းဆုံးမရောက်ခင် ကွယ်လွန်သွားတဲ့အတွက် အထူးပဲ
ဝမ်းနည်းပါတယ်။ ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ယနေ့ ဥက္ကဋ္ဌ
ကိုယ်တိုင် လက်မှတ်ရေးထိုးပြီး ဝမ်းနည်းကြောင်းသဝဏ်လွှာလည်း ပေးပို့ထားပါ
တယ်။”

ဒေါက်တာစောမြအောင်ဟာ ၁၉၉၀ ရွေးကောက်ပွဲရလဒ်အရ ပြည်သူ့လွှတ်တော်
ပေါ်ပေါက်ရေးအတွက် ကြိုးပမ်းအားထုတ်ခဲ့သူတဦးလည်း ဖြစ်ပါတယ်။ CRPP ပြည်သူ့
လွှတ်တော် ကိုယ်စားပြုကော်မတီအနေနဲ့ သူ့ကို လာမယ့်လွှတ်တော်ရဲ့ ဥက္ကဋ္ဌအဖြစ်
အဆိုပြု သတ်မှတ်ရတဲ့အကြောင်းကိုတော့ CRPP အတွင်းရေးမှူး ဦးအေးသာအောင်က
အခုလိုရှင်းပြပါတယ်။

“၁၉၉၈ ခုနှစ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ခေါ်ယူရေးအတွက်
ကြိုးပမ်းဆောင်ရွက်တဲ့နေရာမှာ ဒေါ်အောင်ဆန်းစုကြည်က ဦးစောမြအောင်ကို
ကိုယ်တိုင်ခေါ်တွေ့ပြီးတော့ လွှတ်တော်ပေါ်ပေါက်ရေးအတွက် ကြိုးပမ်းတဲ့နေရာမှာ
တိုင်းရင်းသားတွေနဲ့ ပူးပေါင်းဆောင်ရွက်ချင်ပါတယ်လို့ တိုင်ပင်ဆွေးနွေးတာတွေ
ရှိခဲ့တယ်။

“ဦးစောမြအောင်က တခြားတိုင်းရင်းသားများကို ဖိတ်ပြီး အိမ်မှာပဲ ဆွေးနွေးပြီးတော့
လွှတ်တော်ပေါ်ပေါက်ရေးအတွက်၊ ပူးပေါင်းဆောင်ရွက်ဖို့အတွက် ဆွေးနွေးတိုင်ပင်ကြ
တဲ့အခါမှာ ဦးခွန်ထွန်းဦးတို့၊ နိုင်ထွန်းသိမ်းတို့၊ ပူကျင့်ရှင်းထန်တို့၊ အန်ကယ်တို့အပါ
အဝင် တိုင်းရင်းသားတွေအားလုံးက ပူးပေါင်းဆောင်ရွက်ဖို့အတွက် သဘောတူခဲ့ကြပါ
တယ်။ အဲလိုသဘောတူတဲ့အတွက်လည်း တိုင်းရင်းသား ၄ ပါတီရဲ့ ဥက္ကဋ္ဌ၊ အတွင်း
ရေးမှူးတွေနဲ့ အန်န်အယ်လ်ဒီကဆိုရင် ဦးအောင်ရွှေ၊ ဦးတင်ဦး၊ ဦးလွင်၊ ဒေါ်အောင်ဆန်း
စုကြည် ၄ ဦးတို့နဲ့ အကြိမ်ကြိမ် လွှတ်တော်ပေါ်ပေါက်ရေး ဆောင်ရွက်ဖို့အတွက်
ဆွေးနွေး ညှိနှိုင်းတိုင်ပင်ခဲ့တာတွေ ရှိပါတယ်။

“လွှတ်တော်ကိုယ်စားလှယ်တွေအားလုံးကို ထိန်းသိမ်းလိုက်တဲ့အခါမှာ ဦးစောမြအောင်
လည်း အထိန်းသိမ်းခံရပါတယ်။ အဲလိုထိန်းသိမ်းထားတဲ့အချိန်မှာ အန်န်အယ်လ်ဒီက
စီအီးစီ ၉ ယောက်နဲ့ အန်ကယ်တယောက် အပါအဝင် လက်ရှိနိုင်ငံရေးအခြေအနေတွေ
ကို သုံးသပ်ပြီးတော့ လွှတ်တော်ကိုယ်စားပြုကော်မတီကိုဖွဲ့တဲ့ အဲဒီအစည်းအဝေးမှာပဲ
အားလုံးက ဦးစောမြအောင်ကို လွှတ်တော်ဥက္ကဋ္ဌအဖြစ် လျာထားသတ်မှတ်ဖို့ တညီ
တညွတ်တည်း ဆုံးဖြတ်ခဲ့ကြပါတယ်။”

အသက် ၉၁ နှစ်အရွယ်မှာ ကွယ်လွန်သွားတဲ့ ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ
ဦးစောမြအောင်နဲ့ ပတ်သက်လို့ နောက်ခံအကြောင်းတွေကို ထိုင်းအခြေစိုက် ဗွီအိုအေ
သတင်းထောက် ကိုကျော်ထင်က ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

ALD ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ မြောက်ဦး မဲဆန္ဒနယ်အမှတ် ၁ ပြည်သူ့
လွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့ ဒေါက်တာစောမြအောင်ဟာ အများယုံကြည်လေးစား
ခံရတဲ့ ဆရာဝန်ကြီးတဦးဖြစ်ပြီးတော့ ကွယ်လွန်ချိန်အထိ အများအကျိုးအတွက်
လုပ်ဆောင်ခဲ့သူလို့ ကျော်ကြားသူတဦးပါ။ သူဟာ ၁၉၈၈ ခုမတိုင်ခင်အထိကတော့
နိုင်ငံရေးထဲမှာ ပါဝင်ပတ်သက်မှု မရှိခဲ့ပါဘူး။ ALD ကိုဖွဲ့စည်းပြီးနောက်ပိုင်းမှာတော့
ပြည်ထောင်စုစစ်စစ် တည်ဆောက်ရေးအတွက် စတင်ကြိုးပမ်းလာခဲ့တယ်လို့ လုပ်ဖော်
ကိုင်ဘက်တဦးဖြစ်တဲ့ သတင်းစာဆရာကြီး ဦးသာဘန်းက အခုလိုပြောပြပါတယ်။

“သူက နိုင်ငံရေးသမားတယောက် မဟုတ်ဘူး။ ဒီမိုကရေစီရေး၊ တန်းတူရေးနဲ့ ကိုယ်ပိုင်
ပြဋ္ဌာန်းခွင့် ရရှိရေးဆိုတဲ့ ကြွေးကြော်သံအောက်မှာ သူ စိုက်လိုက်မတ်တပ် လုပ်ခဲ့ပါ
တယ်။ အထိန်းသိမ်းခံရပြီး ပြန်လွတ်လာတော့လည်း ငါ သေသည်အထိ နိုင်ငံရေး
လုပ်မယ်လို့ ပြောတယ်။”

ဒေါက်တာစောမြအောင်ဟာ ဆရာဝန်ကောင်းတဦးဖြစ်သလို လူမှုရေးတာဝန် ကျေသူ
တဦးလည်းဖြစ်တယ်လို့ ဦးသာဘန်းက ဆက်ပြောပြပါတယ်။

“၁၉၅၆ ခုနှစ်လောက်က မန္တလေးမှာ ဆေးရုံအုပ်ကြီး လုပ်တဲ့အချိန်မှာ ရခိုင်အမျိုးသား
ရဲ့ လူမှုရေးလုပ်ငန်းတွေကို တော်တော်လေး လုပ်ခဲ့ပါတယ်။ နောက် သူ တောင်ကြီးကို
ပြောင်းသွားတော့လည်း တောင်ကြီး စဝ်စံထွန်းဆေးရုံမှာ တာဝန်ထမ်းဆောင်တဲ့အချိန်
မှာလည်း ရခိုင်ရိုးရာသင်္ကြန်တို့၊ ရခိုင်ယဉ်ကျေးမှုတို့ကို သူ အားကြိုးမာန်တက် လုပ်ခဲ့ပါ
တယ်။ ရန်ကုန်ကို ၁၉၆၀-၆၁ ခုနှစ်လောက် ပြောင်းလာပြီးတော့ အရှေ့ပိုင်းဆေးရုံအုပ်
ကြီးဖြစ်တဲ့အချိန်မှာလည်း ၆၄ ခုနောက်ပိုင်းပေါ့လေ၊ ရခိုင်သဟာယအသင်းရဲ့ ဥက္ကဋ္ဌ
အဖြစ် ၈၈ ခုနှစ်အထိ လုပ်ခဲ့ပါတယ်။”

ဒေါက်တာစောမြအောင်ဟာ ၁၉၄၇ ခုမှာ ဆရာဝန်ဘွဲ့ကို အိန္ဒိယနိုင်ငံ၊ ဘုံဘေက ရရှိခဲ့
ပြီး ဘွဲ့လွန်ဆေးပညာတွေကိုတော့ အင်္ဂလန်နိုင်ငံက ရခဲ့ပါတယ်။ အဲဒီနောက်မှာတော့
တောင်ကြီး၊ မန္တလေး၊ ရန်ကုန်အရှေ့ပိုင်းဆေးရုံနဲ့ ဟောင်ကောင်တို့မှာ ဆေးရုံအုပ်ကြီး
အဖြစ် တာဝန်ယူခဲ့ပါတယ်။ အငြိမ်းစားယူပြီးတဲ့နောက် ၁၉၉၈ ခု၊ အထိန်းသိမ်းမခံရခင်
အချိန်ထိ ဇီဝိတဒါနဆေးရုံမှာ သမားတော်ကြီးအဖြစ် စေတနာ့ဝန်ထမ်း လုပ်ကိုင်ခဲ့
တယ်လို့ သိရပါတယ်။

သေဆုံးချိန်မှာ ဇနီးဖြစ်သူ ဒေါ်စောတင်နဲ့ သားသမီးလေးယောက် ကျန်ခဲ့တယ်လို့
သိရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG