သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံတွင်း ကြက်ငှက်တုပ်ကွေး ရောဂါဆိုင်ရာ ပညာပေးအခြေအနေ


တရုတ်နိုင်ငံ ပီကင်းမြို့တော်မှာ အသက် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်တဦး ကြက်ငှက်
တုပ်ကွေးရောဂါနဲ့ သေဆုံးသွားခဲ့တယ်လို့ တရုတ်အစိုးရက အတည်ပြုပြောကြားပါ
တယ်။ အလားတူပဲ ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းမှာလည်း အသက် ၈ နှစ်အရွယ်
မိန်းခလေးတဦးမှာ ကြက်ငှက်တုပ်ကွေးရောဂါ တွေ့ရှိရကြောင်း ကျန်းမာရေးအရာရှိ
တွေက ပြောပါတယ်။

WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ အစီရင်ခံစာအရ ၂၀၀၃ ခုနှစ်ကစပြီး ဖြစ်ပွားခဲ့တဲ့
ဒီရောဂါကြောင့် ကမ္ဘာတဝန်း လူပေါင်း ၂၅၀ နီးပါး သေဆုံးခဲ့ရာမှာ အများစုဟာ အာရှ
တိုက်က ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ဒီရောဂါဟာ ကြက်ဘဲမွေးမြူရေးခြံတွေမှာ
ဖြစ်ပွားမှုတွေရှိခဲ့ပေမယ့် လူအသေအပျောက်တော့ အတိအကျ စာရင်းမရရှိသေးပါဘူး။
ကြက်ငှက်တုပ်ကွေးရောဂါနဲ့ ပတ်သက်လို့ မြန်မာလူထုအကြား ပညာပေးဖို့ လိုအပ်နေ
သေးကြောင်း ရန်ကုန်မြို့က အလွတ်သတင်းထောက်တဦးရဲ့ သတင်းပေးပို့ချက်ကို
မသင်းသီရိက အစီရင်ခံထားပါတယ်။

“ခုချိန်မှာတော့ ကြက်ခြံတိုင်း သတိရှိဖို့လိုတယ်။ ကျနော်တို့ ဌာနဆိုင်ရာတွေအနေနဲ့
အမှန်အတိုင်းပြောရရင် ခြံတိုင်းကို လိုက်ကြည့်နိုင်တဲ့ အနေအထား မရှိပါဘူး။ တကယ်
မွေးမြူရေးလုပ်နေတဲ့သူတွေနဲ့ ဒီလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေတဲ့ သူတွေကပဲ
အားလုံး သတိရှိရှိနဲ့ ကာကွယ်ကြဖို့ လိုအပ်ပါတယ်”

မြန်မာနိုင်ငံက ကြက်ခြံများအားလုံး ကြက်ငှက်တုပ်ကွေးရောဂါနဲ့ ပတ်သက်ပြီး သတိ
ထားကာကွယ်ဖို့ လိုအပ်နေေကြောင်း ကြက်ငှက်တုပ်ကွေးရောဂါကို အနီးကပ်
စောင့်ကြည့်လျက်ရှိသူ ရန်ကုန်တိုင်း၊ မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနက အမည်မဖော်
လိုသူ ဝန်ထမ်းတဦး ပြောသွားတာပါ။

၂၀၀၈၊ ဒီဇင်ဘာလ ဒုတိယပတ်အတွင်းမှာ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်ရှိ
ပေါင်းလောင်းရပ်ကွက်နဲ့ ဥယျာဉ်စုရပ်ကွက်တွေမှာ ကြက်အကောင် ၂၀၀ ကျော်ခန့်
သေဆုံးခဲ့ပြီး ကြက်ခြံတွေကို ဖျက်ဆီးခဲ့ရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အစိုးရက
ကြက်လည်လိမ်ရောဂါကြောင့်လို့ သတင်းထုတ်ပြန်ခဲ့ပေမယ့် ဒေသခံတွေကတော့
ကြက်ငှက်တုပ်ကွေးကြောင့်လို့ သုံးသပ်ကြကြောင်း နေပြည်တော်က ဝန်ထမ်းတဦးက
ပြောပါတယ်။

“သူတို့ကတော့ ကြက်လည်လိမ်ရောဂါကြောင့်လို့ ပြောကြတာပေါ့နော်။ ဒါပေမယ့်
သိတဲ့သူတွေကတော့ ဒါက ကြက်ငှက်တုပ်ကွေးပဲဆိုပြီး ကြက်သားတောင် မစားရဲဘူး
ဖြစ်သွားတယ်”

နေပြည်တော်မှာ ကြက်အကောင် ၂၀၀ သေဆုံးခဲ့တဲ့သတင်းဟာ ပြည်တွင်းမီဒီယာ
စာမျက်နှာတွေပေါ်မှာ တက်လာခဲ့ခြင်းမရှိတဲ့အတွက် အခြားပြည်နယ်နဲ့တိုင်းတွေက
ဒီသတင်းကို မသိကြဘူးလို့လည်း ဆိုပါတယ်။

လက်ရှိအခြေအနေမှာတော့ ကြက်ခြံတွေနဲ့ ကြက်ရောင်းဝယ်ရေးလုပ်နေသူတွေဟာ
ကြက်ငှက်တုပ်ကွေးရောဂါနဲ့ ပတ်သက်ပြီး သတိထားမှုနည်းသလို ဗဟုသုတနည်းတာ
ကိုလည်း တွေ့ရပါတယ်။ ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့် ကြက်ဘဲဈေးက ကြက်သား
ဖော်ပေးသူတဦးကဆို ကြက်ငှက်တုပ်ကွေးရောဂါဆိုတာ ကြားဖူးပေမယ့် သူ့အနေနဲ့
တကြိမ်တခါမှ လက်အိတ်မသုံးခဲ့ဘူးကြောင်း ခုလိုပြောပါတယ်။

“ကြေညာတဲ့ထဲမှာ ကြက်ငှက်တုပ်ကွေးဖြစ်တယ်၊ ကြက်ကိုင်ပြီးရင် လက်စင်အောင်
ဆေးပါ၊ ဒါပဲပြောတယ်လေ။ ကျနော်တို့တော့ ဒီအတိုင်းပဲ ပေါ်တာပဲ။ လက်အိတ်တော့
မသုံးဘူး၊ ပြီးရင် လက်စင်အောင်ဆေးတယ် ဒါပဲ”

ဒါ့အပြင် ကြက်သားဖော်ရာမှာလည်း စွန့်ပစ်ပစ္စည်းတွေဖြစ်တဲ့ ကြက်မွေးတွေနဲ့ ရေနွေး
တွေကို ဒီအတိုင်းပဲ ငမိုးရိပ်ချောင်းအတွင်း ပစ်နေကြတာဖြစ်တဲ့အတွက် မင်္ဂလာ
တောင်ညွန့် ကြက်ဘဲဈေးအနီးမှာ နေထိုင်ကြသူတွေက အမြဲစိုးရိမ်နေရကြောင်း
ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကြက်ငှက်တုပ်ကွေးရောဂါဟာ ၂၀၀၆ ခုနှစ် မတ်လမှာ စတင်ဖြစ်ပွားခဲ့
ပြီး ၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလမှာ တကြိမ်၊ ၂၀၀၈ ခုနှစ် ဇန်နဝါရီလမှာ တကြိမ်
ပြန်ဖြစ်ပွားခဲ့ကြောင်း အစိုးရက တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။

၂၀၀၇ နိုဝင်ဘာလက ကျိုင်းတုံမြို့နယ်အတွင်းမှာ အသက် ၇ နှစ်အရွယ် မိန်းခလေးငယ်
တဦး ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်ခံရလို့ ဆေးရုံတင်ကုသခဲ့ရကြောင်း မြန်မာ
စစ်အစိုးရက နောက်ပိုင်းမှာ ကြေညာခဲ့ပါတယ်။

မြန်မာအစိုးရအနေနဲ့ ကြက်ငှက်တုပ်ကွေးရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် နိုင်ငံ
တကာမှ အထောက်အပံ့ အမေရိကန်ဒေါ်လာ ၃.၂ သန်းခန့် ရရှိထားကြောင်းလည်း
တိမွေးကုဦးစီးဌာနမှ သတင်းထုတ်ပြန်ထားကြောင်း ရန်ကုန်မြို့က အလွတ်သတင်း
ထောက်တဦးက သတင်းပေးပို့ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG