ဒီဇင်ဘာလ ၃၁၊ ၂၀၀၈၊ မြန်မာနိုင်ငံ အရှေ့ခြမ်း တိုင်းရင်းသားလက်နက်ကိုင်တွေ သူပုန်ထမှုကို စစ်အစိုးရတပ်တွေက ဆယ်စုနှစ်အတန်ကြာကတည်းက စစ်ဆင်တိုက်ခိုက်နေရာမှာ အဲဒီဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ စစ်ပွဲတွေ အကြမ်းဖက်မှုတွေဖြစ်တဲ့ နောက်ဆက်တွဲအဖြစ်၊ ကျန်းမာရေး စောင့်ရှောက်မှု လစ်ဟင်းတာ အမျိုးသမီးတွေ အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်တွေ ကျန်းမာရေးစောင့်ရှောက်မှု မရဖြစ်နေပါတယ်။ ဒီအတွက် အစာအဟာရချို့တဲ့တာ သွေးအားနည်းတာတွေအပြင် ငှက်ဖျား တီဘီ စတဲ့ ရောဂါတွေပါ ကူးစက်ခံနေရပါတယ်။
လူထုကျန်းမာရေးစနစ် ပျက်ယွင်းတာကြောင့် မီးဖွားပြီး အမျိုးသမီးတွေရော ကလေးငယ်တွေပါ ကျန်းမာရေးစောင့်ရှောက်မှုမရ ဖြစ်နေပါတယ်။ ဒီအခြေအနေကို အမေရိကန် John Hopksin တက္ကသိုလ် ဘလူးဘတ် လူထုကျန်းမာရေးဌာနကနေ ဒေသခံ ကျန်းမာရေးဝန်ထမ်းတွေနဲ့ပေါင်းပြီး ကျန်းမာရေး စစ်တမ်း ကောက်ယူ စာတမ်းပြုစုခဲ့ပါတယ်။
လူထုကျန်းမာရေးဆေးပညာရပ်ဆိုင်ရာ ပါမောက္ခ Luke Mullany ဟာ ဒေသခံ ကျန်းမာရေးဝန်ထမ်းတွေနဲ့အတူ အဲဒီဒေသက အမျိုးသမီး သုံးထောင်လောက်ကို မေးခွန်းထုတ် စစ်တမ်းယူခဲ့ပါတယ်။ သူတို့ထဲက ငါးရာခိုင်နှုန်းလောက်ပဲ ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့ မီးဖွားမှုဆိုင်ရာ အခြေခံ ပြုစုစောင့်ရှောက်မှု ကျွမ်းကျင်သူ ဆေးလုပ်သားတွေကို လက်လှမ်းမှီခဲ့တယ်ဆိုတာ စစ်တမ်းမှာ တွေ့ရပါတယ်။
ဒါကြောင့် ပရော်ဖက်ဆာ Mullany နဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာ အမျိုးသမီးတွေ မမွေးဖွားမှီနဲ့ မွေးဖွားပြီး အကူအညီတွေပေးနိုင်ရေး ဒေသခံကျန်းမာရေးလုပ်သားတွေ ဒေသခံပြည်သူတွေကို သင်တန်းပေးပြီး ဒီအခြေအနေကို ကိုင်တွယ်ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါတယ်။
အခု အစီရင်ခံစာအတွက် ကိုယ်တိုင်ကွင်းဆင်းလေ့လာစစ်တမ်းကောက်ခံသူတဦးဖြစ်တဲ့ ကရင်အမျိုးသားကျန်းမာရေးဌာနက အက်ကလူး ရွှေဦးကလည်း ဒီစစ်တမ်းကို နှစ်နဲ့ချီ အချိန်ယူကောက်ခံခဲ့တယ်လို့ ပြောပါတယ်။
အပြည့်အစုံကို ကိုသားညွန့်ဦးက ကျန်းမာရေးအစီအစဉ်အဖြစ် တင်ပြထားပါတယ်။