သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာပဋိပက္ခ ပြေလည်ရေး ကုလသမဂ္ဂမှာ သံတမန်တွေ ညှိနှိုင်းဆဲ


ဂါဇာကမ်းမြှောင်ဒေသမှာ သီတင်းပတ် ၂ ပတ်နီးပါး ဖြစ်ပွားနေတဲ့ ပစ်ခတ်တိုက်ခိုက်မှု
တွေ ရပ်တန့်ရေး ကြိုးပမ်းတဲ့အနေနဲ့ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံ
တို့က နိုင်ငံခြားရေးဝန်ကြီးတွေ ကုလသမဂ္ဂမှာ တွေ့ဆုံခဲ့ကြသလို အာရပ်အဖွဲ့ချုပ်က
နိုင်ငံခြားရေးဝန်ကြီးတွေလည်း ကုလသမဂ္ဂမှာပဲ သီးခြားစီ တွေ့ဆုံခဲ့ကြပါတယ်။ အဲဒီ
အုပ်စု ၂ စုပေါင်းပြီး တံခါးပိတ် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ အများသဘောတူညီတဲ့
အဖြေရရှိဖို့ အများကြီးလုပ်ဆောင်ဖို့ လိုသေးတဲ့အကြောင်း နာရီတော်တော်ကြာ
တွေ့ဆုံဆွေးနွေးအပြီးမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာ ရိုက်စ်
(Condoleezza Rice) က သတင်းထောက်တွေကို ပြောခဲ့တဲ့အကြောင်း နယူးယောက်ခ်
မြို့ကနေ ဗွီအိုအေသတင်းထောက် မာဂရက် ဘက်ရှီးယား (Margaret Besheer) က
သတင်းပေးပို့ထားတာကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

အစ္စရေးနဲ့ ဟားမတ်စ် စစ်သွေးကြွအဖွဲ့အကြား လတ်တလောဖြစ်ပေါ်နေတဲ့ တင်းမာမှု
တွေ လျော့ကျရေး အနောက်နိုင်ငံတွေရဲ့ ကြိုးပမ်းလုပ်ဆောင်ချက်တွေကို ဆက်လက်
ဦးဆောင်သွားဖို့ လိုအပ်ရင် ၃ ရက်မြောက်နေ့အဖြစ် နယူးယောက်ခ်မြို့မှာ ဆက်နေ
သွားမယ့်အကြောင်း အမေရိကန်၊ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီး
တွေက ပြောပါတယ်။

အာရပ်နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့
တွေ့ဆုံအပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး
ကွန်ဒိုလီဇာ ရိုက်စ်က သတင်းထောက်တွေနဲ့
ခဏတာ စကားပြောကြားခဲ့ပါတယ်။

“လုပ်စရာတွေ အများကြီးရှိသေးတယ်လို့ ကျမတို့
ထင်တယ်။ ဒါကြောင့်လည်း ပြင်သစ်နိုင်ငံခြားရေး
ဝန်ကြီး ဘဲနာ့ဒ် ကူရှနဲ (Bernard Kouchner)၊
ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီး ဒေးဗစ် မီလီဘန်း
(David Miliband) တို့နဲ့အတူ ကျမတို့ ဒီမှာ
လုပ်စရာရှိတာတွေ ဆက်လုပ်ဖို့ ရက်ထပ်တိုးထား
ပါတယ်။”

စည်းဝေးပွဲက ထွက်လာကြတဲ့ အာရပ်ဝန်ကြီးတွေ
ကလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနည်းတူ ပြောဆိုကြပါတယ်။

အစ္စရေးက ဂါဇာကမ်းမြှောင်ဒေသကို ကျူးကျော်တိုက်ခိုက်နေတဲ့အပေါ်နဲ့ ဟားမတ်စ်
အဖွဲ့က အစ္စရေးထဲကို ဒုံးကျည်တွေနဲ့ ပစ်ခတ်နေတာကို ရပ်တန့်ဖို့ကိစ္စတွေအပေါ်
ဘယ်လိုကိုင်တွယ် ဖြေရှင်းမလဲဆိုတဲ့အပေါ် လုံခြုံရေးကောင်စီမှာ သဘောထား ကွဲပြား
နေတုန်း ဖြစ်ပါတယ်။

ဖြစ်နိုင်ခြေတခုကတော့ နှစ်ဖက် ချက်ချင်း အပစ်အခတ်ရပ်စဲရေး တောင်းဆိုဖို့နဲ့ ဂါဇာ
အပေါ် အစ္စရေးက ပိတ်ဆို့အရေးယူထားတာတွေကို ပြန်လည်ရုပ်သိမ်းပေးဖို့ဆိုတဲ့
လုံခြုံရေးကောင်စီအဖွဲ့ဝင် လစ်ဗျားနိုင်ငံက အာရပ်နိုင်ငံတွေကိုယ်စား တင်သွင်းလာတဲ့
မလိုက်နာမနေရဆိုတဲ့ အဆိုပြုချက်မူကြမ်းအတိုင်း လုပ်ဆောင်မလား၊ ဒါမှမဟုတ်
တခြားနည်းလမ်းဖြစ်တဲ့ စစ်သွေးကြွတွေ တရားမဝင် လက်နက်တွေ ခိုးသွင်းနေတာကို
ရပ်တန့်ရေးနဲ့ နယ်စပ်ဒေသ ပြန်ဖွင့်ရေး အပါအဝင် ရေရှည်တည်တန့်တဲ့ အပစ်အခတ်
ရပ်စဲရေး သဘောတူညီချက်ကို နှစ်ဖက်ညှိနှိုင်း လုပ်ဆောင်ကြဖို့ဆိုတဲ့ ပြင်သစ်၊ အမေ
ရိကန်နဲ့ ဗြိတိန်နိုင်ငံတို့က တင်သွင်းလာတဲ့ မလိုက်နာမနေရဆိုပြီး ဥပဒေအရ
ချုပ်နှောင်ထားချက်မပါတဲ့ အဆိုပြုချက်မူကြမ်းအတိုင်း ဆုံးဖြတ်လုပ်ဆောင်မလား
ဆိုတာပါပဲ။

လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ၁၅ နိုင်ငံစလုံးက သဘောတူညီနိုင်မယ့် ဆုံးဖြတ်
ချက်မျိုး လိုလားပေမယ့် အဲဒီအဆင့်ထိ မရောက်နိုင်သေးဘဲ ဖြစ်နေတယ်လို့ လက်ရှိ
လုံခြုံရေးကောင်စီရဲ့ အလှည့်ကျသဘာပတိ တာဝန်ယူထားတဲ့ ပြင်သစ်သံအမတ်ကြီး
ဂျင်း မောရစ္စ ရီပဲ (Jean-Maurice Ripert) က ပြောပါတယ်။

“အဆိုပြုချက် တခုစီအပေါ် အားလုံးက တညီတညွတ်ထဲ သဘောတူညီမှု မရနိုင်သေး
တဲ့အတွက် ဒါကို ဆက်ဆွေးနွေးကြဖို့ ကျနော်တို့ ဆုံးဖြတ်လိုက်ကြတာပါ။”

တင်ပြလာတဲ့ အဆိုပြုချက်ပါ အကြောင်းအရာတွေကို အများစုက သဘောတူကြပေ
မယ့် ဘယ်အဆိုပြုချက်ကို အတည်ပြုကြမယ်ဆိုတာတော့ မသိရသေးတဲ့အကြောင်း
စည်းဝေးပွဲတွေနဲ့ နီးစပ်တဲ့ သံတမန်အသိုင်းအဝိုင်းက ပြောပါတယ်။

ဒီအတောအတွင်း အစ္စရေးနဲ့ ပါလက်စတိုင်းအကြား သူ့အနေနဲ့ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ
အမြန်ဆုံး စေ့စပ်ညှိနှိုင်းပေးလိုတဲ့အကြောင်း အီဂျစ်သမ္မတ ဟို့စ်နီ မူဘာရက်ခ် (Hosni
Mubarak) က အဆိုပြုထားပါတယ်။ ဒါပေမယ့် အီဂျစ်သမ္မတရဲ့ ဆောင်ရွက်ပေးလိုမှု
အပေါ် အစ္စရေးက အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ပဲ စေလွှတ်မယ်လို့ အကြောင်းပြန်
ထားတဲ့အကြောင်း အီဂျစ်နိုင်ငံခြားရေးဝန်ကြီးက သတင်းထောက်တွေကို ပြောပါတယ်။

အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတို့ရဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ဒေသ
စံတော်ချိန် ကြာသပတေးနေ့မနက်မှာ ဆက်လက်ပြုလုပ်ကြဖို့ ရှိပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG