သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးအကျဉ်းသားတွေ ထောင်ဝင်စာတွေ့ခွင့် ပိတ်ပင်ခံရ


မြန်မာနိုင်ငံက အကျဉ်းထောင်တွေထဲမှာ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ နိုင်ငံရေးအကျဉ်း
သားတွေကို သူတို့ရဲ့မိသားစုဝင်တွေနဲ့ တွေ့ဆုံခွင့်မပြုတဲ့အတွက် သက်ဆိုင်ရာမိသားစု
တွေ သောကရောက်နေကြရပါတယ်။ ဒီအထဲမှာ ဝေးလံတဲ့ထောင်တွေဆီကို
ရွှေ့ပြောင်းခံရသူတွေအတွက် ကျန်းမာရေးကအစ စိုးရိမ်စရာဖြစ်နေရတဲ့ အခြေအနေ
မှာ ဒီလိုကြုံနေရလို့လည်း ပိုလို့ ပူပန်နေကြတာပါ။ နိုင်ငံရေးအကျဉ်းသား မိသားစုတွေ
က ဘာတွေပြောကြတယ်ဆိုတာကို စုံစမ်းထားတဲ့ ကိုအောင်လွင်ဦးက တင်ပြပေးထား
ပါတယ်။

နယ်ထောင်တွေကို ပြောင်းရွှေ့ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အခုတပတ်ထဲ
သွားရောက်တွေ့ဆုံတဲ့နေရာမှာ မိသားစုတွေကို တွေ့ခွင့်မပေးနိုင်ဘူးဆိုပြီး ထောင်
အာဏာပိုင်တွေက ငြင်းဆိုနေလို့ မိသားစုတွေ စိတ်မချမ်းမသာ ဖြစ်နေကြရတာပါ။
ဒီအထဲမှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ဖြစ်ကြတဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေ၊
နိုင်ငံကျော်လူရွှင်တော် စွယ်စုံအနုပညာရှင် ဇာဂနာ ခေါ် ကိုသူရ၊ အားကစားဂျာနယ်
အယ်ဒီတာတဦးဖြစ်တဲ့ ကိုဇော်သက်ထွေး စတဲ့သူတွေရဲ့ မိသားစုတွေလည်း ပါဝင်ခဲ့ကြ
တာပါ။

အထူးသဖြင့်ကတော့ ဒီ နိုင်ငံရေးအကျဉ်းသားတွေကို ထိန်းသိမ်းထားတဲ့ မိသားစုနဲ့
အလှမ်းဝေးရာ ဝေးလံခေါင်ဖျားတဲ့ ထောင်တွေဆီကို တကူးတက လိုက်သွားပြီး
တွေ့ဆုံခွင့်မရလို့ စိတ်မောလူမော ဖြစ်ကြရတာပါ။ ဒီအထဲက ရှမ်းပြည်နယ် တောင်ကြီး
အကျဉ်းထောင်ကို သွားပြီးတော့ ခင်ပွန်းသည် ကိုဇော်သက်ထွေးကို တွေ့ဆုံခွင့်ရဖို့
ကြိုးစားခဲ့ပေမယ့် မရခဲ့တဲ့ ဇနီးသည်ဖြစ်သူ မခိုင်ချို ပြောပြတာကတော့ …

“မတွေ့ရဘူး၊ ဒီနေ့ပဲပြန်ရောက်တာ။ ဘယ်လိုဖြစ်လဲဆိုတော့ သူတို့က အထက်က
ညွှန်ကြားထားတယ်ဆိုပြီးတော့ပဲ ပေးမတွေ့တာ။ တွေ့လို့မရသေးဘူးတဲ့၊ အဲဒီလိုပြော
တယ်။ သူတို့လည်း အတိအကျ မသိသေးဘူးတဲ့။ မသိသေးဘူးဆိုတော့ ကျမတို့ကပဲ
လှမ်းပြီးတော့ စုံစမ်းရမှာပေါ့လေ။ အဲလိုသဘောမျိုးပဲ။ ဘယ်နေ့ကစတာလဲဆိုတော့
ရှေ့တရက်နှစ်ရက်ကပဲ စတာလို့ အဲဒီလိုပဲပြောတယ်။ ဒီဇန်နဝါရီလကမှ စတယ်လို့
ပြောတယ်။ ကျမတို့ကတော့ လူချင်းမတွေ့ရရင်လည်း ပစ္စည်းလေးတော့ ပေးခဲ့ပါရစေ
လို့ပြောပြီး ပေးခဲ့တော့ သူတို့ လက်ခံထားလိုက်ပါတယ်။ ပေးပေးမယ်လို့ပြောတယ်၊
နည်းနည်းတော်သေးတာပေါ့။ ကျမကြားတာတော့ မနီလာသိန်းတို့အိမ်ကလည်း
မတွေ့ရဘူးလို့ကြားတယ်။ ဦးသူရလည်း မတွေ့ရဘူးလို့ကြားတယ်။”

အခုနောက်ဆုံး သိရတဲ့အထဲမှာဆိုရင် မကွေးတိုင်း သရက်ထောင်မှာ ဖမ်းဆီးခံထားရ
တဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ မနီလာသိန်းဟာဆိုရင်
မိသားစုက ထောင်ဝင်စာပေးပို့တာကိုတောင် ငြင်းပယ်ခံရတာမျိုး ရှိခဲ့တယ်လို့ ကြားရ
ပါတယ်။ တကယ်တော့ အကျဉ်းထောင်တွင်း ကြမ်းတမ်းတဲ့ အခြေအနေတွေအပြင်
မြန်မာနိုင်ငံက အကျဉ်းထောင်တွေမှာတော့ ကျန်းမာရေးစောင့်ရှောက်မှု မပြည့်စုံတာ
မျိုးတွေကလည်း ရှိနေလို့ သက်ဆိုင်ရာ မိသားစုတွေက ပြင်ပက ဆေးဝါးပေးပို့
ထောက်ပံ့ကူညီနေရတဲ့ အခြေအနေမျိုးပါ။ ဒါကြောင့်မို့လို့လည်း မိသားစုတွေ အခုလို
တွေ့ခွင့် ဆုံခွင့် မရကြတဲ့အတွက် စိုးရိမ်မှုတွေက ပိုကြရတာ ဖြစ်ပါတယ်။

“ကျမတို့ကတော့ အမှန်အတိုင်းပြောရရင် ဒီဟာသွားဖို့အတွက် ရုံးကလည်း ခွင့်တွေ
ဘာတွေ ယူရတယ်။ ပြီးတော့ အခုဟာကလည်း စိတ်ပူတာပေါ့၊ အဝေးကြီးဆိုတော့
လည်း ၁၄ ရက်တခါ မသွားနိုင်ဘူး။ တလမှတခါ သွားတဲ့ဟာကို မတွေ့ရဘူးဆိုတော့
စိတ်မကောင်းဖြစ်တာရယ်၊ နည်းနည်းစိတ်ပူတာပေါ့။ သူတို့ကို ဘယ်လိုမျိုးဖြစ်လဲ၊
အထဲမှာ ဘာများဖြစ်လို့ ပေးမတွေ့တာလဲဆိုတာ၊ ဘယ်သူ့ကိုစုံစမ်းလို့ စုံစမ်းရမှန်းမသိ
တဲ့အတွက် နည်းနည်းတော့ စိတ်ပူတာပေါ့။ ဒါပေမယ့်လည်း ကြားရသလောက် တချို့
လူတွေလည်း မတွေ့ရဘူးဆိုတော့၊ အများနဲ့ဖြစ်တာဆိုတော့လည်း ကျမတို့ ဘယ်လို
တတ်နိုင်မလဲ။ အခု သတင်းပဲ စောင့်နားထောင်ရုံပဲရှိတယ်။ စိတ်ပူတာတော့ သူ့အမေ
ဆိုလည်း စိတ်ပူတယ်၊ ကျမအမေဆိုလည်း စိတ်ပူတာပေါ့၊ လူကြီးတွေဆိုတော့။
အင်းစိန်မှာဆိုရင်တော့ ကျမတို့က သိနေနိုင်တယ်။ အခုက တောင်ကြီးဆိုတော့ ဘုရား
မှာ ဆုတောင်းရုံကလွဲပြီး ဘာမှမရှိဘူး။ စိတ်မကောင်းတော့ဖြစ်တာပေါ့၊ ဘာပဲ
ပြောပြော ကိုယ်က အချိန်ယူပြီး သွားထားရတယ်ဆိုတော့။”

ရှမ်းပြည်နယ် တောင်ကြီးထောင်မှာ ထိန်းသိမ်းခံထားရတဲ့ အားကစားဂျာနယ်
အယ်ဒီတာ ကိုဇော်သက်ထွေးရဲ့ ဇနီးသည်ဖြစ်သူ မခိုင်ချို ပြောပြသွားတာ ဖြစ်ပါတယ်။

အာဏာပိုင်တွေက ပြီးခဲ့တဲ့နှစ်ထဲကစလို့ နိုင်ငံရေးအကျဉ်းသားတွေ ရာနဲ့ချီပြီး
ထောင်ဒဏ်ပြစ်ဒဏ်တွေ ချမှတ်ခဲ့ပြီး နောက်ဆက်တွဲ မိသားစုနဲ့ အလှမ်းဝေးတဲ့
ထောင်တွေကို ရွှေ့ပြောင်းခဲ့တာပါ။ ဒီလိုပြောင်းရွှေ့လိုက်တဲ့ထောင်တွေမှာ ခက်ခဲတဲ့
အခြေအနေတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သတင်းတွေ ထွက်ပေါ်နေချိန်မှာပဲ အခုအခါ
မှာတော့ ဒီအထဲက ထောင်တချို့မှာ ထိန်းသိမ်းထားသူတွေကို မိသားစုနဲ့ပါ တွေ့ဆုံခွင့်
ငြင်းပယ်နေတဲ့ အခြေအနေမျိုးနဲ့ ထပ်ပြီးကြုံနေကြရတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG