ဂါဇာကမ်းမြှောင်ဒေသမှာ တိုက်ပွဲတွေဆက်ဖြစ်
နေပြီး ရော့ကက်လောင်ချာတွေနဲ့ ပစ်ခတ်
တိုက်ခိုက်မှုတွေ ရှိနေတဲ့အချိန်မှာ လက်ဘနွန်
ကနေ အစ္စရေးမြောက်ပိုင်းထဲကို ရော့ကက်
လောင်ချာတွေနဲ့ အကြိမ်တော်တော်များများ
ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ဂျေယုဆလင်ကနေ
ဗွီအိုအေသတင်းထောက် ဆွန်ဂျာ ပေ့စ် (Sonja
Pace) သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဦး
က တင်ပြပေးထားပါတယ်။
လေကြောင်းရန် အရေးပေါ် အချက်ပေး ဥသြ
ဆွဲသံတွေကို ကြားနေရတာပါ။ ဒီတခါ ကြားနေရ
တာက အစ္စရေး မြောက်ဘက်ပိုင်းမှာပါ။
လက်ဘနွန်ဘက်က ရော့ကက်တွေနဲ့ တိုက်ခိုက်တဲ့အသံတွေပါ။
လက်ဘနွန်တောင်ပိုင်းဒေသမှာရှိတဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းရေးအဖွဲ့
ဒုတိယပြောရေးဆိုခွင့်ရှိသူ Andrea Tenenti က ဒီလို လက်ဘနွန်ဘက်က ပစ်ခတ်
တိုက်ခိုက်မှုတွေ ရှိခဲ့တာကို အတည်ပြုပြောဆိုပါတယ်။
“လက်ဘနွန်တောင်ပိုင်း နကိုယူရာ (Naqoura) အရှေ့ဘက် ၇ ကီလိုမီတာ အကွာကနေ
ဒီနေ့မနက် အနည်းဆုံး ရော့ကက်လောင်ချာ သုံးခုနဲ့ အစ္စရေးဘက်ကို ပစ်ခတ်ခဲ့တယ်
ဆိုတာ ကျနော်တို့ အတည်ပြုနိုင်ပါတယ်။”
လက်ဘနွန်ဘက်က ပစ်ခတ်လိုက်တဲ့ ရော့ကက်တွေက အစ္စရေးနယ်ခြားမြို့ဖြစ်တဲ့
နာဟာရီယား (Nahariya) မြို့ကို ထိမှန်ခဲ့ပါတယ်။ ဒီလို ပစ်ခတ်မှုတွေကြား နာဟာ
ရီယားမြို့မှာရှိတဲ့ လူအိုရုံကို သွားပြီးထိမှန်ခဲ့ပြီး လူနှစ်ယောက် အနည်းငယ် ထိခိုက်
ဒဏ်ရာရခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ အစ္စရေးဘက်ကလည်း အမြောက်
တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပါတယ်။ လက်ဘနွန်အာဏာပိုင်တွေကတော့ ဒီလိုပစ်ခတ်မှု
ကို သူတို့အနေနဲ့ စုံစမ်းစစ်ဆေးနေတယ်လို့ ပြောပါတယ်။
လက်ဘနွန်ဝန်ကြီးချုပ် ဖော့်ဒ် ဆင်နီယိုရာကတော့ ဒီလိုတိုက်ခိုက်မှုကို ရှုတ်ချပြောဆို
လိုက်ပါတယ်။ ဒီလိုတိုက်ခိုက်မှုဟာ အခြေအနေ တည်ငြိမ်အေးဆေးတာကို
နှောင့်ယှက်တဲ့ တိုက်ခိုက်မှုလို့ ပြောဆိုပါတယ်။ အစ္စရေးဘက်က တုံ့ပြန်ပစ်ခတ်တဲ့
အပေါ်မှာလည်း ရှုတ်ချပါတယ်။
အခုအချိန်အထိ ဘယ်သူကမှ ဒီလို ပစ်ခတ်တိုက်ခိုက်တာနဲ့ ပတ်သက်လို့ တာဝန်
ရှိတယ်ဆိုတာ ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။ အစောပိုင်းသတင်းတွေမှာတော့
လက်ဘနွန်မှာရှိတဲ့ ပါလက်စတိုင်း ခွဲထွက်အဖွဲ့ရဲ့ လက်ချက်ဖြစ်နိုင်တယ်ဆိုပြီး
ရည်ညွှန်းပြောတာမျိုးတွေ ရှိပါတယ်။ အစ္စရေးဘက်က ၂၀၀၆ ခုနှစ်ကတည်းက
တိုက်ခိုက်ခဲ့တဲ့ ဟက်ဇ်ဘိုလာ စစ်သွေးကြွအဖွဲ့တွေ မဟုတ်တဲ့ အခြားအဖွဲ့ကို ဆိုလိုတာ
ဖြစ်ပါတယ်။
ဒီလို လက်ဘနွန်ဘက်က ပတ်ခတ်မှုဟာ အစ္စရေးကိုတိုက်ခိုက်တဲ့ ဒုတိယစစ်မျက်နှာ
ဖွင့်လိုက်တာလို့ ရည်ညွှန်းတဲ့ လက္ခဏာလို့တော့ မမြင်ရသေးပါဘူး။ ဒီလို စစ်မျက်နှာ
ထပ်ဖွင့်မှာကို အစ္စရေးဘက်က စိုးရိမ်ကောင်း စိုးရိမ်နိုင်ပါတယ်။
ဂါဇာကို မြေပြင်က ထိုးစစ်စတင်ပြီလို့ ကြေညာလိုက်တဲ့ အချိန်ကတည်းက အစ္စရေး
ကာကွယ်ရေးဝန်ကြီး အီဟွတ်ဒ် ဘာရတ်ခ် (Ehud Barak) က အစ္စရေးအနေနဲ့
မြောက်ဘက်ပိုင်း နယ်ခြားဒေသကို အနီးကပ်စောင့်ကြည့်နေတဲ့အကြောင်း ပြောပါ
တယ်။
“အခြေအနေကတော့ ဆက်ပြီး အေးအေးဆေးဆေး ရှိနေအုံးမယ်လို့ ကျနော်တို့
မျှော်လင့်ပါတယ်။ ဒါပေမယ့်လည်း အဲဒီဒေသမှာ မလိုချင်တဲ့ အနေအထားတခုခု
ရင်ဆိုင်လာနေရမှာကို ကျနော်တို့ ရင်ဆိုင်ဖို့ အဆင်သင့် တပ်လှန့်ထားပါတယ်။”
ဂါဇာမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး တညထဲမှာ အစ္စရေးဘက်က လေကြောင်းကနေ
အကြိမ် ၆၀ ကျော် တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ပါလက်
စတိုင်းဘက်ကလည်း အစ္စရေးတောင်ပိုင်းကို ရော့ကက်လောင်ချာတွေနဲ့ ဆက်ပစ်နေ
ပါတယ်။
အစ္စရေးဘက်က ဂါဇာဒေသခံတွေ အထောက်အပံ့နဲ့ အခြား ဆေးဝါးကုသရေး အကူ
အညီတွေ ရနိုင်အောင် လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ပေးနိုင်
အောင် တိုက်ခိုက်မှုတွေကို သုံးနာရီ ရပ်ပေးခဲ့ပါတယ်။ ဒါဟာ တိုက်ပွဲအကြား ဒုတိယ
နေ့အဖြစ် အစ္စရေးဘက်က အခြေအနေကို လျှော့ပေးတာဖြစ်ပါတယ်။ ဒါပေမယ့်
သုံးနာရီထဲ ရပ်ဆိုင်းပေးတာဟာ မလုံလောက်ဘူးလို့ အကူအညီပေးရေးအဖွဲ့ အရာရှိ
တွေက ပြောပါတယ်။
အပစ်အခတ်ရပ်စဲရေး ဖြစ်နိုင်ခြေတွေအတွက် အစ္စရေးဘက်က အီဂျစ်ကို ထိပ်တန်း
ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ထားပါတယ်။ ဟားမတ်စ်နဲ့ ပါလက်စတိုင်း အာဏာပိုင်
တွေဘက်က ကိုယ်စားလှယ်တွေလည်း အီဂျစ်မှာ သီးခြားတွေ့ဆုံပြီး ဂါဇာတိုက်ပွဲတွေ
အဆုံးသတ်ရေး ဆွေးနွေးမယ်လို့ မျှော်လင့်ရပါတယ်။