သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အစိုးရက နဖားကြိုးဆွဲခေါ်တိုင်း အန်န်အယ်လ်ဒီ မလိုက်နိုင်


မြန်မာစစ်အစိုးရက ၂၀၁၀ ခုနှစ်မှာ ရွေးကောက်ပွဲပြုလုပ်ပေးမယ်ဆိုတဲ့အပေါ်မှာ
ရွေးကောက်ပွဲဝင်ဖို့ စိုင်းပြင်းနေကြပြီး နိုင်ငံရေးပါတီတွေလည်း တည်ထောင်ဖို့ ပြင်ဆင်
နေကြပါတယ်။ ဒါပေမယ့် ပါတီတည်ထောင်ခွင့်တို့၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတို့၊
နည်းဥပဒေ လုပ်ထုံးလုပ်နည်းဆိုတာတွေ အခုအချိန်အထိ မြန်မာစစ်အစိုးရက
ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ ၂၀၁၀ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအတွင်း
က အဓိက အတိုက်အခံပါတီကြီးတခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အမြင်
တွေကို ဗွီအိုအေဝိုင်းတော်သား ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းရာမှာ ပါတီ
ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဝင်းတင်က အခုလိုပြောပါတယ်။

“အခြေခံဥပဒေကို လက်မခံဘူးဆိုတာနဲ့ တပြိုင်တည်း ကျနော်တို့မှာ တခြားလည်း
ဘာမှ သိပ်ပြီးတော့ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ဘာမှစဉ်းစားစရာ မလိုသေးဘူးလို့
ကျနော် ယူဆတယ်။ ဒီအခြေခံဥပဒေဆိုတာက အတည်မဖြစ်သေးဘူး။ လွှတ်တော်
ပေါ်ပေါက်လာတဲ့ အခါကြမှ အခြေခံဥပဒေက အတည်ဖြစ်မှာ။ အဲဒီအတည်မဖြစ်ခင်
အခြေခံဥပဒေကို ပြန်လည်သုံးသပ်ကြရအောင်ဆိုပြီး ကျနော်တို့က ကမ်းလှမ်းတယ်။
ဒီအခြေခံဥပဒေ ပြန်လည်သုံးသပ်ရေးဆိုတဲ့ကိစ္စကို ဘာမှ တစုံတရာ အဖြေမပေးဘဲနဲ့၊
လက်ခံခြင်းမပြုဘဲနဲ့ ရွေးကောက်ပွဲဆိုတာကို ကျနော်တို့ကတော့ ဘာမှ စကားထဲကို
ထည့်မပြောဘူး၊ အသိအမှတ်လည်း မပြုဘူး၊ စဉ်းလည်း မစဉ်းစားဘူး။ ဒါ ကျနော်တို့ရဲ့
လက်ရှိအခြေအနေပဲ။”

နိုင်ငံတကာကလည်း တောင်းဆိုနေပါတယ်။ လက်ရှိ ၂၀၁၀ ရွေးကောက်ပွဲကို
လွတ်လပ်ပြီး မျှတအောင်ဆိုရင် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပါ၊ နိုင်ငံရေးအဖွဲ့
အစည်း အားလုံးပါဝင်နိုင်တဲ့ အခင်းအကျင်းတခု ဖန်တီးပေးပါဆိုပြီး တောင်းနေပါ
တယ်။ ဒါပေမယ့် စစ်အစိုးရဘက်က ဘာကိုမှ ဂရုမစိုက်ဘဲ သူတို့လုပ်မယ့်ပုံစံကိုပဲ
စိုက်လိုက်မတ်တပ်သွားမယ့်ပုံစံ မြင်နေရပါတယ်။ အကယ်၍ အဲဒီလိုပဲ သွားမယ်ဆိုရင်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လက်ရှိရပ်တည်ချက်နဲ့ဆိုရင် ပါတီရပ်တည်ရေး
အတွက် နောက်ပိုင်းမှာ တစုံတရာ ပြဿနာ ရှိမလာနိုင်ဘူးလား။

“ရှိနိုင်တာပေါ့ခင်ဗျာ။ ကျနော်တို့က နိုင်ငံရေးလုပ်တဲ့အခါကြတော့ တယူသန်ဖို့၊
ခေါင်းမာဖို့ဆိုတာ မဟုတ်ပါဘူး။ သို့သော် ကျနော်တို့ ဆုပ်ကိုင်ထားတဲ့ အခြေခံမူဝါဒ
တွေ၊ အခြေခံသဘောတရားတွေကိုတော့ ကျနော်တို့က စွန့်လွှတ်ပြီး၊ ပစ်ပယ်ပြီး
သူများခိုင်းတိုင်း၊ သူများခေါ်တိုင်း မသွားနိုင်ပါဘူး။ ထပ်ထပ်ပြီး အခြေအနေသစ်တွေ
ပေါ်ပေါက်လာခြင်း မရှိဘဲနဲ့ဆိုရင်တော့ ရှေ့အလားအလာကလည်း အတော်တော့
မှုန်ဝါးနေတဲ့၊ မှေးမှိန်တဲ့ အနေအထားမှာ ရှိနေပါတယ်။ မှေးမှိန်မှာကြောက်တာ တခု
တည်းနဲ့တော့ ကျနော်တို့တွေ အကုန်လုံးက သူတို့ခြေသလုံးဖက်လို့တော့ မရတော့ဘူး။
ဒီလမ်းကိုလျှောက်ဆိုပြီးတော့ ကျနော်တို့ကို နဖားကြိုးတပ် ဆွဲခေါ်တိုင်းလည်း
ကျနော်တို့ မလိုက်နိုင်တော့ဘူး။ ဒါ ဦးကြည်မောင်စကားနဲ့ ပြောရရင်တော့
မောင်ခေါ်ရာ မယ်မလိုက်နိုင်ဘူးလို့ပဲ ပြောပြောပေါ့ဗျာ။ ဒါမှမဟုတ် ကျနော် စကား
အသစ်နဲ့ ပြောရရင်တော့ ကျနော်တို့ နဖားကြိုးဆွဲခေါ်တိုင်း မလိုက်နိုင်ဘူးလို့ပဲ
ပြောရမှာပဲခင်ဗျ။”

ဆက်စပ်သတင်းများ ...

XS
SM
MD
LG