သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြိုင် ရေနံမှော်အလုပ်သမား အဓိကရုဏ်း စစ်တပ်က ပစ်ခတ်နှိမ်နှင်း


မြန်မာပြည် အလယ်ပိုင်း မကွေးတိုင်း မြိုင်မြို့နယ်မှာ ပုဂ္ဂလိကပိုင် ကုမ္ပဏီ တခုနဲ့ ဒေသခံတွေ ရေနံ တူးဖော်ရေး လုပ်ငန်းတို့ အချေအတင်တွေ ဖြစ်ကြရာက ပဋိပက္ခတွေ ဖြစ်ခဲ့လို့၊ အာဏာပိုင်တွေက ဖမ်းဆီးအရေးယှုတာတွေ ထိခိုက်ဒဏ်ရာ ရသူတွေ ရှိတဲ့အထိ ဖြစ်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့ညပိုင်းက စတင်လိုက်တဲ့ ပြဿနာကြောင့် နောက်ဆက်တွဲ မြိုင်မြို့နယ် ရေနံမြေဒေသမှာ အခြေအနေတွေဟာ တင်းမာနေဆဲ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ အကြောင်းစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။


မကွေးတိုင်း မြိုင်မြို့အနီးက ရေနံ ထွက်ရာဒေသမှာ ဒေသခံ ရေနံ တူးဖော်ရေး လုပ်ငန်း လုပ်သူတွေနဲ့ ပုဂ္ဂလိကပိုင် ကုမ္ပဏီ တခုတို့အကြား အချေအတင်ဖြစ်ရာက ပဋိပက္ခတွေ ဖြစ်တဲ့အထိ ပြဿနာတွေ ကြီးထွားခဲ့တာပါ။ နောက်ဆုံး လုံခြုံရေး အာဏာပိုင်တွေဘက်က ပစ်တာခတ်တာ ဖမ်းတာဆီးတာတွေ လုပ်ခဲ့တဲ့အထိ ဖြစ်ခဲ့ရတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။ မနေ့ညပိုင်းက စဖြစ်ခဲ့တဲ့ ဒီပဋိပက္ခမှုနဲ့ ပတ်သက်လို့ အနည်းဆုံး လူတဦး သေနတ်ဒဏ်ရာ ရပြီးတော့ ဒေသခံတချို့လည်း ဖမ်းဆီးခံခဲ့ရတယ်ဆိုပြီး မြိုင်မြို့ခံ တဦး ပြောပြတာကတော့ -

“မနေ့က ၇နာရီလောက်က ရေနံကုမ္ပဏီ တခုနဲ့ ဒေသခံတွေနဲ့ ပြဿနာတက်သွားတာပေါ့။ စစ်သားတွေက သေနတ်နဲ့ ပစ်လို့လေ။ လူ ၁ ယောက် ဒဏ်ရာရ။ ပြဿနာက ကုမ္ပဏီက ဒေသခံတွေ ရောင်းဝယ်နေတဲ့ ဆီကို ထုတ်ပိုင်ခွင့်ကို အရင်ပိတ်လိုက်ပြီး၊ ဆီဝယ်တဲ့အခါမှာလည်း ဈေးကို နှိမ်ဝယ်တယ်။ အလုပ်သမားတွေကိုလည်း လုပ်အားခ အပြည့်အဝမပေးဘူး။ အလုပ်သမားတွေက လုပ်အားခကို အပြည့်အ၀ ပေးဖို့နဲ့ ဆီဈေးကိုလည်း တန်ရာတန်ကြေး ရဖို့ တောင်းဆိုရာက သူတို့ ငြင်းတယ်၊ ငေါက်လွှတ်တယ်။ လုံခြုံရေးတွေက လာပြီးတောင်းဆိုတဲ့သူတွေကို သေနတ်နဲ့ ချိန်းခြောက်ပြီး ပစ်တယ်။ လူတွေက မခံနိုင်တာနဲ့ စကားများကြပြီး မီးလောင်မှုဖြစ်တယ်။ အရပ်သားတွေဘက်က လူ ၇၀၀လောက်ရှိတယ်။ တောင်းဆိုခါစကတော့ လူ၂၀၀ လောက်ပေါ့။ အလုပ်သမား စုစုပေါင်းဆိုရင်တော့ ၁၀၀၀၀ ကျော် ရှိတယ်။ အလုပ်သမားတွေက ရပိုင်ခွင့် တောင်းဆိုတဲ့ အချိန်မှာ စစ်သားတွေက သေနတ်နဲ့ ပစ်တယ်။ မှော်တဲ ဆိုတာက တဲလေးတွေနဲ့ နေတဲ့လူတွေ၊ တဲလေးတွေ အားလုံးကို သေနတ်နဲ့ လိုက်ပစ်တာ။ ရေစကြို ၂၅၇တပ်က လိုက်ပစ်တာ။ တဲထဲက ကောင်းမလေး သေနတ်နဲ့ အပစ်ခံရတယ်။ မှော်တဲက ဆီတွေနဲ့ဆိုတော့ မီး ကို အမြဲတမ်း ကြောက်နေရတယ်။ မီးလောင်မှာ ကြောက်လို့ ပစ္စည်းတွေ သိမ်းနေရင်းနဲ့ တဲ ခေါင်မိုးကို ဖောက်ပြီး တဲထဲမှာ ရှိတဲ့ သူကို သေနတ်နဲ့ လှမ်းပစ်တာ။ ဒီထဲက လူတွေက ဆေးလိပ်သောက်တို့ တခုခုနေမှာပေါ့။ မီးလောင်မှု ဖြစ်တယ်။ ကုမ္ပဏီက လူတွေက ဒေသခံ အလုပ်သမားတွေက သူတို့ကို မီးရှို့တယ်ဆိုပြီး လူ ၄ ယောက်ကို ဖမ်းသားတယ်။ ကုမ္ပဏီ ရုံးပဲ မီးလောင်တာ။ မော်ထဲမှာ။ မှော်တဲနဲ့ မြိုင်မြို့နဲ့က ၂၁ မိုင်ဝေးတယ်။ ထိခိုက် ပျက်စီးမှုက တဲတွေ ပျက်တယ်။ သူတို့ အတင်းအဓ္ဓမနဲ့ သိမ်းထားတဲ့ ဆီတွေ မီးလောင်ပြီး ပျက်သွားတာပေါ့။ တဲ ၂တဲ ပျက်တယ်။ ကား၂ စီး မီးလောင်တယ်။”

ပူပူနွေးနွေး ပြဿနာဖြစ်ခဲ့တဲ့ မြိုင်မြို့နယ် ရေနံမြေမှာ ဒီကနေ့ အခြေအနေတွေဟာ တည်တည်ငြိမ်ငြိမ် ရှိနေပေမယ့် လုံခြုံရေး အာဏာပိုင်တွေကတော့ ဆက်ပြီး ထိန်းချုပ်ထားတာမျိုးတွေကိုတော့ တွေ့နေရတုန်းပဲ ပြီးတော့လည်း ဒီဒေသခံကပဲ ပြောပါတယ်။


“အခုတော့ တိုင်းဗျူဟာမှူးတွေ ဆင်းလာပြီးတော့ ဒီလို သောင်းကျန်းရမလားဆိုပြီး ရောက်လာတယ်။ ရဲတွေလာတယ်။ ခရိုင်မှူးတွေ အကုန်စုံတွေ အများကြီးလာတယ်။ စစ်တပ်က ဒီနေ့ထိကိုပဲ ဆက်ရှိနေတုန်းပဲ။ ပြီးတော့ အရောင်းအဝယ် ကုမ္ပဏီ လုပ်ပိုင်ခွင့်ရတယ်ဆိုတဲ့ ကုမ္ပဏီကလည်း ဒီနေ့ ဆီအရောင်းအဝယ်တွေ ဆက်လုပ်နေတယ်။ ဒေသခံတွေ ကျေနပ်အောင် ဖြေရှင်းပေးခြင်း ဘာမှ မရှိဘဲ သူတို့ အလုပ်ကိုပဲ ဆက်လုပ်နေတာပဲ။ ဆီတွေ သယ်တယ်၊ ရောင်းတယ်။ စစ်တပ်တွေ ချထားတယ်။ ဒေသခံသူတွေ သွားသွားလာလာ မလုပ်ရဘူး။”


ဒီပြဿနာနဲ့ ပတ်သက်လို့ အဲဒီမှာရှိတဲ့ အာဏာပိုင်တွေနဲ့ သက်ဆိုင်ရာ ကုမ္ပဏီကို ဆက်သွယ်ပေမယ့်လည်း မရခဲ့ပါဘူး။ မြိုင်မြို့နယ်နားက ပခုက္ကူမြို့နယ် ရဲတပ်ဖွဲ့ကတော့ ဒီကိစ္စကို သူတို့ကိုင်တွယ်နေတာမျိုး မရှိဘူးလို့ပြောပါတယ်။ မြိုင်မြို့နယ်အတွင်းမှာ ရေနံထွက်တာကို တွေ့ရတဲ့အတွက် လွန်ခဲ့တဲ့ (၁၀) နှစ်ကျော်လောက်ကစပြီး ဒေသခံတွေက ကိုယ်ပိုင်လယ်မြေတွေမှာ တပိုင်တနိုင်ရေနံတူးဖော်တာတွေ လုပ်လာခဲ့တာပါ။ နောက်ပိုင်းမှာတော့ ပုဂ္ဂလိကပိုင် ကုမ္ပဏီတွေ လုပ်ငန်းတွေပါ ဝင်ရောက်လာပြီးတော့ တူးဖော်ရောင်းဝယ်တာတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်လာတာ လို့လည်း ဒေသခံတွေက ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG