သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလဆုံးဖြတ်ချက် အာခံ ဂါဇာတိုက်ပွဲတွေ ဆက်ဖြစ်


ကုလသမဂ္ဂလုံခြုံရေးကောင်စီက ပစ်ခတ်တိုက်ခိုက်မှုတွေ ချက်ခြင်းရပ်စဲဘို့ တောင်းဆိုပေမယ့် ဂါဇာ ကမ်းမြှောင်ဒေသမှာ တိုက်ပွဲတွေ ဆက်ပြီး ဖြစ်ပွားနေပါတယ်။ ချက်ခြင်း အပစ်အခတ်ရပ်စဲဘို့ တောင်းဆိုတာကို အစ္စရေးဘက်ကရော ဟာမတ်းစ်အဖွဲ့ကပါ ငြင်းဆိုထားပါတယ်။ VOA သတင်းထောက် Sonja Pace - ဂျေယုဆလင်ကနေ သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဦး က ပြောပြပေးပါတယ်။

ကုလသမဂ္ဂ ဆုံးဖြတ်ချက်က တောင်းဆိုတာကတော့ ဂါဇာ ကမ်းမြှောင်ဒေသမှာ ရေရှည် တည်တံ့ပြီး အပြည့်အ၀လိုက်နာတဲ့ ချက်ခြင်း အပစ်အခတ် ရပ်စဲရေးပါ။ ဒါပေမယ့် ဂါဇာမှာ ဆက်ပြီး တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ဒီဆုံးဖြတ်ချက်ကို ချက်ခြင်းလိုက်နာမယ် ဆိုတာမျိုး မတွေ့ရသေးပါဘူး။ အစ္စရေး လုံခြုံရေး ၀န်ကြီးအဖွဲ့အစည်းအဝေးကို ခေါ်ယူပြီး အစ္စရေး ၀န်ကြီးချုပ် အီဟွတ်အိုမတ်က ကြေညာချက် တစောင်ထုတ်ပြန်ပါတယ်။ သူက ဟားမတ်အဖွဲ့ဘက်က အစ္စရေး ဘက်ကို ဆက်ပြီးတော့ ဒုံကျည်တွေနဲ့ ပစ်လွှတ်နေတာ တွေ့နေရတာကြောင့် ဒီအပစ်အခတ်ရပ်စဲရေး တောင်းဆိုချက်ကို အလုပ်ဖြစ်မယ်ဆိုတာ သူအနေနဲ့ မယုံကြည်တဲ့အကြောင်း ကြေညာချက်မှာ ဖော်ပြပါတယ်။ အစ္စရေး အနေနဲ့လည်း စစ်ရေး အရ ထိုးစစ်ဆင်မှုတွေကို ဆက်ပြီး လုပ်သွားမယ်လို့ ပြောပါတယ်။ ဂါဇာမှာ အစ္စရေး ဘက်က လေကြောင်းက တိုက်ခိုက်ပြီးတော့ အနဲဆုံး ပစ်မှတ်နေရာ ၅၀ လောက်ကို တညလုံး တိုက်ခိုက်နေတာပါ။ ကောင်းကင်မှာ မီးခိုးတွေ၊ မီးတောက်တွေ မြင်နေရပြီး ပေါက်ကွဲသံတွေကိုလည်း တနေ့လုံး ကြားနေရပါတယ်။ ဟားမက်စ်ဘက်ကလည်း ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ကို လက်မခံဘူးလို့ ပြောနေတုန်းမှာပဲ သူတို့က အစ္စရေး တောင်ပိုင်းကို ဒုံးကျည်တွေနဲ့ ဆက်ပြီး ပစ်ခတ်နေပါတယ်။

အာရပ် ရုပ်မြင်သံကြားကနေ ဟားမက်စ် ပြောရေး ဆိုခွင့်ရှိသူ အုရှမာ ဟရှမာက ဘေရုမှာ သူတို့ အနေနဲ့ အပစ်အခတ်ရပ်စဲရေး တောင်းဆိုချက်ကို လက်မခံဘူးလို့ ပြောပါတယ်။ ဟားမတ်စ်တွေ အနေနဲ့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ကို လက်ခံသင့်တယ်လို့ မမြင်တဲ့အကြောင်း၊ တကယ်လို့ ဆွေးနွေးပွဲတွေမှာ ဟားမတ်စ်တွေ အနေနဲ့ ကြိုပြီး ပါဝင်သင့်တယ်လို့ မြင်တဲ့အကြောင်း၊ သူတို့ကသာ ဂါဇာမှာ အာဏာကို တကယ်ပဲ ထိန်းချုပ်ထားတဲ့သူတွေ ဖြစ်တာကြောင့် ဒီလို ဆွေးနွေးပွဲတွေမှာ ပါဝင်သင့်တယ်လို့ မြင်တဲ့အကြောင်း ပြောသွားပါတယ်။

ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက် ချမှတ်နိုင်အောင် အဓိက တိုက်တိုက်တွန်းတွန်း ပြောသွားတဲ့ သူတွေ ထဲမှာ ဗြိတိန်နိုင်ငံခြားရေး ၀န်ကြီး ဒေးဗစ် မီလီဘန်း လည်း ပါပါတယ်။ သူက ဗြိတိသျှ ရုပ်မြင်သံကြားကနေ ပြောသွားတဲ့ အချိန်မှာ အခု ဆုံးဖြတ်ချက်ဟာ ပထမအဆင့်ဖြစ်ပါတယ်လို့ အခုလို ပြောပါတယ်။

“အစ္စရေးဘက်ကို ရောက်ကက်တွေနဲ့ ထုနေတာတွေ အဆုံးသတ်သွားဘို့ ရှင်းရှင်းလင်းလင်း အသိပေးပြောထားပါတယ်။ နယ်ခြားကို ဖွင့်ပေးဘို့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ လိုအပ်နေတယ်ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း ပြောထားပါတယ်။ အစားအသောက်တွေ လောင်စာဆီတွေအပြင် အခြား အရေးတကြီးလိုအပ်နေတာတွေ ရှိတယ်ဆိုတာကိုလည်း ပြောထားပါတယ်။ ချက်ခြင်း အပစ်အခတ်ရပ်စဲပြီး ရေရှည် သဘောတူညီချက်ကို နှစ်ဖက်စလုံးက အပြည့်အ၀ လေးစားလိုက်နာဘို့ လိုအပ်ပါတယ်။”

ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက် ချနိုင်အောင် တိုက်တွန်းခဲ့တဲ့ အချိန်တုန်းက အမေရိကန် ပြည်ထောင်စုက မဲမပေးဘဲ နေခဲ့ပါတယ်။ သူက အီဂျစ်နိုင်ငံက ကြားဝင်ပြီး စေ့စပ်ဆွေးနွေးပေးရေးမှာ ဘယ်လို ရလာဒ်မျိုးတွေ ထွက်လာလိမ့်မလဲ ဆိုတာကို စောင့်ချင်သေးတယ်လို့ ဆိုပါတယ်။ ဂါဇာမှာ ရှိနေတဲ့ အရပ်သားတွေရဲ့ အကျပ်အတည်းတွေ၊ ဘေးဒုက္ခတွေ ကို စိုးရိမ်မှုတွေ ပိုလာတဲ့အတွက်ကြောင့် အပစ်အခတ် ရပ်စဲရေး တိုက်ခိုက်မှုတွေ ရပ်စဲရေးအတွက် သံတမန်တွေကနေ ကြားဝင် ကြိုးပမ်းမှုတွေ အရှိန်မြှင့်လာမယ်လို့ ပြောပါတယ်။

ဂါဇာမှာ ရှိတဲ့သူတွေအတွက် အကူအညီ ပေးရေး လုပ်ငန်းတွေကို သူတို့ ရပ်စဲလိုက်ပြီ ဆိုပြီး ကြာသာပတေးနေ့က သူတို့ ကြေညာခဲ့ပါတယ်။ ဂါဇာမှာ အကူအညီပေးနေတဲ့ ကုလသမဂ္ဂ အဖွဲ့ဝင်တွေ၊ အကူအညီ ပေးနေတဲ့ ကားတွေကို အစ္စရေး ဘက်နေ တိုက်ခိုက်လာခဲ့တဲ့အတွက် ကုလသမဂ္ဂက အခုလို ကြေညာခဲ့တာပါ။ ပါလက်စတိုင်းမှာရှိတဲ့ ကျန်းမာရေး အဖွဲ့တွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး ဒီတိုက်ခိုက်မှုအတွင်းမှာ လူ ၇၆၀ သေဆုံးသွားပြီဆိုပြီး ကုလသမဂ္ဂ အစီရင်ခံစာက ဆိုပါတယ်။ အဲဒီထဲမှာ ကလေးငယ် ၂၆၀ ပါဝင်တယ်လို့ ပြောပါတယ်။ အစ္စရေးဘက်က သူတို့ဘက်က ဟားမတ်စ်တွေနဲ့ သက်ဆိုင်တဲ့ ပစ်မှတ်တွေကိုသာ အဓိကထားပြီး တိုက်ခိုက်ခဲ့တာလို့ ငြင်းဆိုပြီး ဟားမတ်စ်တွေဟာ အရပ်သားတွေကြားထဲမှာ သူတို့ရဲ့ ရော့ကပ်တွေနဲ့၊ တိုက်ခိုက်ရေး သမားတွေကို ထားတယ်လို့ ဝေဖန်ထားပါတယ်။

အစ္စရေးက အခုဆိုရင် ဂျောဒန်မြစ် အနောက်ဖက် ကမ်းခြေကို ပိတ်ထားလိုက်ပါပြီ။ ပါလက်စတိုင်းတွေကို သောကြာနေ့ ၀တ်ပြု ဆုတောင်းပွဲတွေ မသွားနိုင်အောင် ဂျေရုစလင် မြို့ဟောင်းကို ပိတ်ပင်ထားပါတယ်။ အစ္စရေးဘက်ကတော့ ဆန္ဒပြပွဲတွေ မဖြစ်အောင် အခုလို ပိတ်ပင်တာလို့ ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG