သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆေးလိပ်အန္တရာယ် ထင်တာထက် ဆိုးရွား


ဆေးလိပ်သောက်တာကြောင့် ဖြစ်ရတဲ့ အန္တရာယ်တွေကို ၁၉၆၀ ပြည့်နှစ်တွေကတည်းက ကောင်းကောင်းကြီး အထောက်အထား ပြနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ Second-hand smoke လို့ခေါ်ကြတဲ့ သူများသောက်တဲ့ ဆေးလိပ်ငွေ့တွေကို ရှုရှိုက်မိ ရာကနေ ဆေးလိပ် မသောက်တဲ့ လူမှာရတဲ့ အန္တရာယ်တွေကိုလည်း ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက နှစ်ပေါင်းများစွာ သတိပေးလာခဲ့ပါတယ်။ အခုတော့ ဒုတိယ လူတယောက်ကို အန္တရာယ်ဖြစ်စေတာတင် မကတော့ဘဲ တတိယလူအထိ အန္တရာယ် ဖြစ်ရတာကို သုတေသနပြုသူတချို့က သတိပေးလာကြပြီဖြစ်ပါတယ်။ ဗွီအိုအေ သတင်း ထောက် Art Chimes ပေးပို့ထားတဲ့ သတင်းဆောင်းပါးကို ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။


Third-hand smoke လို့ခေါ်တဲ့ တတိလူမှာ အန္တရာယ် ဖြစ်ရတာကတော့ စီးကရက်ကို မီးသတ်ပြီးတဲ့နောက်အထိ စွဲ ကျန်နေခဲ့တဲ့ ဆေးလိပ်အနံ့တို့၊ ညစ်ညမ်းတဲ့ အမှုန်အစအနတို့ပါပဲ။ ဟားဗတ်ဒ် တက္ကသိုလ်က ဒေါက်တာ Jonathan Winickoff ဟာ အဲဒီအကြောင်းကို လေ့လာနေသူပါ။


“ဖြစ်ပုံကတော့ဗျာ၊ ဆေးလိပ်သမားက အပြင်ထွက်ပြီး ဆေးလိပ်သောက်တယ်၊ အထဲပြန်ဝင်လာတယ်၊ သူတို့ဆီမှာ ဆေးလိပ်က အညစ်အကြေးတွေ ရှိနေတုန်းပဲဗျ။ သူတို့အဝတ်အစားတွေမှာ ကပ်ပါလာတဲ့ အဆိပ်အတောက်ဖြစ်စေတဲ့ မီးခိုးငွေ့တွေက ထွက်နေတုန်းပဲ။ သူတို့အသက်ရှုထုတ်လိုက်တဲ့အခါမှာလည်း ကျန်နေသေးတဲ့ ဆေးလိပ်အစအန အခိုးအငွေ့တွေက အိမ်ထဲမှာ ပြန့်သွားတဲ့အတွက် အညစ်အကြေးတွေက အိမ်ထဲမှာ သိသိသာသာကို ရှိနေသေးတာပဲ။”

ကြမ်းခင်းကော်ဇောမှာ၊ ပရိဘောဂတွေမှာ၊ အဝတ်အစားတွေမှာ စသည်အားဖြင့် ကပ်တွယ်ညိနေပြီး တတိယလူကို အန္တရာယ် ဖြစ်စေတဲ့၊ အနံ့အသက်မကောင်းတဲ့ ဆေးလိပ်အစအန အကြွင်းအကျန်တွေမှာ ဆေးလိပ်မီးခိုးငွေ့ထဲမှာပါတဲ့ အဆိပ်အတောက် ဖြစ်စေတဲ့ ဓာတုပစ္စည်းတွေ အားလုံးပါနေတယ်လို့ Winickoff ကပြောပါတယ်။


“အဆိပ်အတောက်အများဆုံးဖြစ်စေတဲ့ ဓာတ်ပစ္စည်းတချို့ကိုတော့ လူတွေ သိထားပြီးပါပြီ။ အဲဒီထဲမှာ ဓာတု လက်နက်တွေမှာ အသုံးပြုတဲ့ ဟိုက်ဒရိုဂျင် ဆိုင်ယာနိုက်ဒ်၊ မော်တော်ကားတွေကနေထွက်တဲ့ ကာဘွန် မိုနောက်ဆိုက်ဒ်၊ အိမ်သန့်ရှင်းရေးစက် တွေမှာ အသုံးပြုတဲ့ အမ်မိုးနီးယား၊ ပိုးသတ်ဆေးတွေမှာအသုံးပြုတဲ့ အာဆင်းနစ်၊ ခဲ၊ သံမဏိ လုပ်ရာမှာ အသုံးပြုတဲ့ ခရိုမီယမ်၊ ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေဗျာ၊ ရေဒီယိုဓာတ်သတ္တိကြွမှု အရမ်းမြင့်ပြီး သေစေ နိုင်တဲ့ထိ အန္တရာယ်ရှိတဲ့ ပိုလိုနီယမ် ၂၁၀ ဓာတုပစ္စည်းတွေ ပါဝင်ပါတယ်။”


အန္တရာယ်ဖြစ်ရတဲ့ တတိယလူဟာ ဘယ်သူမဆိုဖြစ်နိုင်ပေမယ့် ကလေးတွေအတွက်ကတော့ အန္တရာယ် အများဆုံးပါပဲ လို့လည်း Jonathan Winickoff ကပြောပါတယ်။


“ကလေးတွေရဲ့ အစာချေဖျက်နှုန်းက လူကြီးတွေထက် ပိုပြီးမြင့်တယ်ဗျ။ သူတို့က အသက်ရှုတာမှာလည်း ပိုမြန်တယ်။ ခန္ဓာကိုယ် ဒုထည်ကျတော့ လူကြီးတွေထက် နည်းတယ်လေ။ ဒါ့ကြောင့် လူကြီးတွေနဲ့ အတူတူပဲ ထိတယ်ဆိုရင်တောင် သူတို့ကပိုရပြီး ပို အန္တရာယ်ရှိတာပေါ့။ သူတို့ရဲ့ ခန္ဓာကိုယ်တစ်ရှုးတွေက ဖွံ့ဖြိုးတိုးတက်ဆဲ ရှိနေသေးတာကြောင့်လည်း ပိုပြီး အန္တရာယ်များရတယ်။ အထူးသဖြင့်တော့ သူတို့ရဲ့ဦးနှောက်ဟာ ဖွံ့ဖြိုးဆဲရှိနေသေးတယ်လေဗျာ။”


ဆေးလိပ်ကြောင့် တတိယလူထိ အန္တရာယ်ဖြစ်စေတယ်ဆိုတာမှာ သူတို့ရဲ့သားသမီးတွေလည်း ပါနေတယ်ဆိုတာကိုသာ မိဘ တွေသိကြရင် အိမ်မှာဆေးလိပ်သောက်တာကို မိဘတွေက ပိတ်ပင်ကန့်သတ်ဖို့အလားအလာ ပိုများတယ်ဆိုတာ စစ်တမ်း ကောက်ယူမှုတခုကနေ တွေ့ရှိရတယ်လို့ ဇန်နဝါရီလထုတ် Pediatric ဆိုတဲ့ ကလေးကျန်းမာရေးဆိုင်ရာ မဂ္ဂဇင်းမှာ Winickoff က ရေးထားပါတယ်။ ရလဒ်အနေနဲ့ ဒီအချက်ကို လူတွေပိုသိအောင်လုပ်ဖို့ အရေးကြီးပါတယ်လို့ သူက ပြောပါတယ်။


“မိဘတွေအနေနဲ့ ဆေးလိပ်နံ့ကိုရရင် ဒီ အနံ့အသက် အညစ်အကြေးတွေ တကယ်ပဲရှိနေတယ်ဆိုတာ သိရှိနားလည်ဖို့ အရေးကြီး ပါတယ်။ ဒီတော့ မိဘကအနံ့ကိုရတာနဲ့ ကလေးကို အဲဒီနေရာကနေရွှေ့ဖို့ အရေးကြီးပါတယ်။ ဆေးလိပ် သမားတွေအတွက် သတင်းစကားကတော့ အရမ်းကိုရှင်းတယ်လို့ ကျနော်ထင်ပါတယ်။ ဆေးလိပ်မသောက်တဲ့လူတွေနဲ့ ကလေးတွေကို တကယ်ပဲ ကာကွယ်ချင်တယ်ဆိုရင်တော့ အကောင်းဆုံးလုပ်ရမှာက ဆေးလိပ်ပြတ်အောင် ဆက်လုပ ်ပါဆိုတာပါပဲ။”


ဟားဗတ်တက္ကသိုလ်က Jonathan Winickoff ဟာ ကိုယ်တိုင်က ကလေးအထူးကုတယောက်ဖြစ်ပါတယ်။ ရင်ကျပ် ရောဂါဖြစ် တယ်ဆိုပြီး သူ့ဆီလာပြတဲ့ကလေးတွေကို ကုသရတဲ့အခါ မိဘတွေဆီမှာ ဆေးလိပ်နံ့ရတာကို သတိထားမိခဲ့တဲ့ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကစပြီး ဆေးလိပ်ကြောင့် တတိယလူမှာအန္တရာယ်ဖြစ်ရတဲ့ Third-hand smoke ကိစ္စကို စိတ်ဝင်စားခဲ့ပါတယ် လို့ ဒေါက်တာ Jonathan Winkckoff က ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG