သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးအပေါ်ရပ်တည်ချက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ခုခံကာကွယ်


အစ္စရေး ဟားမတ်စ် ပဋိပက္ခ မှာ အမေရိကန် ရဲ့ ရပ်တည်ချက် ကို နိုင်ငံခြားရေး ဝန်ကြီး ကွန်ဒိုလီဇာ ရိုက်စ် က ကာကွယ် ပြောဆိုနေပါတယ်။ ဂါဇာ မှာ အစ္စရေး နဲ့ ဟားမတ်စ် ကြား ချက်ချင်း အပစ်အခတ်ရပ်စဲရေး တောင်းဆိုတဲ့ ဆုံးဖြတ်ချက် တစ်ရပ် ကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ မှာ ကြာသပတေးနေ့ က ဆုံးဖြတ်ခဲ့တုန်း က အမေရိကန် နိုင်ငံ က မဲမပေးဘဲ နေခဲ့ပါတယ်။ အဲဒီ ဆုံးဖြတ်ချက် ကို အခြား အဖွဲ့ဝင် ၁၄ နိုင်ငံ က ထောက်ခံခဲ့ကြတာပါ။ အီဂျစ် က ဦးဆောင်ပြီး ဂါဇာအရေး ကြားဝင် စေ့စပ်နေတာ ကို လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက် က ပိုပြီး ထောက်ခံနိုင်ကောင်းပါတယ် လို့ ရိုက်စ် က ပြောပါတယ်။ ဗွီအိုအေ သတင်းထောက် ဒေးဗစ် ဂေါလပ်စ် နဲ့ မာဂရက် Besheer တို့ က သတင်းပေးပို့ထားတာ ကို ဦးတင်မောင်သန်း က တင်ပြပါလိမ့်မယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် မှာ တာရှည်ခံပြီး၊ အပြည့်အ၀ လေးစားလိုက်နာမယ့် အပစ်အခတ်ရပ်စဲရေး ဆိုတဲ့စကားလုံး ကို သုံးနှုန်းထားပါတယ်။ ဒီစကား က အမေရိကန် က လိုချင်တဲ့ စကားပါ။ ဒါပေမဲ့ သုံးနှုန်းပုံ နဲ့ အချိန်ရွေးချယ်ပုံ ကိုတော့ အမေရိကန် က လက်ခံဖို့ စဉ်းစားစရာ ရှိနေပါသေးတယ် လို့ နိုင်ငံခြားရေး ဝန်ကြီး ရိုက်စ် က ဆိုပါတယ်။

“ဒီမှာ အကြမ်းဖက် အဖွဲ့ နဲ့ အဖွဲ့ဝင် နိုင်ငံ အစ္စရေး တို့ ဖြစ်နေပါတယ်။ တန်းချင်း မတူပါဘူး။ ဟားမတ်စ် က ရောကက် လောင်ချာ နဲ့ တိုက်ခိုက်နေတာကြောင့် အစ္စရေး က ကိုယ့်ကိုယ်ကိုယ် ကာကွယ်နေရတာပါ။ ဒါပေမဲ့၊ လူထု ရဲ့ ဒုက္ခတွေ၊ လူသားချင်းစာနာထောက်ထားရေး အခြေအနေတွေ ကို ကျွန်မတို့ ရတက်မအေး ဖြစ်ကြပါသေးတယ်။ အဲဒီ အခြေအနေတွေ လျော့သွားအောင် အရာရာ ကို ကျွန်မတို့ လုပ်နေကြပါတယ်။” လို့ မစ္စရိုက်စ် က ပြောသွားတာပါ။

ဂါဇာ မှာ လူသားချင်း စာနာထောက်ထားရေး အခြေအနေ ကို အမေရိကန် က ရတက်မအေးဖြစ်တာ ကို အထူးပြုပြောပေမဲ့လည်း၊ အဲဒီဒေသ မှာ လူတွေ သေပျောက်၊ ဒဏ်ရာရတာ များစေခဲ့တဲ့ အစ္စရေး ရဲ့ လုပ်ပုံလုပ်နည်းအပေါ် နိုင်ငံတကာ က ဝေဖန်နေကြတဲ့အထဲကိုတော့ ရိုက်စ် က ပူးပေါင်း ပါဝင်ဝေဖန်ဖို့ ငြင်းဆိုပါတယ်။ အစ္စရေး က မြို့ပြ အခြေအနေထဲမှာ ခက်ခက်ခဲခဲ လုပ်ဆောင်နေရတာ ဖြစ်တယ်လို့ ရိုက်စ် က ပြောပါတယ်။


“လူဦးရေ ထူထပ်တဲ့ ဂါဇာလို အခြေအနေ မှာ ဒါ တော်တော်ကြီး ခက်ပါတယ်။ လူတွေ ကို တံတိုင်းအဖြစ် သုံးနေတာ၊ စစ်ရေး အတွက် ဆောက်ထားတာ မဟုတ်တဲ့ အဆောက်အအုံတွေ ကို သုံးနေတာ အစရှိတဲ့ အဲသလို လုပ်ရပ်တွေ ကို ဟားမား က လုပ်ဆောင်နေတဲ့ ဒေသဖြစ်တယ်ဆိုတာလည်း ကျွန်မ ပြောရပါလိမ့်မယ်။ ဒါကြောင့် သိပ်ခက်ပါတယ်။” လို့ သူ က ပြောပါတယ်။


ဒီအချိန်မှာပဲ၊ ကုလသမဂ္ဂ အကူအညီပေးရေး ဌာန UNRWA က ရပ်ဆိုင်းထားတဲ့ အကူအညီပေးရေး လုပ်ငန်းတွေ ကို ပြန်လုပ်မယ်လို့ အဲဒီ ဌာန ရဲ့ ညွှန်ကြားရေးမှူး John Ging က ပြောပါတယ်။


“ဒီ က ကုလသမဂ္ဂ ကိုယ်စားပြုသူတွေ နဲ့ အစ္စရေး အာဏာပိုင်တွေကြား တလေးတနက်ထား ဆွေးနွေးခဲ့ကြတဲ့ အမြင့်ဆုံး အဆင့် သံတမန်ဆက်သွယ် ဆွေးနွေးပွဲ ရဲ့ ရလာဒ် ဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ လက်တွေ့လုပ်လို့ရနိုင်တာနဲ့ ကျွန်တော်တို့ လုပ်နေတာတွေ ကို ပြန်လုပ်တော့မှာပါ။ ကျွန်တော်တို့ တောင်းဆိုခဲ့တာကတော့ ယုံကြည်စိတ်ချလို့ ရမယ့် အာမခံချက် ဖြစ်ပါတယ်။”

ပြင်သစ် အီဂျစ် သံတမန်ရေး ကြားဝင်စေ့စပ်မှုတွေ ဖြစ်နေတဲ့အချိန်မှာ အာရပ်နိုင်ငံတွေ ရဲ့ ဖိအား ကို အလျှော့ပေးပြီး၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တစ်ရပ် ကျသွားအောင် ခွင့်ပြုခဲ့တဲ့အတွက် ဘုရှ်အစိုးရ ကို စိတ်ပျက်မိကြောင်း အစ္စရေး လိုလားတဲ့ AIPAC အုပ်စု က ပြောကြားလိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG