သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှုများ ပြန်လည် သုံးသပ်ရန် အရှေ့တီမော သမ္မတ တိုက်တွန်း


မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့အရေးယူတဲ့ မူဝါဒထားကြတဲ့ အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့အနေနဲ့ သူတို့ရဲ့ မူဝါဒတွေကို ပြန်ပြီး သုံးသပ်သင့်တယ်လို့ အရှေ့တီမော သမ္မတ Hose Ramos Horta က ပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် ခိုင်မာတိကျတဲ့ လုပ်ငန်းစဉ်တွေ ရှိဖို့လိုသလို၊ တဖက်မှာလည်း စီးပွားရေး ပြန်လည် ထူထောင်မှု အစီအစဉ်တွေကို တပြိုင်တည်း ပြင်ဆင် ဆောင်ရွက်သွားသင့်တယ်လို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က နိုင်ငံခြား သတင်းထောက်များ ကလပ်မှာ အရှေ့တီမော သမ္မတ ရာမို့ဟိုတာ က ပြောခဲ့တာဖြစ်ပါတယ်။ ဒီအကြောင်း အပြည့်အစုံကို မစုမြတ်မွန်က ဆက်ပြီး ပြောပြပေးပါမယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို အရှေ့ တီမောအနေနဲ့ ဆက်ပြီး ထောက်ခံသွားမှာ ဖြစ်တယ်လို့ အရှေ့ တီမော သမ္မတ Mr Hose Ramos Horta က ပြောဆိုပြီး မြန်မာနိုင်ငံအပေါ်ထားတဲ့ အနောက်နိုင်ငံတွေရဲ့ စီးပွားရေး အရ ပိတ်ဆို့အရးယူတဲ့ ပေါ်လစီကို ပြန်သုံးသပ်ကြဖို့ လိုတယ်လို့ မစ္စတာ ရာမို့ဟိုတာက တိုက်တွန်းလိုက်ပါတယ်။

“မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် အရှေ့တီမောနိုင်ငံအနေနဲ့ ဆက်ပြီး ထောက်ခံနေတယ် ဆိုတာကို ကျနော် ထပ်လောင်းပြောပါရစေ။ ဝါရှင်တန်မှာရော ဥရောပမှာရော မိတ်ဆွေတွေကို အကြိမ်ပေါင်းများစွာ ပြောဖူးပါတယ်။ ဒါကတော့ မြန်မာနိုင်ငံကို ပိတ်ဆို့ အရေးယူဒဏ်ခတ်တာဟာ နိုင်ငံရေးအရ ကျင့်ဝတ်ပိုင်းအရ မှန်ကန်တယ်ဆိုတာ ကျနော် လက်မခံဘူး သဘောမတူဘူး ဆိုတာပါပဲ။”

လက်တွေ့ကျတဲ့ ဆောင်ရွက်မှုမလုပ်ရင် မြန်မာနိုင်ငံအတွက် ရေတိုအတွက်ရော ရေရှည်အတွက်ပါ အဖြေ ထွက်လာမှာ မဟုတ်ဘူးလို့ Mr Ramos Horta ပြောပါတယ်။

“မြန်မာနိုင်ငံမှာ နိုင်ငံခြား ခရီးသွားလာရေး လုပ်ငန်းတွေ ပြန်ပွင့်လာဖို့ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေလုပ်ဖို့ မြန်မာနဲ့ အခြားနိုင်ငံ ကျောင်းသားတွေ အပြန်အလှန် လဲလှယ်လက်ခံတာတွေ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူ ပုဂ္ဂိုလ်တွေ အပြန်အလှန် ဖိတ်ကြား ခေါ်ယူတာမျိုးတွေ ဘယ်လို ဆောင်ရွက် လုပ်ကိုင်သင့်တယ် ဆိုတာကို အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂ နိုင်ငံတွေနဲ့ အခြား နိုင်ငံတွေအနေနဲ့ ပြန်ပြီး သုံးသပ်စဉ်စားသင့်ပါတယ်။”

မြန်မာနိုင်ငံမှာ အုပ်ချုပ်တဲ့ ခေါင်းဆောင်တွေရဲ ့အပြစ်ကို ပြည်သူတွေက မခံသင့်ဘူးတဲ့အတွက် နိုင်ငံတကာရဲ့ မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ အရေးယူ ဒဏ်ခတ်မှု ကို သူ ဆန့်ကျင်တယ်လို့ အရှေ ့တီမော သမ္မတရဲ့ ပြောကြားချက် အပေါ်မှာ ဒဏ်ခတ် အရေးယူရေးအတွက် စည်းရုံးလှုပ်ရှားနေတဲ့ NCGUB ပြည်ထောင်စုမြန်မာနိုင်ငံညွန့်ပေါင်းအစိုးရရဲ့ ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာ သောင်းထွန်းရဲ့ သဘောထားကရော ဘယ်လို ရှိပါသလဲ။

“စီးပွားရေး ပိတ်ဆို့မှုရဲ့ အဓိက ပစ်မှတ်က နအဖ ဗိုလ်ချုပ်တွေနဲ့ သူတို့ လက်ဝေခံ အမြတ်ထုတ်နေတဲ့ လုပ်ငန်းရှင်တွေကို ရည်ရွယ်ပါတယ်။ ဒါကြောင့် ပြည်သူလူထုကို ထိခိုက်စေမယ့် ကျူးဘား ပိတ်ဆို့မှုလိုမျိုး ဘယ်နိုင်ငံမှ မလုပ်ပါဘူး။ ကျွန်တော်တို့ကလည်း မတောင်းဆိုပါဘူး။ လက်ရှိမြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ တကယ့် တံခါးဖွင့် စီးပွားရေး ဖြစ်ခဲ့မယ်။ တကယ့် ဈေးကွက် စီးပွားရေးမှာ တန်းတူ ညီမျှ စီးပွားရေး လုပ်ကိုင်နိုင်ကြမယ်။ အကျိုးအမြတ်တွေဟာ ပြည်သူလူထုအတွက် အကျိုးသက်ရောက်မှုမျိုးရှိမယ်ဆိုရင် အဲဒီလို စီးပွားရေး ပြုပြင်ပြောင်းလဲမှုမျိုး လုပ်တဲ့ အချိန်မျိုး ဆိုရင် ကျွန်တော်တို့က ပြည်သူလူထုအတွက် အများကြီး စဉ်းစားပေးဖို့ ရှိပါတယ်။ အဲဒီတော့ စီးပွားရေး ပိတ်စို့မှုကို ပြောနေတဲ့ အခါမှာ စီးပွားရေး ပိတ်ဆို့မှုကို ဖွင့်လိုက်ရင်ရော နအဖက ပြောင်းသွားမလား။ ပြည်သူလူထုအတွက် အကျိုးရှိမလား။ ပြောင့်မယ့် ခြေလှမ်းတွေရော သူတို့ ဘာကိုလုပ်သလဲ။ ပြောင်းမယ့် ခြေလှမ်းတွေကို လုပ်ဖို့ တိုက်တွန်းဖို့က ပို အရေးကြီးတယ်လို့ ကျွန်တော်တို့က ပိုမြင်ပါတယ်။”

NCGUB ပြည်ထောင်စုမြန်မနိုင်ငံ ညွန့်ပေါင်းအစိုးရရဲ့ ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာ သောင်းထွန်းရဲ ့အမြင်ဖြစ်ပါတယ်။ ဘန်ကောက်မြို့ နိုင်ငံခြား သတင်းထောက်များကလပ်မှာ လုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှာ Mr Ramos Horta ပြောခဲ့ တာကတော့ မြန်မာနိုင်ငံ ပတ်သက်လို့ နိုင်ငံတကာ ချည်းကပ်ကြတဲ့အခါမှာ မဟာဗျူဟာနှစ်ရပ်ကို တပြိုင်နက်တည်း လုပ်သင့်တယ်လို့ မစ္စတာ ဟိုတာက ယူဆပါတယ်တဲ့။

“ဥရောပသမဂ္ဂဟာ မဟာဗျူဟာတခုရှိသလို အဲဒါနဲ့တွဲပြီး အာဆီယံမှာလည်း မဟာဗျူဟာတခုရှိသင့်ပါတယ်။ ဒီဗျူဟာနှစ်ရပ်ကို အပြိုင်လုပ်ဖို့ အင်ဒိုနီးရှားသမ္မတ ဆူဇူလီယိုဘန်ဘန်း ယိုဒိုယိုနို၊ စင်ကာပူဝန်ကြီးချုပ် လီရှန်လုံး ဥရောပကော်မရှင် ဥက္ကဌ ဂျိုဆေး မန်နြူရယ် ဘာရိုဆို တို့ကို ကျနော် ပြောဆိုနားချနေပါတယ်။ မဟာဗျူဟာတခုမှာတော့ လုပ်ရမယ့်အဆင့်တွေကို ရှင်းရှင်းလင်းလင်း တိတိကျကျ အချိန် ဇယား သတ်မှတ် ဆောင်ရွက်တာမျိုး ရှိရပါမယ်။ နောက်ဆုံး အဆင့်အထိ အဆင့်တိုင်းမှာလည်း စစ်တပ်က အခွင့်ထူးရရှိနေတဲ့ အခြေအနေမျိုးမှာ ရှိနေမြဲရှိနေသင့်ပါတယ်။ ထိုင်းနိုင်ငံ အသွင်ကူးပြောင်းရေးကို ကြည့်ပါ။ ဖိလစ်ပိုင် နိုင်ငံ အသွင်ကူးပြောင်းမှုကို ကြည့်ပါ။ အင်ဒိုနီးရှားကိုကြည့်ပါ။ နိုင်ငံရဲ ့လူ့အဖွဲ့အစည်းတွေထဲမှာ စစ်တပ်ဟာ အစိတ်အပိုင်း တရပ်အနေနဲ့ ရှိနေတုန်းပါပဲ။”

စီးပွားရေးပိုင်းမှာ ပြန်လည် ထူထောင်ရေး အစီအစဉ် တရပ်ထားရှိဖို့ လိုတယ်လို့လဲ Mr Ramos Horta က ယူဆပါတယ်။ တကယ့်ကို ခိုင်မာကောင်းမွန်တဲ့ စီးပွားရေးပြန်လည်ထူထောင်မှု အစီအစဉ်ဗျူဟာတွေ မရှိထားပဲနဲ့တော့ မြန်မာနိုင်ငံဟာ နိုင်ငံရေးအရ ဒီမိုကရေစီစနစ် ပြန်လည် ထူထောင်ရေးနဲ့ တည်ငြိမ်မှု လုပ်ငန်းတွေ ချောမွေ့ အဆင်ပြေပြေ ရှိမှာ မဟုတ်ပါဘူးလို့သူက ပြောခဲ့ပါတယ်။ Mr Ramos Horta ဟာ အရင် အရှေ့ တီမော လွတ်မြောက်ရေး လှုပ်ရှားမှု ကာလတုန်းကတော့ နိုင်ငံတကာ လှည့်လည်ပြီး အထူးသဖြင့် ကုလသမဂ္ဂကနေ အရှေ့ တီမော အရေးကိစ္စကို ဆောင်ရွက်ခဲ့တဲ့ ပြည်ပရောက် လှုပ်ရှားသူ တဦးပါ။ အဲဒီကာလမှာ ပြည်ပရောက် မြန်မာ အတိုက်အခံ ဒီမိုကရေစီ လှုပ်ရှားသူတွေနဲ့ အတူ အနီးကပ် တွဲလုပ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် အရှေ့တီမော လွတ်လပ်ရေး ရပြီး နောက်ပိုင်း သူ အာဏာ ယူလာချိန်မှာတော့ မြန်မာနိုင်ငံ အပေါ် အနောက်နိုင်ငံတွေရဲ့ စီးပွားရေး အရ ပြစ်ဒဏ်ခတ် အရေးယူတာကို အတော်လေး ဝေဖန်ခဲ့ပါတယ်။ မြန်မာ ဒီမိုကရေစီရေးအတွက် အာရှက တခြား နိုင်ငံ ခေါင်းဆောင်တွေ ထက်စာရင် ပိုပြီး တဲ့တိုး ပြောလေ့ရှိသူ Mr Ramos Horta က မြန်မာနိုင်ငံမှာ စစ်တပ်ရဲ ့ထောက်ခံမှုမပါဘဲ အရပ်သား အစိုးရ ရပ်တည်နိုင်မှာ မဟုတ်ဘူးလို့ပြောခဲ့ ပါတယ်ရှင်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG