သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာကို ဆက်လက် ထိုးစစ်ဆင်ရေး အစ္စရေးဝန်ကြီးအဖွဲ့ ဆွေးနွေး


ဂါဇာ ဒေသမှာ ဟားမတ်စ် လက်နက်ကိုင်အဖွဲ့တွေကို တိုက်ခိုက်တဲ့ စစ်ဆင်ရေး ၁၆ ရက်ကြာလာပြီ ဖြစ်သလို ရှေ့ဆက် လုပ်ဆောင်မယ့် ကိစ္စရပ်တွေကို ဆွေးနွေဖို့ အစ္စရေး အစိုးရဝန်ကြီးတွေ တနင်္ဂနွေနေ့က တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ တိုက်ခိုက်မှုတွေ စတင်ခဲ့တဲ့ ဒီဇင်ဘာလ ၂၇ ရက် နေ့ကနေ အခုချိန်ထိ ပါလက်စတိုင်းဘက်က သေဆုံးသူ ၈၇၀ နဲ့ အစ္စရေးဘက်က ၁၃ ယောက် ရှိပြီလို့ ဂျေယူစလင်မြို့ ဗွီအိုအေ ဌာနခွဲကနေ သတင်းထောက် ရောဘတ် ဘာဂါ (Robert Berger) သတင်းပေးပို့လာပါတယ်။

အစ္စရေး မြေပြင်တပ်တွေဟာ လူနေသိပ်သည်းတဲ့ ဂါဇာ မြို့ တွင်းကို တနေ့ထက်တနေ့ ပိုပြီးတော့ တိုးဝင် တိုက်ခိုက်နေတဲ့ တချိန်တည်းမှာပဲ အစ္စရေး ဝန်ကြီးချုပ် အီဟွတ် အိုမာ့တ် ကလည်း ဂျေယူစလင် မြို့မှာ သူ့ရဲ့ အစိုးရ ဝန်ကြီးတွေနဲ့ ဆွေးနွေးမှုတွေ လုပ်နေပါတယ်။ ဂါဇာမှာ အပစ်အခတ် ရပ်စဲဖို့ စောနေသေးတယ်လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။

“အစ္စရေး ရဲ့ ရည်မှန်းချက်တွေ အောင်မြင်ဖို့ နီးလာနေပြီ၊ ဒါပေမယ့် ဟားမတ်စ် လက်နက်ကိုင်အဖွဲ့တွေရဲ့ လုပ်ငန်းတွေကို အခုထက်ပြီးတော့ ထိခိုက်ပျက်စီးအောင်လုပ်ဖို့ အချိန်ထပ်ယူရလိမ့်ဦးမယ်၊” - လို့ ဝန်ကြီးချုပ် အီဟွတ် အိုမာ့တ် က ဟီဘရူး ဘာသာစကား နဲ့ ပြောကြားသွားတာပါ။

ဟားမတ်စ်အဖွဲ့တွေရဲ့ ဒုံးကျည်လက်နက်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကို အဆုံးသတ်ဖို့ အစ္စရေး တောင်ပိုင်း လုံခြုံရေးအခြေအနေကို ပြောင်းလဲနိုင်ဖို့အတွက် အခိုင်အမာ ဆုံးဖြတ်ထားဖို့ နဲ့ စိတ်ရှည်ကြဖို့ လည်း သူက တောင်းဆိုခဲ့ပါတယ်။

ကာကွယ်ရေး ဝန်ကြီး အီဟွတ် ဘရက် ကလည်း အပစ်အခတ်ရပ်စဲရေး နဲ့ပတ်သက်လို့ သံတမန်ရေး လမ်းကို ဖွင့်ထားတယ်လို့ ဆိုပါတယ်။

“အစ္စရေးတပ်တွေ အနေနဲ့ ကုန်းကြောင်း၊ ရေကြောင်း နဲ့ လေကြောင်းတွေကနေ တိုက်ခိုက်မှုတွေ ဆက်လုပ်သွားမှာဖြစ်တယ်၊ တချိန်တည်းမှာလည်း အပစ်အခတ် ရပ်စဲရေး အတွက် သံတမန်ရေး နည်းလမ်းကနေတဆင့် ကြိုးပမ်းမှုတွေကိုလည်း ထည့်သွင်းစဉ်းစားမှာဖြစ်တယ်၊” - လို့ ကာကွယ်ရေး ဝန်ကြီး အီဟွတ် ဘရက် က ဟီဘရူး ဘာသာစကားနဲ့ ပြောကြားသွားတာဖြစ်ပါတယ်။

အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရယူသင့်တာကြာပြီလို့ West Bank ဒေသဆိုင်ရာ ပါလက်စတိုင်း လွှတ်တော်အမတ် ဟာနန် အက်ရှ်ရာဝီ (Hannan Ashrawi) က ပြောပါတယ်။

“ကျမ အနေနဲ့ ချက်ချင်း အပစ်အခတ် ရပ်စဲတာကို မြင်လိုပါတယ်။ စစ်ပွဲ ဓါးစာခံတွေဖြစ်နေကြတဲ့ ပါလက်စတိုင်း လူထုကို မထီမဲ့မြင်ပြုတဲ့ အခုလို အကြမ်းဖက်မှုတွေ၊ ကျူးကျော် တိုက်ခိုက်မှုတွေ ချက်ချင်း အဆုံးသတ်တာကို မြင်လိုပါတယ်။”

အစ္စရေးဘက်က ထိုးစစ်ဆင်မှုတွေကို မရပ်ဆိုင်းသရွေ့ ဂါဇာမှာ စီးပွားရေးအရ ထိခိုက်အောင် ပိတ်ဆို့ထားမှုတွေကို ဖယ်ရှားပေးခြင်း မရှိသရွေ့ အပစ်အခတ် ရပ်စဲဖို့ ကိစ္စကို စဉ်းစားမှာမဟုတ်ဘူးလို့ Damascus မှာရှိတဲ့ ပြည်ပရောက် ဟားမတ်စ် ခေါင်းဆောင် ခါးလစ်တ် မာရှယ်လ် (Khaled Mashaal) က ပြောပါတယ်။

အလားတူပဲ ဟားမတ်စ်တို့ဟာ အလံဖြူပြမှာ မဟုတ်ဘူး။ ဒါပေမယ့် အခုချိန်မှာ သူတို့တွေ တော်တော်ကို ကစဉ့်ကလျား ဖြစ်နေကြပြီလို့ အစ္စရေး လုံခြုံရေး အရာရှိတွေက အစိုးရ ဝန်ကြီးအဖွဲ့ကို ပြောဆိုခဲ့ပါတယ်။ သူတို့မှာ လက်နက်နဲ့ ဖောက်ခွဲရေးပစ္စည်းတွေ နည်းပါးလာနေပြီ ဖြစ်သလို အီဂျစ်နယ်စပ်ကနေတဆင့် ရိက္ခာသည်ရာလမ်းကြောင်းလည်း ပျက်ဆီးခဲ့ပြီမိုလို့ ဟားမတ်စ်အဖွဲ့အနေနဲ့ အပစ်အခတ် ရပ်စဲဖို့ ဆန္ဒရှိနေပြီလို့ အစ္စရေး ထောက်လှန်းရေးစစ်တပ် က ယုံကြည်ကြပါတယ်။


ဒါပေမယ့်လည်း အစ္စရေး တောင်းပိုင်းဒေသမှာ ဟားမတ်စ်အဖွဲ့ရဲ့ ဒုံးကျည်လက်နက်တွေနဲ့ ပစ်ခတ်ခံနေရဆဲ ဖြစ်သလို ဟားမတ်စ်အဖွဲ့ကို အခုထက်ပိုပြီး စစ်ရေးအရ ဖိအားပေးသွားဖို့ လုံခြုံရေး အရာရှိတွေက သဘောထား ပေးနေကြတုန်းပဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG