သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နာဂစ် နိုင်ငံတကာ အကူအညီများ ဧပြီလအလွန် ပြတ်လပ်ဖွယ်ရှိ


မြန်မာနိုင်ငံက နာဂစ်မုန်တိုင်း ဒုက္ခသည်တွေအတွက် နိုင်ငံတကာကပေးထားတဲ့
အလှူငွေတွေဟာ ဧပြီလအထိပဲ သုံးလို့လောက်မယ်လို့ အရှေ့တောင်အာရှ လူသားချင်း
စာနာမှုဆိုင်ရာ သီးခြားလွတ်လပ်တဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားလိုက်ပါတယ်။
ကုလသမဂ္ဂ အဖွဲ့အစည်းတွေကတဆင့် မဟုတ်ဘဲ မြန်မာအစိုးရကို တိုက်ရိုက်ပေးလာ
တဲ့ အလှူငွေတွေကလည်း ရှိနေတော့ ဒီအလှူငွေတွေကို အကျိုးရှိရှိနဲ့ ထင်သာမြင်သာ
ရှိအောင် သုံးဖို့လိုတယ်လို့လည်း အတိုင်ပင်ခံပုဂ္ဂိုလ် လီလီယန် ဖန်းက ပြောလိုက်ပါ
တယ်။ မစ္စဖန်းနဲ့ ဆက်သွယ်မေးမြန်းထားတဲ့ ဘန်ကောက်ရောက် ဗွီအိုအေဝိုင်းတော်သူ
ဒေါ်ခင်စိုးဝင်းက အပြည့်အစုံကို တင်ပြပေးထားပါတယ်။

နာဂစ်မုန်တိုင်း သဘာဝဘေးအန္တရာယ် ကျရောက်ပြီး ကယ်ဆယ်ရေးနဲ့ ပြန်လည်
ထူထောင်ရေးလုပ်ငန်းတွေကို ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးနေတဲ့ သက်ဆိုင်ရာ
တာဝန်ရှိသူတွေ၊ ကုလသမဂ္ဂနဲ့ အာဆီယံအသင်းကြီးရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်ပြီး
အကဲခတ် ဆန်းစစ်ပေးနေရတဲ့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ အခြေစိုက် လူလူချင်း
စာနာမှု မူဝါဒရေးရာ ပြန်လည်ထူထောင်ရေးနဲ့ စီမံကွပ်ကဲမှုရေးရာ သီးခြားလွတ်လပ်
တဲ့ အတိုင်ပင်ခံ အကြံပေးပုဂ္ဂိုလ် မစ္စ လီလီယန် ဖန်းကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
နာဂစ်မုန်တိုင်းလွန်ကာလ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေအတွက် လောလော
ဆယ် ရန်ပုံငွေအခြေအနေနဲ့ပတ်သက်ပြီး မစ္စ လီလီယန် ဖန်းက အခုလိုပြောပါတယ်။

သူသိသလောက်တော့ ရန်ပုံငွေဟာ အခုလာမယ့် ဧပြီလအထိပဲ သုံးစွဲဖို့ ကျန်တော့တဲ့
အခြေအနေနဲ့ အေဂျင်စီအတော်များများ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်
ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်ပြီးလုပ်နိုင်ဖို့ ကြိုးစားနေကြပါတယ်။ အခု
လောလောဆယ် အလှူရှင်တွေနဲ့ လူမှုရေး ကယ်ဆယ်ရေး အေဂျင်စီတွေ ကြိုးစားနေ
ကြတာကတော့ ရန်ပုံငွေတွေကို ဘယ်လိုအသုံးပြုသလဲဆိုတာကို သေသေချာချာစိစစ်ဖို့
အဖွဲ့ ဖွဲ့စည်းရေးပါပဲ။ ဒီအချက်က အရေးကြီးတာမို့ အားလုံးပံ့ပိုးပေးဖို့ လိုတယ်လို့ သူက
ရှင်းပြသွားပါတယ်။

ပွန်ဂျာခေါ် နာဂစ်လွန်ကာလ ပူးတွဲအကဲခတ် လေ့လာရေးအဖွဲ့ရဲ့ အစီရင်ခံစာအရ
ချက်ချင်းလက်ငင်း ကယ်ဆယ်ရေးအလှူငွေ ဒေါ်လာ ၃၀၃.၆ သန်း လိုအပ်ကြောင်း
နိုင်ငံတကာကို မေတ္တာရပ်ခံခဲ့ပါတယ်။ ရှေ့လာမယ့်သုံးနှစ်အတွင်း ပြန်လည်ထူထောင်
ရေး လုပ်ငန်းတွေအတွက် ဒေါ်လာ သန်း ၁,၀၀၀ လိုအပ်တယ်လို့လည်း ဖော်ပြခဲ့ပါ
တယ်။

ပွန်ဂျာရဲ့ နောက်ဆုံးအစီရင်ခံစာ ထုတ်ပြန်အပြီး အလှူရှင်နိုင်ငံတွေက နိုင်ငံတကာ
ကယ်ဆယ်ရေး ဝန်ထမ်းတွေကို မုန်တိုင်းသင့်ဒေသတွေဆီ အရောက်သွားခွင့်ပေးရေး
တောင်းဆိုခဲ့ကြပါတယ်။ နိုင်ငံတကာ အလှူရှင်တွေက ကုလသမဂ္ဂရဲ့ စီမံခန့်ခွဲမှုနဲ့
ကယ်ဆယ်ရေးအလှူငွေတွေကို ပေးနေကြဖြစ်ပေမယ့် နိုင်ဂျီးရီးယားနိုင်ငံကတော့
ဒီဇင်ဘာလ ၂၃ ရက်နေ့က အမေရိကန်ဒေါ်လာ ၅၀၀,၀၀၀ ကို နိုင်ဂျီးရီးယားသံအမတ်
ကြီးကတဆင့် မြန်မာအမြဲတမ်းကိုယ်စားလှယ်ထံ တိုက်ရိုက်ပေးအပ်လိုက်ပြီး အဲဒီငွေ
တွေကို ဘယ်လိုအသုံးပြုမယ်ဆိုတာကိုလည်း ပြန်ပြီး အစီရင်ခံဖို့ မလိုဘူးလို့
နိုင်ဂျီးရီးယားနိုင်ငံက ပြောတဲ့အကြောင်း နယူးယောက်ခ်ကလာတဲ့ သတင်းတွေမှာ
ဖော်ပြထားပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး မစ္စ လီလီယန် ဖန်းရဲ့ သုံးသပ်ချက်
ကတော့ …

“မြန်မာအစိုးရနဲ့ ပြည်သူတွေအတွက် မြန်မာသံအမတ်ကြီးကတဆင့် ပေးအပ်လိုက်တာ
ဟာ အလှူရှင် နိုင်ဂျီးရီးယားနိုင်ငံရဲ့ ဆန္ဒအရ ပေးပိုင်ခွင့်ရှိပါတယ်။ ဒါဟာ နိုင်ဂျီးရီးယား
နိုင်ငံရဲ့ သဘောပါပဲ။ မြန်မာလူထုကို နည်းအမျိုးမျိုးနဲ့ ပံ့ပိုးလို့ရပါတယ်။ ဒါပေမယ့်
ဘယ်ပုံဘယ်နည်း အသုံးပြုမှာလဲ ဆိုတာကိုတော့ စနစ်တကျ စီစဉ်ဖို့ လိုပါတယ်။
အနည်းဆုံး ဒီအလှူငွေတွေ ရည်ရွယ်ရင်း ရောက်မရောက် ဆိုတာကိုတော့ စိစစ်ရပါ
လိမ့်မယ်” လို့ မစ္စဖန်းက ပြောပြသွားပါတယ်။

နာဂစ်မုန်တိုင်းလွန်ကာလ ၉ လအကြာမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို
သက်ဆိုင်သူတွေအားလုံး ပူးပေါင်းဆောင်ရွက်ဖို့ အရေးကြီးတယ်လို့ မစ္စ လီလီယန် ဖန်း
က ဆက်ပြောပါတယ်။

“နာဂစ်ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေဟာ တနှစ်၊ နှစ်နှစ်နဲ့ ပြီးဆုံးသွားမယ်လို့
မယူဆစေချင်ပါဘူး။ အခု ၉ လ ကြာလာတဲ့အထိ ရရှိခဲ့တဲ့ အောင်မြင်မှုတွေဟာ
ကယ်ဆယ်ရေးအေဂျင်စီတွေ မှန်းထားတာထက် ကျော်လွန်နေတယ်” လို့လည်း
မစ္စဖန်းက ပြောပြသွားပါတယ်။

အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်မှာ ဆူနာမီဒီရေလှိုင်းဒဏ် အလူးအလဲ ခံခဲ့ရပြီး
နောက် မစ္စ လီလီယန် ဖန်းဟာ ပြန်လည်ထူထောင်ရေးနဲ့ လူမှုရေးလုပ်ငန်းတွေအတွက်
သုံးနှစ်ကြာ သွားရောက်တာဝန်ယူခဲ့ဖူးပါတယ်။ အနှစ် ၃၀ ကြာ လူမျိုးရေးပဋိပက္ခတွေ
ကြောင့် အာချေးပြည်နယ်မှာ အင်ဒိုနီးရှားအစိုးရနဲ့ ဒေသခံတွေ မပြေမလည် ဖြစ်ခဲ့ကြ
ပေမယ့် တကယ်တမ်း လူထုအတွက် အရေးကြီးလာတဲ့အခါ ကယ်ဆယ်ရေးလုပ်ငန်း
တွေအတွက် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့တဲ့ အစဉ်အလာကို သုံးသပ်ပြပြီး မြန်မာနိုင်ငံ
နာဂစ်မုန်တိုင်းအပြီး ကယ်ဆယ်ရေးဝန်ထမ်းတွေ ကသိကအောက်ဖြစ်ခဲ့ရတဲ့ အတွေ့
အကြုံနဲ့ နှိုင်းယှဉ်ပြောပြသွားပါတယ်။

နာဂစ်မုန်တိုင်းလွန်ကာလ နိုင်ငံတကာ လူလူချင်းစာနာမှု အသိုင်းအဝိုင်းနဲ့ မြန်မာနိုင်ငံ
အကြား အာဆီယံရဲ့ ကြိုးစား ကြားဝင်ဆောင်ရွက်ပေးမှု အခန်းကဏ္ဍနဲ့ ပတ်သက်လို့
တော့ သင်ခန်းစာတွေ အများကြီးရသလို အခွင့်အလမ်းတွေလည်း အများကြီးရရှိသွား
တယ်လို့ မစ္စ လီလီယန် ဖန်းက သုံးသပ်သွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG