သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည် လွတ်လပ်ခွင့် နိမ့်ကျဆဲ၊ Freedom House အစီရင်ခံစာ ဖော်ပြ


ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ လွတ်လပ်ခွင့်အခြေအနေကို အမေရိကန်နိုင်ငံ ဝါရှင်တန်အခြေ
စိုက် Freedom House အဖွဲ့ကြီးက နှစ်စဉ် လေ့လာတင်ပြခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်ဦးမှာ
ထုတ်ပြန်ခဲ့တဲ့ ၂၀၀၈ ခုနှစ်အတွက် လွတ်လပ်ခွင့် အခြေအနေ အစီရင်ခံစာမှာ မြန်မာ
နိုင်ငံ အပါအဝင် ၄၂ နိုင်ငံဟာ မလွတ်လပ်ကြဘူးလို့ ဆိုပါတယ်။ မြန်မာနိုင်ငံကို
လေ့လာရာမှာ ဘယ်လိုအချက်အလက်တွေကို ကြည့်ရှုခဲ့ပါသလဲ။ အပြည့်အစုံကို
ဦးတင်မောင်သန်းက တင်ပြထားပါတယ်။

၂၀၀၉ ခုနှစ် ကူးလာခဲ့ပေမယ့် မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်က အခြားနိုင်ငံ ၄၂ နိုင်ငံနဲ့
အတူ မလွတ်လပ်တဲ့တိုင်းပြည် ဖြစ်မြဲဖြစ်နေပါသေးတယ်လို့ Freedom House အဖွဲ့ကြီး
ရဲ့ ၂၀၀၉ ခုနှစ် အစီရင်ခံစာက ဆိုပါတယ်။ Freedom House အဖွဲ့ကြီးဟာ ကမ္ဘာတဝန်း
နိုင်ငံတွေရဲ့ လွတ်လပ်ခွင့်တွေကို နှစ်စဉ် စောင့်ကြည့်နေတဲ့ အဖွဲ့ကြီးဖြစ်ပါတယ်။
၂၀၀၉ ခုနှစ် အစီရင်ခံစာကို ဒီကနေ့ပဲ အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့တော်မှာ
ထုတ်ပြန်ခဲ့တာပါ။

ကမ္ဘာ့နိုင်ငံတွေကို ခွဲခြားကြည့်ခဲ့ပုံနဲ့ပတ်သက်ပြီး ကမ္ဘာ့လွတ်လပ်ခွင့် လေ့လာရေးအဖွဲ့ရဲ့
အရှေ့တောင်အာရှ ပိုင်ခြားသုံးသပ်သူက အခုလိုပြောပါတယ်။ သူက သူ့အမည်ကို
မဖော်ပြဖို့ ဗွီအိုအေကို မေတ္တာရပ်ခံပါတယ်။

“Freedom House အဖွဲ့ကြီးက နိုင်ငံတွေကို လွတ်လပ်သောနိုင်ငံ၊ တပိုင်းတစ
လွတ်လပ်သောနိုင်ငံနဲ့ မလွတ်လပ်သောနိုင်ငံတွေအဖြစ် ခွဲကြည့်ပါတယ်။ မြန်မာနိုင်ငံနဲ့
အခြားနိုင်ငံတွေဟာ အမှတ် ၇ ရပါတယ်။ အဲဒီအမှတ်က လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ
အခွင့်အရေးအရ ခွဲတာပါ။ အထူးသဖြင့် နိုင်ငံရေးအခွင့်အရေးနဲ့ နိုင်ငံသားတွေရဲ့
လွတ်လပ်မှုအရ မလွတ်လပ်တဲ့သဘော ဖြစ်ပါတယ်။”

ကမ္ဘာ့လူဦးရေရဲ့ သုံးပုံတပုံက အဲဒီ မလွတ်လပ်တဲ့နိုင်ငံ ၄၂ နိုင်ငံမှာ နေထိုင်နေကြရ
တာပါ။ အဲဒီလူဦးရေရဲ့ တဝက်က တရုတ်ပြည်မှာ နေထိုင်ကြပါတယ်။ အာရှ-ပစိဖိတ်
ဒေသမှာဆိုရင် တရုတ်နဲ့ မြောက်ကိုရီးယားနိုင်ငံတွေက မြန်မာနိုင်ငံလိုပဲ မလွတ်လပ်တဲ့
စာရင်းက မကျွတ်နိုင်ကြသေးပါဘူး။

အရှေ့တောင်အာရှမှာဆိုရင်တော့ ဗီယက်နမ်၊ လော၊ ကမ္ဘောဒီးယားနိုင်ငံတွေကလည်း
မြန်မာနိုင်ငံနဲ့အတူ မလွတ်လပ်တဲ့နိုင်ငံတွေထဲမှာ ပါနေပါတယ်။ တောင်အာရှနိုင်ငံတွေ
ဖြစ်ကြတဲ့ ပါကစ္စတန်၊ မော်လ်ဒိုက်ဗ်နဲ့ ဘူတန်နိုင်ငံတွေက မနှစ်က ရွေးကောက်ပွဲတွေ
ကို အတော်အတန် လွတ်လပ်ပြီး တရားမျှတ ကျင်းပခဲ့ကြတဲ့အတိုင်း Freedom House
အစီရင်ခံစာမှာ တိုးတက်မှုတွေ ရရှိခဲ့ကြပါတယ်။ ဒါပေမယ့် လူဦးရေထူပြောတဲ့ တရုတ်
နိုင်ငံက မလွတ်လပ်တဲ့အတွက်ကြောင့်လည်း ကမ္ဘာ့လူဦးရေရဲ့ တဝက်ဟာ မလွတ်လပ်
တဲ့ အခြေအနေမှာ နေနေရတယ်လို့ Freedom House အဖွဲ့ကြီးက ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခွင့်အရေးတွေကို လေ့လာခဲ့တဲ့အခါ အခုလိုတွေ့ရှိရတယ်လို့
သူမက ဆိုပါတယ်။

“ဒီနှစ် ကျမတို့ လေ့လာတဲ့အခါ ရွှေဝါရောင်တော်လှန်ရေး နောက်ဆက်တွဲ ချေမှုန်းရေး
တွေကို အထူးအာရုံစိုက် ကြည့်ပါတယ်။ နိုင်ငံရေးအရ တက်ကြွလှုပ်ရှားသူတွေကို
ဖမ်းဆီးတဲ့ လူအရေအတွက် ကြည့်ပါတယ်။ ဒီနှစ်အစောပိုင်း ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ
ဥပဒေနဲ့ ပတ်သက်ပြီး ဖမ်းဆီးမှုတွေ၊ လွတ်လပ်ခွင့်တွေကို ကျမတို့ ကြည့်ပါတယ်။
အဲဒါတွေက မြန်မာနိုင်ငံကို အမှတ်အဆင့် သတ်မှတ်ရာမှာ သော့ချက်ကျပါတယ်။”

နိုင်ငံသားတွေရဲ့ လွတ်လပ်ခွင့်ကလည်း မြန်မာနိုင်ငံမှာ မရှိသလောက်ပဲလို့ ပိုင်းခြား
သုံးသပ်သူက ပြောပါတယ်။ နိုင်ငံသားတွေရဲ့ လွတ်လပ်ခွင့်ကို ကြည့်ရာမှာ လွတ်လပ်စွာ
ဖော်ပြခွင့် ရှိမရှိ၊ ယုံကြည်ခွင့်ရှိမရှိ၊ အဖွဲ့အစည်း ဖွဲ့စည်းဆောင်ရွက်နိုင်ခွင့် ရှိမရှိ၊ ဥပဒေ
စိုးမိုးမှု ရှိမရှိ၊ တဦးချင်း အခွင့်အရေးတွေ ရှိမရှိဆိုတဲ့ အချက်တွေကို ကြည့်ရှုပါတယ်။
လွတ်လပ်စွာဖော်ပြခွင့်နဲ့ ပတ်သက်ပြီး သုံးသပ်သူက အခုလို ဆက်ပြောပါတယ်။

“လွတ်လပ်စွာ ဖော်ပြနိုင်ခွင့်နဲ့ ပတ်သက်ပြီးတော့ အဆင့်သတ်မှတ်ချက်က အရင်နှစ်
အတိုင်းပါပဲ။ ၂၀၀၈ နှစ်ဦးပိုင်းမှာ အထူးသဖြင့် မီဒီယာကို ချေမှုန်းခဲ့ပါတယ်။ စာနယ်
ဇင်းသမား အယောက် ၂၀ ကို ဖမ်းဆီးခဲ့ပါတယ်။ ဖွဲ့စည်းအုပ်ချုပ်ပုံ လူထုဆန္ဒခံယူပွဲနဲ့
ပတ်သက်ပြီး မီဒီယာကို လိုသလို ကစားခဲ့ပါတယ်။”

လွတ်လပ်ခွင့်ကို အဆင့်သတ်မှတ်ရာမှာ လွတ်လပ်ခွင့်အရှိဆုံးကို ၁၊ မရှိဆုံးကို ၇
သတ်မှတ်ပါတယ်။ ၁၉၇၂ ကနေ ၁၉၈၀ အထိ၊ အဲဒီနောက် ၁၉၈၈ နဲ့ ၈၉ တွေမှာ
နိုင်ငံရေး အခွင့်အရေးက အဆင့် ၇ ဖြစ်ပေမယ့် နိုင်ငံသားတွေရဲ့ လွတ်လပ်ခွင့်ကတော့
၅ နဲ့ ၆ တွေမှာ ရှိခဲ့ပါသေးတယ်။ ၁၉၈၉ နောက်ပိုင်းကစပြီး မြန်မာနိုင်ငံရဲ့ လွတ်လပ်ခွင့်
ဟာ အဆိုးဆုံးအဆင့် သတ်မှတ်ချက် ၇ မှာ ဆက်တိုက် သတ်မှတ်ခံခဲ့ရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG