သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နာဂစ်အတွက် နိုင်ဂျီးရီးယား အကူအညီကိစ္စ လူ့အခွင့်အရေးအဖွဲ့များ စောဒကတက်


မြန်မာနိုင်ငံက နာဂစ်မုန်တိုင်း ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် နိုင်ဂျီးရီးယား
အစိုးရကနေ မြန်မာအစိုးရထံ တိုက်ရိုက် အမေရိကန်ဒေါ်လာ ၅၀၀,၀၀၀ လှူဒါန်းလိုက်
တာနဲ့ပတ်သက်ပြီး ဒါဟာ နိုင်ဂျီးရီးယားနိုင်ငံရဲ့ ဖွဲ့စည်းပုံကို ချိုးဖောက်တာဖြစ်တယ်
ဆိုပြီး နိုင်ဂျီးရီးယား လူ့အခွင့်အရေးအဖွဲ့တခုကနေ နိုင်ဂျီးရီးယားသမ္မထံ ဖြေရှင်းချက်
တောင်းခံနေပါတယ်။ အသေးစိတ်ကို စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြ
ပေးထားပါတယ်။

နိုင်ဂျီးရီးယားအခြေစိုက် လူ့အခွင့်အရေးဆိုင်ရာ စာရေးဆရာများအဖွဲ့ကနေပြီး
နိုင်ဂျီးရီးယားအစိုးရက မြန်မာစစ်အစိုးရကို နာဂစ်အကြောင်းပြုပြီး တိုက်ရိုက်
ငွေကြေးထောက်ပံ့လိုက်တဲ့အပေါ်မှာ သမ္မတ အူမာရူ မူဆာ ယာ့ အဒူဝါ (Umaru Musa
Yar'Adua) အနေနဲ့ ဖြေရှင်းပေးဖို့ သူတို့က တောင်းဆိုပြီး ဒါဟာ ဖွဲ့စည်းပုံကို ချိုးဖောက်
တာကြောင့် ဝန်ချတောင်းပန်ပေးဖို့လည်း သူတို့က တောင်းပါတယ်။ ဒီလူ့အခွင့်အရေး
အဖွဲ့ရဲ့ ညှိနှိုင်းရေးမှူး အီမန်နျူရယ် အိုမိုဘီကိုက ဒီမိုကရေစီစနစ် ကျင့်သုံးနေတဲ့
နိုင်ဂျီးရီးယားနိုင်ငံရဲ့ အခုလုပ်ရပ်အပေါ်မှာ အတော်လေး စိတ်ပျက်လက်ပျက်ဖြစ်တယ်
လို့ ပြောပြပါတယ်။

“အခုဖြစ်သွားတဲ့ အခြေအနေအပေါ်မှာ ကျနော်တို့အဖွဲ့အနေနဲ့ အတော်လေး
စိတ်မသက်မသာ ဖြစ်မိပါတယ်။ ကျနော်တို့အဖွဲ့ဟာ ဒီမိုကရေစီစနစ်ကိုလိုလားတဲ့
အဖွဲ့အစည်းပါ။ နိုင်ဂျီးရီးယားနိုင်ငံဟာလည်း ဒီမိုကရေစီနိုင်ငံဖြစ်သလို၊ လက်ရှိအစိုးရ
ကလည်း ဒီမိုကရေစီနည်းကျ ရွေးချယ်ခံထားရတဲ့ အစိုးရပါ။ အခုလို စစ်တပ်က
အုပ်ချုပ်နေတဲ့ မြန်မာအစိုးရကို ဒီမိုကရေစီနည်းကျ ရွေးချယ်ထားတဲ့ နိုင်ဂျီးရီးယား
အစိုးရကနေ တိုက်ရိုက်ငွေကြေးလှူဒါန်းတာဟာ နိုင်ဂျီးရီးယားဖွဲ့စည်းပုံနဲ့ မကိုက်ညီပါ
ဘူး။”

ဒါဆိုရင် အခုလို နိုင်ဂျီးရီးယားဖွဲ့စည်းပုံနဲ့ မကိုက်ညီဘူးဆိုတာ ဘယ်လိုအချက်မျိုးပါလဲ။
အခြားနိုင်ငံတွေနဲ့ ဆက်ဆံရေးပိုင်းမှာဆိုတော့ ဖွဲ့စည်းပုံမှာရော တိတိကျကျ ရည်ညွှန်း
ထားတာ ရှိပါသလား။

“နိုင်ဂျီးရီးယားဖွဲ့စည်းပုံရဲ့ ပုဒ်မခွဲအတော်များများမှာ နိုင်ဂျီးရီးယားအစိုးရအနေနဲ့
စစ်တပ်ကအုပ်ချုပ်တဲ့ နိုင်ငံတွေကို တိုက်ရိုက် အထောက်အပံ့ပေးတာမျိုးကို ပိတ်ပင်
ထားပါတယ်။ နိုင်ဂျီးရီးယားနိုင်ငံ ၁၉၉၉ ဖွဲ့စည်းပုံရဲ့ အပိုဒ် ၁၉ မှာလည်း နိုင်ဂျီးရီးယား
နိုင်ငံခြားရေးပေါ်လစီထဲမှာ ဒီမိုကရေစီတန်ဖိုးနဲ့ ပတ်သက်တဲ့ ရည်ရွယ်ချက်တွေ
ထည့်သွင်းထားပါတယ်။”

အခု နိုင်ဂျီးရီးယားရဲ့ ထောက်ပံ့ကြေးက မြန်မာအစိုးရအတွက် သက်သက်ပေးတဲ့
သဘောတော့ မဟုတ်ပါဘူး။ နာဂစ်ဒဏ်ခံခဲ့ရတဲ့ ဒုက္ခသည်တွေအတွက် ပြန်လည်
ထူထောင်ရေးလုပ်ငန်းတွေမှာသုံးဖို့ ရည်မှန်းပြီးတော့ အစိုးရကို တဆင့်ခံပြီး ပေးတဲ့
သဘောပါ။ ဒီအကူအညီတွေကို လက်မခံတဲ့သဘောမျိုးလားခင်ဗျ။

“နာဂစ်ဖြစ်တုန်းကဆိုရင် ဒီစစ်အစိုးရက နိုင်ငံတကာ အကူအညီတွေကို လက်မခံ
ပိတ်ပင်ခဲ့ပါတယ်။ မြန်မာလူထုအတွက် နိုင်ငံတကာရဲ့ လူသားချင်းစာနာကူညီတဲ့
အထောက်အပံ့တွေကို လုံခြုံရေးအကြောင်းပြချက်နဲ့ လက်မခံခဲ့ပါဘူး။ နိုင်ငံတကာ
အနေနဲ့ အချိန်မီ ဝင်ရောက်ထိန်းသိမ်း ကိုင်တွယ်တာမရှိလို့ လူတွေအများကြီး အသေ
အပျောက် ရှိခဲ့ပါတယ်။ ဒီလိုအစိုးရမျိုးကို နိုင်ဂျီးရီးယားအစိုးရက ဘာကြောင့် အခုလို
တိုက်ရိုက် အထောက်အပံ့ပေးရတာလဲ၊ ကျနော် နားမလည်ပါဘူး။

“နိုင်ဂျီးရီးယားက အခုဆိုရင် အနောက်အာဖရိကတိုက် နိုင်ငံများအဖွဲ့ရဲ့ ဦးဆောင်ရာထူး
ကို ယူထားတာပါ။ ဒီအဖွဲ့မှာဆိုလည်း ဒီမိုကရေစီတန်ဖိုးတွေနဲ့ ပွင့်လင်းမြင်သာမှုရှိဖို့၊
တာဝန်ခံမှုရှိဖို့ဆိုတာတွေ ထည့်သွင်းထားပါတယ်။ အခု နိုင်ဂျီးရီးယားအစိုးရ ကိုယ်တိုင်
ကလည်း ဂီနီလို စစ်အစိုးရအုပ်ချုပ်တဲ့ နိုင်ငံတွေကို မထောက်ခံပါဘူး။ ဒါကြောင့် ကမ္ဘာ
ပေါ်မှာ အဆိုးဆုံး စစ်အစိုးရတရပ်ဖြစ်တဲ့ မြန်မာစစ်အစိုးရကို တိုက်ရိုက်ထောက်ပံ့
ရသလဲဆိုတာ နားမလည်ပါဘူး။”

ဒါဆိုရင် အခု ဒေါ်လာငွေ ၅၀၀,၀၀၀ ကို ကုလသမဂ္ဂ အေဂျင်စီတွေ၊ ဒါမှမဟုတ်
အန်န်ဂျီအို အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကို တဆင့်ခံပြီး မြန်မာလူထုအတွက်
ပေးလှူမယ်ဆိုရင်တော့ လက်ခံမယ့်သဘောလားခင်ဗျ။

“ကျိန်းသေတာပေါ့ဗျာ။ ကျနော်တို့ကလည်း လူသားမျိုးနွယ်တွေပါပဲ။ အစိုးရအနေနဲ့
မြန်မာပြည်သူတွေကို လူသားချင်းစာနာတဲ့ အကူအညီတွေ ပေးမယ်ဆိုတာကို
ကန့်ကွက်စရာမရှိပါဘူး။ ကုလသမဂ္ဂမှာလည်း ဒီလို ကူညီဆောင်ရွက်နိုင်တဲ့စနစ်တွေ၊
အဖွဲ့အစည်းတွေ ရှိပါတယ်။ အဲဒီကနေ နိုင်ဂျီးရီးယားအနေနဲ့ ငွေ၊ ပစ္စည်း၊ လူသားချင်း
စာနာတဲ့ အကူအညီတွေ မြန်မာပြည်သူတွေကို ကူညီပေးနိုင်ပါတယ်။ အခုဟာက
နိုင်ဂျီးရီးယားကနေ တိုက်ရိုက် စစ်အစိုးရကိုပေးတာကြောင့် ဒီငွေမာတွေက သူတို့ဆီ
ကို ရောက်သွားပါတယ်။”

နိုင်ဂျီးရီးယားအခြေစိုက် လူ့အခွင့်အရေးဆိုင်ရာ နိုင်ဂျီးရီးယား စာရေးဆရာများအဖွဲ့ရဲ့
တာဝန်ခံ အီမန်နျူရယ် အိုမိုဘီကို ပြောပြသွားတာ ဖြစ်ပါတယ်။

နိုင်ဂျီးရီးယားနိုင်ငံဟာ တချိန်က နှစ် ၃၀ ကျော်ကြာအောင် စစ်အာဏာရှင်စနစ်
အောက်မှာ နေထိုင်ခဲ့ရတဲ့နိုင်ငံ ဖြစ်ခဲ့ပါတယ်။ ၁၉၉၀ ခုနှစ်များ နောက်ပိုင်းမှာမှ
စစ်အာဏာရှင် အောက်ကလွတ်ပြီး ဒီမိုကရေစီနိုင်ငံ ဖြစ်လာတာပါ။

ဒါကြောင့်လည်း နိုင်ဂျီးရီးယားရဲ့ ဖွဲ့စည်းပုံသစ်ထဲမှာ ဒီမိုကရေစီစနစ်ရဲ့ တန်ဖိုး၊
စံနှုန်းတွေကို အလေးပေးထားသလိုပဲ နိုင်ငံခြားရေးပေါ်လစီမှာလည်း စစ်အာဏာရှင်
နိုင်ငံတွေ၊ ဒီမိုကရေစီကင်းမဲ့တဲ့ နိုင်ငံတွေကို ဆက်ဆံရေးပိုင်းမှာ အကန့်အသတ်
လုပ်ထားတာတွေ ရှိပါတယ်။

ဒါပေမယ့် ဒီမိုကရေစီလည်းမကျ၊ စစ်တပ်ကအုပ်ချုပ်နေတဲ့ မြန်မာစစ်အစိုးရကို
အခုလိုမျိုး တိုက်ရိုက်ငွေလှူတဲ့အပေါ်မှာ လူ့အခွင့်အရေးအဖွဲ့တွေက မကျေမနပ် ဖြစ်နေ
ပါတယ်။ နိုင်ဂျီးရီးယားအစိုးရဘက်ကတော့ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ စောဒကတက်၊
ဖြေရှင်းချက်တောင်းခံနေတဲ့အပေါ်မှာ အခုအချိန်အထိ တုံ့ပြန်ချက် ဘာမှမလုပ်သေး
ဘူးလို့ သိရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG