အင်္ဂါနေ့က ဂါဇာစီးတီးမြို့တွင်း အစ္စရေးလ်မြေပြင်
တပ်ဖွဲ့များဟာ ပါလက်စတိုင်း စစ်သွေးကြွများနဲ့
လမ်းများပေါ်မှာ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေ
ကြတဲ့အချိန် အစ္စရေးလ် စစ်တိုက်လေယာဉ်များ
ကလည်း အီဂျစ်-ဂါဇာ နယ်စပ်တလျှောက်ကို
ဗုံးကြဲတိုက်ခိုက်နေပါတယ်။
အစ္စရေးလ်တပ်ဖွဲ့များဟာ အမြောက်တင် ရဟတ်
ယာဉ်များ ကျောထောက်နောက်ခံပြုလျက် ဂါဇာ
စီးတီးရဲ့ လူနေထူထပ်တဲ့ သယ်လ်အာ ဟာဝါအရပ်
အတွင်း ရောက်ရှိနေပေမယ့် ဂါဇာစီးတီးရဲ့ မြို့လယ်ကိုတော့ မရောက်သေးပါဘူး။
ဂါဇာကမ်းမြှောင်ဒေသ တောင်ပိုင်းမှာတော့ ကဲ ခေါ် နိုင်ငံတကာ ထောက်ပံ့ရေး
အေဂျင်စီ တာဝန်ခံတဦးဖြစ်သူ ဂျာဝပ်ဟပ်က အီဂျစ်နယ်စပ်ကနေ မီတာ ၁၀၀
လောက်သာ ဝေးကွာတဲ့ ရာဖာက နေအိမ်တွေကို အစ္စရေးလ်လေကြောင်းက
တိုက်ခိုက်နေကြောင်း ပြောဆိုပါတယ်။ အဲဒီအရပ်မှာ အီဂျစ်ဘက်မှ မြေအောက်
လိုဏ်ခေါင်းများမှတဆင့် ဟားမတ်စ်တို့ ပစ္စည်းများခိုးသွင်းနေလို့ ပစ်မှတ်ထား
တိုက်ခိုက်ရတာလို့ အစ္စရေးလ်တို့ဘက်က ဆိုပါတယ်။
ရာဖာရှိအိမ်တွေက လူ ၃၀၀ လောက်ကို ဘေးကင်းရာသို့ ကယ်တင်နိုင်ခဲ့ပေမယ့်
အနီးရှိ ကုလသမဂ္ဂ ခိုလှုံရာနေရာမှာလည်း နေစရာရှာမတွေ့ဘူးလို့ ကဲတာဝန်ခံက
ဆက်ပြောပါတယ်။
အစ္စရေးလ်တို့ လေကြောင်းကနေ ပစ်မှတ် ၆၀ ကျော်ကို ညတွင်းချင်း တိုက်ခိုက်ခဲ့ပြီး
ဂါဇာတလျှောက် ပါလက်စတိုင်း ၁၂ ယောက်ထက်မနည်း သေဆုံးသွားကြောင်း
ဆေးဘက်တာဝန်ခံများက ပြောဆိုပါတယ်။ အစ္စရေုးလ်တို့ ၁၈ ရက်တာ တိုက်ခိုက်မှု
အတွင်း ပါလက်စတိုင်း ၉၀၀ ကျော်နဲ့ အစ္စရေး ၁၃ ယောက် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။
ဟားမတ်စ်တို့က အစ္စရေးလ်တောင်ပိုင်းရှိ အရပ်သားများကို ရော့ကက်များနဲ့
ဆက်လက်ပစ်ခတ်နေပြီး အဲဒီလို ပစ်ခတ်နေသ၍ အစ္စရေးလ်က ဆက်လက်ထိုးစစ်
ဆင်နေမယ်လို့ အစ္စရေးလ်အစိုးရက ဆိုထားပါတယ်။