သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အသက် ၂၀ ကျော် ကျောင်းသားကို ထောင်နှစ် ၁၀၀ ကျော် ချမှတ်


ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ကျောင်းသား ကိုဘိုမင်းယုကို ကို ထောင်ဒဏ် ၁၀၄ နှစ် ချမှတ်လိုက်ပါတယ်။ ကိုကျော်ကျော်သိန်းက အပြည့်အစုံတင်ပြထားပါတယ်။

ကိုဘိုမင်းယုကို ခေါ် ကိုဖြိုးကြီး ကို လူဝင်မှုကြီးကြပ်ရေး ဥပဒေပုဒ်မ ၁၃/၁ တခုတည်းနဲ့တင်ပဲ စွဲချက် ခြောက်ခု တင်ခဲ့တယ် ဆိုပြီး ထိုင်း-မြန်မာနယ်စပ် အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPPB ရဲ့ ထုတ်ပြန်ချက် မှာ ဖော်ပြထားပါတယ်။ သူလုပ်ခဲ့တာကလည်း အကြမ်းဖက် ဆူပူတဲ့လုပ်ရပ်တွေ တခုမှမပါပါဘူးလို့ အေအေပီပီ တွဲဘက် အတွင်းရေးမှူး ကိုဘိုကြည် က ပြောပါတယ်။

“ကျနော်တို့ သိထားသလောက်ကတော့ သူက ငြိမ်းငြိမ်းချမ်းချမ်း နဲ့ လူထုလှုပ်ရှားမှုတွေ ဖြစ်အောင် ကြိုးစားတာလောက်ပဲ ရှိတယ်။ ကျန်တဲ့ လက်နက်ကိုင်ကိစ္စတို့၊ တခြားဟာတွေ မပါပါဘူး။ အဲဒီလို မပါတဲ့ ကျောင်းသားလေးတယောက်ကို ၁၀၄ နှစ် ချလိုက်တယ် ဆိုတော့ ကျနော်တို့လည်း ကြားရတာ တော်တော်အံ့သြမိပါတယ်။”

ဒီလောက် ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတဲ့ လူတယောက်ကို ရုံးတင်စစ်ဆေးတဲ့အခါမှာလည်း ကာယကံရှင် ဘက်က ခုခံချေပဖို့ တရားဥပဒေကြောင်း အရ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ဘာမှမရခဲ့ဘူးလို့ ကိုဘိုကြည် က ဆက်ပြောပါတယ်။

“သူတို့ ရှေ့နေ ငှားရမ်းခွင့်တို့ ဘာတို့လည်း မရခဲ့ဘူး။ အကျဉ်းချုပ်နည်းနဲ့ပဲ မန္တလေး အကျဉ်းထောင်ထဲမှာ သူ့ကို ပစ်ဒဏ်ချလိုက်တာ ဖြစ်ပါတယ်။ သူ့မိသားစုတောင်မှ သေသေချာချာ မသိရဘူး။ နောက်ပြီးတော့ မိသားစုကလည်း ခုချိန်ထိ ထောင်ဝင်စာ တွေ့ခွင့်မရသေးပါဘူး။”

ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အတွက် ငြိမ်းငြိမ်းချမ်းချမ်း လှုပ်ရှားကြသူတွေကို ထောင်ဒဏ်နှစ်ရှည်တွေ ချမှတ်တာ ကိုဘိုမင်းယုကို က ပထမဆုံးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာလမှာ နိုင်ငံရေးလှုပ်ရှားသူ ၂၈၀ ထက်မနည်းကို ထောင်ဒဏ်နှစ်ရှည်တွေ ချခဲ့တဲ့ထဲမှာတော့ ကိုဘိုမင်းယုကို ဟာ အပြင်းထန်ဆုံး ချမှတ်ခံရသူ ဖြစ်တယ်လို့ အေအေပီပီ ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါကြောင့်လည်း ကိုဘိုမင်းယုကို အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး အတွက် နိုင်ငံတကာက ပိုပြီး ဖိအားပေး လာအောင် ဆက်လုပ်သွားမယ်လို့ ကိုဘိုကြည် က ပြောပါတယ်။

“ဒီဟာက ရိုးရိုးတန်းတန်း ပြစ်ဒဏ်ချတာ မဟုတ်ဘဲနဲ့ လက်စားချေတဲ့ပုံစံမျိုး သက်ရောက်နေတယ်လို့ ကျနော်တို့ တွေ့ရတယ်။ နောက်တခုက ကျနော်တို့ ဒီ ကိုဘိုမင်းယုကို နှစ်ရှည် ထောင်ဒဏ်ချမှတ်ခံရတာ နဲ့ပတ်သက်ပြီးတော့ နိုင်ငံတကာနဲ့ သက်ဆိုင်ရာ လူ့အခွင့်အရေး ကောင်စီတို့ဘာတို့မှာ ဒီအမှုအကြောင်းကို ကျနော်တို့ သေသေချာချာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်အောင်နဲ့ ဘိုမင်းယုကို လွှတ်မြောက်ရေးအတွက် နိုင်ငံတကာက ပိုပြီးတော့ တောင်းဆိုလာအောင် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ကျနော်တို့ ဆက်ပြီးတော့ တောင်းဆိုသွားမှာဖြစ်ပါတယ်။”

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းရဲ့ တွဲဘက် အတွင်းရေးမှူး ကိုဘိုကြည်ပါ။

မြန်မာအာဏာပိုင်တွေ ကတော့ တကမ္ဘာလုံးရဲ့ ဝေဖန်သံတွေကြား၊ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်ပါလို့ တိုက်တွန်းတောင်းဆိုသံတွေ ကြားမှာပဲ ဆက်ဖမ်းဆဲ၊ ဖမ်းဆီးထားသူတွေ ကို ထောင်ချဆဲ၊ ထောင်ချထားသူတွေကို ဝေးလံတဲ့ထောင်တွေဆီ ပြောင်းရွှေ့ဆဲ ရှိနေသေးတာမို့ မကြာခင် လပိုင်းတွေ အတွင်း နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်လာဖို့၊ နိုင်ငံရေးအရ အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေ ဖြစ်လာဖို့ အလားအလာ နည်းပါး လှတယ်လို့ မြန်မာ့အရေး လေ့လာသူတွေက သုံးသပ်ကြကြောင်းပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG