သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့တီမော သမ္မတရဲ့ မြန်မာအရေး သုံးသပ်ချက်အပေါ် တုန့်ပြန်ချက်


အရှေ့တောင်အာရှရဲ့ နိုင်ငံသစ် လွတ်လပ်ရေး (နိုဝင်ဘာ ၂၀၊ ၂၀၀၂) ရရှိခဲ့တဲ့ အရှေ့တီမော် (Timor Leste) နိုင်ငံရဲ့ သမ္မတကြီး ရာမို့စ် ဟော်တာ (Ramos Horta) က မြန်မာနိုင်ငံ ဒီမိုကရေစီ ဖော်ဆောင်ရေးနဲ့ ပတ်သက်ပြီးတော့ နိုင်ငံရေး၊ ကိုယ်ကျင့်သိက္ခာအရ၊ မှန်ကန်တဲ့ လုပ်ရပ်လို့ ယူဆရပေမယ့် စီးပွားရေးအရ မြန်မာနိုင်ငံအစိုးရအပေါ်မှာ တင်းတင်းကြပ်ကြပ် ဖိအားပေးအရေးယူတဲ့ကိစ္စကို သူအနေနဲ့ လက်မခံနိုင်ကြောင်း ပြောဆိုလာပါတယ်။ ပြီးတော့ လက်ရှိ နိုင်ငံရေး ပဋိပက္ခပြဿနာတွေကို ဖြေရှင်းဖို့ မြန်မာနိုင်ငံမှာ စစ်တပ်နဲ့ စေ့စပ်ဆွေးနွေးပြီး စစ်တပ်ကိုလည်း ဖွဲ့စည်းအုပ်ချုပ်ရေးမှာ နေရာပေးနိုင်တဲ့ မှန်ကန်တိကျတဲ့ နိုင်ငံရေးလမ်းပြမြေပုံချမှတ်ပြီး တချိန်တည်းမှာပဲ စီးပွားရေးပြန်လည်း ဖွံ့ဖြိုးရေးတိုးတက်ရေးအတွက် စီးပွားရေး ရင်းနှီးမြုတ်နှံမှု၊ ပညာရေးဖွံ့ဖြိုးတိုးတက်အောင် ပံ့ပိုးကူညီအားပေးမှုတွေ လုပ်ဆောင်သွားရမယ်လို့လည်း ပြောကြားသွားပါတယ်။

သမ္မတကြီး ရာမို့စ် အနေနဲ့ မြန်မာအရေးကို သ့ူနိုင်ငံ အင်ဒိုနီးရှားအုပ်ချုပ်မှု လက်အောက်မှ မလွတ်မြောက်ခင် တော်လှန်ရေးကာလကတည်းက တက်တက်ကြွကြွ အားပေးဆောင်ရွက်လာသူဖြစ်ပါတယ်။ လွတ်လပ်ရေးရပြီချိန်မှာလည်း မြန်မာပြည်အဝေးရောက်အစိုးရကို တီမောနိုင်ငံမှာ တရားဝင်ရုံးဖွင့်ဖို့ ဖိတ်ကြားခဲ့ပါတယ်။ ပြီးတော့ အရှေ့တီမောအနေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ ဖော်ဆောင်ရေး၊ စစ်အစိုးရ လူ့အခွင့်အရေးချို့ဖောက်မှုတို့ကို ပြင်းပြင်းထန်ထန် ဝေဖန်နေတဲ့ နိုင်ငံဖြစ်ပါတယ်။ ဒီလိုနိုင်ငံက ခေါင်းဆောင်တဦးက အခုလို့ ပွင့်ပွင့်လင်းလင်း ပြောကြားလာချက်က သူရဲ့ နိုင်ငံဆိုင်ရာ ကိုယ်ကျိုးစီးပွား၊ အမျိုးသားရေး အကျိုးစီးပွား တစုံတရာ တိုက်ရိုက်ပါဝင်နေလို့ ဒီလိုတိုက်တွန်းတာမဟုတ်ကြောင်း ယူဆနိုင်ပါတယ်။

အခုလို သမ္မတကြီး ရာမို့စ်ရဲ့ မြန်မာပြည် နိုင်ငံရေး အခြေအနေ သုံးသပ်ချက်ကို မြန်မာနိုင်ငံရေးအဖွဲ့အစည်း၊ လှုပ်ရှားသူများက ဘယ်လို ရှု မြင်သုံးသပ် တုန့်ပြန်ကြသလဲ ဆိုတာကို သိရှိနိုင်ဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း၊ မြန်မာ့အရေးလေ့လာ သုံးသပ်နေသူ ဦးဝင်းမင်း နဲ့ US Campaign for Burma အဖွဲ့က အမှုဆောင် ညွှန်ကြားရေးမှူး ဦးအောင်ဒင် တို့ကို ဦးကျော်ဇံသာ (ဗွီအိုအေမြန်မာသတင်း) က ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG