မြန်မာစစ်အစိုးရအပေါ် ဘဏ္ဍာရေးအရ အရေးယူပိတ်ဆို့ထားတဲ့ စာရင်းမှာ နောက်ထပ်
လူပုဂ္ဂိုလ်နှစ်ယောက်နဲ့ ကနေဒါအခြေစိုက် ကုမ္ပဏီတခုကို အမေရိကန် ဘဏ္ဍာရေး
ဝန်ကြီးဌာနက ထပ်တိုးလိုက်ပါတယ်။ ဒီ စီးပွားရေးကုမ္ပဏီတွေရဲ့ ပိုင်ဆိုင်မှုတွေ အမေ
ရိကန်ပြည်ထောင်စုမှာ အပ်နှံထားမယ်ဆိုရင် ထုတ်သွင်းလို့မရအောင် ထိန်းထားဖို့နဲ့
ဒီကုမ္ပဏီတွေနဲ့ စီးပွားရေးအရ ပတ်သက်သူတွေကို အရေးယူဖို့ အခုလို ထပ်ပြီး
ဖြည့်စွက်လိုက်တာ ဖြစ်ပါတယ်။ အသေးစိတ်ကို ကိုသိန်းထိုက်ဦးက တင်ပြပေးထား
ပါတယ်။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်ခံ ပြည်ပပိုင်ဆိုင်မှု ထိန်းချုပ်ရေး
ဆိုင်ရာဌာန (OFAC) ဌာနရဲ့ ထုတ်ပြန်ချက်မှာ မြန်မာစစ်အစိုးရနဲ့ စီးပွားရေး ဆက်နွယ်
ပတ်သက်တဲ့ ကုမ္ပဏီတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ စာရင်းကို ထပ်ပြီးတိုးလိုက်
တာပါ။ ဒါနဲ့ပတ်သက်လို့ ဝါရှင်တန်မြို့တော်အခြေစိုက် US Campaign for Burma
(USCB) အဖွဲ့ အလုပ်အမှုဆောင် ညွှန်ကြားရေးမှူး ဦးအောင်ဒင်က အခုလိုပြောပါတယ်။
“အမေရိကန်အစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာနက Office of Foreign Assets Control
ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်တဲ့အဖွဲ့ပေါ့၊ အဲဒီဌာနကနေပြီး မြန်မာပြည်က နအဖနဲ့
ပူးပေါင်းပြီး အကျိုးတူ စီးပွားရှာနေတဲ့ စီးပွားရေးလုပ်ငန်းရှင် နှစ်ယောက်နဲ့ သူတို့ရဲ့
စီးပွားရေးလုပ်ငန်းတွေပေါ့၊ ဗမာပြည်မှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေ၊ စင်ကာပူမှာရှိတဲ့
စီးပွားရေးလုပ်ငန်းတွေ၊ အဲဒါတွေကို အမေရိကန်အစိုးရရဲ့ စီးပွားရေးပိတ်ဆို့မှု စာရင်း
ထဲမှာ ထည့်သွင်းလိုက်တယ်။
“နောက်တခါ ကနေဒါကနေ မြန်မာပြည်မှာ ဖက်စပ်လုပ်နေတဲ့ ကုမ္ပဏီတခုဖြစ်တဲ့
မြန်မာ အိုင်ဗင်ဟိုး ကုမ္ပဏီကိုလည်း အမေရိကန်အစိုးရရဲ့ Financial Sanction စာရင်း
ထဲမှာ ထည့်လိုက်တယ်။ ခုန ကျနော်ပြောတဲ့ မြန်မာစီးပွားရေးလုပ်ငန်းရှင် နှစ်ယောက်
မှာ တယောက်က ဒဂုံ ဦးဝင်းအောင်ဆိုတာ၊ ဒဂုံအင်တာနေရှင်နယ်က၊ နောက်
တယောက်က မက်စ်မြန်မာ ဇော်ဇော်၊ အဲဒီနှစ်ယောက်ပေါ့။ သူတို့ရဲ့ စီးပွားရေးလုပ်ငန်း
တော်တော်များများ၊ ရန်ကုန်မှာရှိမယ်၊ စင်ကာပူမှာရှိမယ်၊ အဲဒါတွေအားလုံးကိုလည်း
အမေရိကန်အစိုးရရဲ့ စီးပွားရေးပိတ်ဆို့မှုစာရင်းထဲမှာ ထည့်လိုက်တယ်။”
ဦးအောင်ဒင် ပြောပြသွားတာ ဖြစ်ပါတယ်။
၂၀၀၇ ခုနှစ် အောက်တိုဘာလအတွင်းက အမေရိကန်သမ္မတ လက်မှတ်ရေးထိုးခဲ့တဲ့
အရေးယူပိတ်ဆို့မှုအရ အဲဒီအချိန်က မြန်မာစစ်အစိုးရ ထိပ်တန်းခေါင်းဆောင်
၁၁ ယောက်နဲ့ စီးပွားရေးလုပ်ငန်းရှင် ၁၂ ယောက်ကို အရေးယူပိတ်ဆို့ခဲ့တာပါ။
နောက်ပိုင်းမှာ စစ်အစိုးရနဲ့ ဆက်နွယ်ပတ်သက်တယ်လို့ ဖော်ထုတ်ရတဲ့ စီးပွားရေး
ကုမ္ပဏီတွေကို ထပ်ပြီး စာရင်းမှာ ဖြည့်စွက်ခဲ့သလို အရေးယူပိတ်ဆို့မှုတွေ တိုးမြှင့်
ဆောင်ရွက်လာခဲ့ပါတယ်။
၂၀၀၈ ခုနှစ် ဇူလိုင်လအတွင်းကလည်း မြန်မာစစ်အစိုးရနဲ့ ဆက်နွယ်ပတ်သက်နေတဲ့
စီးပွားရေးကုမ္ပဏီ ၁၀ ခုကို အမေရိကန်အစိုးရက အရေးယူပိတ်ဆို့ခဲ့ပါတယ်။ ဒီကုမ္ပဏီ
တွေကိုတော့ မြန်မာနိုင်ငံက ကျောက်မျက်ရတနာတင်ပို့မှု ပိတ်ပင်ရေး ဥပဒေအရ
အရေးယူခဲ့တာပါ။
၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလအတွင်းမှာ ထွန်းမြင့်နိုင်ခေါ် ဘိန်းဘုရင် လော်စစ်ဟန်ရဲ့သား
စတီဗင်လောပိုင်တဲ့ ကုမ္ပဏီတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို အရေးယူခဲ့သလို
စစ်အစိုးရနဲ့ စီးပွားရေး နီးနီးကပ်ကပ်ဆက်ဆံပြီး လက်နက်ရောင်းဝယ်မှုတွေမှာ ပါဝင်
ပတ်သက်နေတယ်ဆိုပြီး ဦးတေဇပိုင် ကုမ္ပဏီတွေကိုလည်း အရေးယူပိတ်ဆို့တဲ့စာရင်း
မှာ ထပ်ပြီးဖြည့်စွက်ခဲ့ပါတယ်။
ဒီလိုကုမ္ပဏီတွေရဲ့ ပိုင်ဆိုင်မှုတွေ အမေရိကန်ပြည်ထောင်စုမှာ ရှိခဲ့မယ်ဆိုရင်
ထုတ်သွင်းလို့မရအောင် ပိတ်ပင်ဟန့်တားထားသလို သူတို့နဲ့ စီးပွားရေး ဆက်စပ်
ဆောင်ရွက်သူတွေကိုလည်း အရေးယူမယ်လို့ အမေရိကန်ဥပဒေအရ ပြဋ္ဌာန်းထားတာ
ပါ။ ဒီလို စီးပွားရေးအရ အရေးယူတာတွေအပြင် စစ်အစိုးရခေါင်းဆောင်တွေနဲ့ သူတို့ရဲ့
မိသားစုဝင် ၂၆၀ ကို အမေရိကန်ပြည်ထောင်စုကို မလာနိုင်အောင် နိုင်ငံခြားရေး
ဝန်ကြီးဌာနက ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်ထားပါတယ်။