သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာ ကုလရုံးဝင်း ဗုံးဆံထိမှန်မှု အတွင်းရေးမှူးချုပ် ရှုတ်ချ


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း
(Ban Ki-moon) က ဂါဇာမြို့တော်မှာရှိတဲ့ ကုလ
သမဂ္ဂရုံးချုပ်ရှိရာ အဆောက်အအုံကို အစ္စရေးလ်
တို့က ဗုံးကြဲခဲ့တာ သူ့အနေနဲ့ အလွန်အမင်း
စိတ်ပျက်ရတယ်လို့ ပြောလိုက်ပါတယ်။ သုံးပတ်
နီးပါးကြာပြီဖြစ်တဲ့ ဂါဇာကမ်းမြှောင်ဒေသ
တိုက်ခိုက်မှုတွေကို အဆုံးသတ်နိုင်အောင်
ရည်ရွယ်ပြီး မစ္စတာဘန်ကီမွန်းက အစ္စရေးလ်နဲ့
ပါလက်စတိုင်း ခေါင်းဆောင်တွေနဲ့ မနေ့က
တွေ့ဆုံခဲ့ပါတယ်။ အကြောင်းစုံကို ဗွီအိုအေ
သတင်းထောက် ဆွန်ဂျာ ပေ့စ် (Sonja Pace)
ဂျေယုဆလင်ကနေ သတင်းပေးပို့ထားတာကို နော်ရှိုးက တင်ပြပေးထားပါတယ်။

အစ္စရေးလ်နိုင်ငံခြားရေးဝန်ကြီးနဲ့ ပူးတွဲကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲတခုမှာ
မစ္စတာဘန်ကီမွန်းက ခါတိုင်းနဲ့မတူဘဲ အခုလို ပြောင်ပြောင်တင်းတင်း ကောက်ချက်
ချခဲ့ပါတယ်။

“ဂါဇာမှာရှိတဲ့ ကုလသမဂ္ဂခြံဝင်း ဗုံးကြဲခံရပြန်ပါပြီ။ ဒီကိစ္စနဲ့ပတ်သက်လို့ ကျနော့်အနေ
နဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချတဲ့အကြောင်းနဲ့ ပြည့်ပြည့်၀၀ စုံစုံလင်လင်
ဖြေရှင်းချက်ပေးဖို့ အစ္စရေးလ်နိုင်ငံခြားရေးဝန်ကြီးနဲ့ ကာကွယ်ရေးဝန်ကြီးကို အသိပေး
တိုက်တွန်းခဲ့ပါတယ်။”

ဂါဇာက ကုလသမဂ္ဂ အရာရှိတွေကလည်း ကုလသမဂ္ဂခြံဝင်းထဲမှာရှိတဲ့ လူပေါင်း ၇၀၀
လောက်ဟာ ဒီတိုက်ခိုက်မှုတွေကနေ လွတ်ကင်းရာကို တိမ်းရှောင်နေရတယ်လို့ ဆိုပါ
တယ်။ အစ္စရေးဝန်ကြီးချုပ် အီဟွတ်ဒ် အိုလ်မာ့တ် (Ehud Olmert) က ဒီဗုံးကြဲ
တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး သူ့အနေနဲ့ ဝမ်းနည်းကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်
ဘန်ကီမွန်းကို တောင်းပန်ပြီးဖြစ်တယ်လို့ ဆိုပါတယ်။ ဟားမတ်စ်တို့က အဲဒီကုလသမဂ္ဂ
ခြံဝင်းနားကနေ အစ္စရေးလ်တပ်တွေကို တိုက်ခိုက်ခဲ့တာကြောင့် အစ္စရေးလ်တပ်တွေက
အခုလိုဗုံးကြဲခဲ့ရတာလို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။

ဂါဇာဒေသမှာ အရပ်သားပြည်သူတွေနဲ့ လူနေထူထပ်တဲ့ ရပ်ကွက်တွေအထိ အစ္စရေးလ်
စစ်တပ်တွေ၊ အစ္စရေးလ် သံချပ်ကာကားတွေက ထိုးနှက်ဝင်ရောက်လာတာကြောင့်
တိုက်ပွဲတွေက ပိုမိုပြင်းထန်လာခဲ့ပါတယ်။ ဂါဇာမြို့တောင်ပိုင်း တယ်လ်အာဝါဟာဒေသ
မှာလည်း တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ခဲ့ပါတယ်။ အရပ်သားတွေ စိုးရိမ်တကြီးနဲ့
ဘေးလွတ်ရာကို ပြေးလွှားနေကြတာကိုလည်း ရုပ်မြင်သံကြား ဖန်သားပြင်တွေမှာ
ပြသနေပါတယ်။ ဂါဇာဒေသမှာရှိတဲ့ ဗွီအိုအေသတင်းထောက် မိုဟာမက် ဒါဝပ်ဇ်က
ဂါဇာဒေသက သူ့မိတ်ဆွေတဦး သူ့ရဲ့အတွေ့အကြုံနဲ့ပတ်သက်ပြီး ပြောပြခဲ့တာက
တော့ …

“ဂါဇာမှာ အခြေအနေတွေက အတော့်ကို ဆိုးနေပါတယ်။ လူတွေ သေနတ်မှန်တာတွေ၊
အဆောက်အအုံတွေ မီးလောင်နေတာတွေ၊ ဓာတ်ဆီဆိုင်တွေ ပေါက်ကွဲနေတာတွေကို
တွေ့ရတယ်။ ခုခံတိုက်ခိုက်ခဲ့တဲ့ လက်နက်ကိုင်တွေကိုလည်း မြင်ခဲ့ရပါတယ်။
အစ္စရေးလ်တွေက မျက်စိထဲတွေ့သမျှ ဗုံးကြဲနေတော့တာပါပဲ” လို့ ပြောဆိုသွားပါတယ်။

ဂါဇာမြို့မှာရှိတဲ့ ဆေးရုံတရုံနဲ့ ဆေးပေးခန်းတခုလည်း ဗုံးမှန်ခဲ့တယ်လို့ ဆိုပါတယ်။
ဂါဇာက ဟားမတ်စ်တို့ဖွင့်တဲ့ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ အဆိုအရ
လွန်ခဲ့တဲ့သုံးပတ် အစ္စရေးလ်တို့ စတင်တိုက်ခိုက်ကတည်းက ပါလက်စတိုင်းဘက်က
လူပေါင်း ၁,၀၀၀ ကျော် သေဆုံးခဲ့ရပြီး ၅,၀၀၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
တချိန်တည်းမှာပဲ အစ္စရေးလ်ဘက်က အရပ်သား ၃ ဦး အပါအဝင် စုစုပေါင်း ၁၃ ဦး
သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

အစ္စရေးလ်တို့ရဲ့ အဆိုအရ မနေ့က အစ္စရေးလ်နိုင်ငံ တောင်ပိုင်းမှာ ဟားမတ်စ်တို့က
ရော့ကက်အမြောက် ၁၅ လုံးနဲ့ ပစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဂါဇာဒေသမှာ တိုက်ပွဲတွေ ပိုမို
ပြင်းထန်လာပြီး လူအသေအပျောက်ကလည်း တနေ့တခြား ပိုမိုတိုးပွားလာတာနဲ့အမျှ
အခြေအနေတင်းမာမှုတွေကို ရပ်တန်းကရပ်ဖို့ ဖိအားပေးသံတွေကလည်း ပိုမိုတိုးမြင့်
လာပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက အစ္စရေးလ်အရာရှိတွေနဲ့ စကား
ပြောခဲ့သလို အစ္စရေးလ်ထိပ်တန်း ကိုယ်စားလှယ်တဦးကလည်း အပစ်အခတ်ရပ်စဲရေး
အတွက် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ တွေ့ဆုံစကားပြောခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG