သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သူ့လုပ်ရပ်တွေထဲမှာ သမ္မတဘုရှ် ပြန်ပြောင်းလုပ်ချင်တာတွေရှိ


အမေရိကန်သမ္မတ ဂျော့ဂျ်ဘုရှ် က သမ္မတ ရာထူးကမနုတ်ထွက်ခင် နောက်ဆုံးအနေနဲ့ ကြာသပတေးနေ့ညမှာ တိုင်းပြည်ကို မိန့်ခွန်းပြောကြားခဲ့ပါတယ်။ မစ္စတာဘုရှ်က ပြီးခဲ့တဲ့ကာလတွေကို ပြန်သုံးသပ်ခဲ့သလို အနာဂတ်ကိုလည်း မျှော်မှန်း ပြောဆိုခဲ့ပါတယ်။ ဒီမိန့်ခွန်းနဲ့ပတ်သက်ပြီး ဗွီအိုအေရဲ့ အိမ်ဖြူတော်သတင်းထောက် Paula Wolfson ပေးပို့ထားတဲ့သတင်းကို ကိုကျော်ကျော်သိန်းက အပြည့်အစုံ တင်ပြထားပါတယ်။

ဒီသီတင်းပတ်ကတော့ သမ္မဘုရှ်ရဲ့ နောက်ဆုံးဖြစ်ရပ်တွေနဲ့ သီတင်းပတ်ပဲ ဖြစ်ပါတယ်။ ဒီသီတင်းပတ်အတွင်း နောက်ဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲလုပ်ခဲ့တယ်၊ နောက်ဆုံးအကြိမ် အစိုးရအဖွဲ့အစည်းအဝေး လုပ်ခဲ့တယ်၊ အခု တိုင်းပြည်ကို နောက်ဆုံးအကြိမ် မိန့်ခွန်းပြောကြားခဲ့ပါတယ်။

“ဒီကနေ့ညမှာတော့ ကျနော်တို့ အတူတကွဖြတ်သန်းခဲ့ကြတဲ့ ခရီးအပေါ်နဲ့ ကျနော်တို့တိုင်းပြည်ရဲ့ အနာဂတ်အတွက် အတွေး အမြင်တချို့ကိုမျှဝေဖို့ နောက်ဆုံးအခွင့်အရေးတခုကို ကျနော်တောင်းခံခဲ့ပါတယ်။ ဒီအခွင့်အရေးရတဲ့အတွက် အထူးပဲ ကျေးဇူး တင်ပါတယ်။”

သမ္မတအိမ်ဖြူတော်ကနေ ပထမဆုံးအကြိမ် တိုင်းပြည်ကိုပြောကြားခဲ့တဲ့ မိန့်ခွန်းအပေါ် သမ္မတဘုရှ်က ပြန်ပြောင်း သုံးသပ်ခဲ့ပါတယ်။ အဲဒီမိန့်ခွန်းဟာ ၂၀၀၁ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်က အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကြောင့် စိုးရိမ်နေတဲ့၊ ကြေကွဲတကြီးဖြစ်နေတဲ့၊ ဒေါသထွက်နေတဲ့တိုင်းပြည်ကို ပြောကြားခဲ့တဲ့မိန့်ခွန်းပါ။

ဒါ့အပြင် သမ္မတသက်တမ်း နောက်ဆုံးရက်တွေအတွင်း သူမကြာခဏပြောခဲ့သလို သူလုပ်ခဲ့တာတွေကို ခုခံကာကွယ် ပြောဆိုခဲ့ပြီး အတိတ်ကို လွမ်းဆွတ်တသတဲ့ စကားတွေကိုလည်း ပြောခဲ့ပါတယ။်

“နှစ်တွေကုန်ဆုံးသွားတာနဲ့အမျှ အမေရိကန်နိုင်ငံသားအများစုဟာ စက်တင်ဘာလ ၁၁ ရက်နေ့မတိုင်ခင်တုန်းကလိုပဲ ပုံမှန်ဘ၀ ပြန်ဖြစ်သွားကြပါတယ်။ ဒါပေမယ့် ကျနော်ကတော့ ဘယ်တော့မှ အရင် ပုံမှန်ဘဝကို ပြန်မရောက်ခဲ့ပါဘူး။ အခွင့်အရေးသာ ရဦး မယ်ဆိုရင် အရင်လုပ်ခဲ့တာတွေနဲ့ မတူခြားနားစွာ ကျနော်ပြန်လုပ်လိုက်ချင်တဲ့ ကိစ္စတွေရှိပါတယ်။ ကျနော်တို့နိုင်ငံရဲ့ အကောင်းဆုံး အကျိုးစီးပွားအတွက်ဆိုတာကို နှလုံးသွင်းပြီး ကျနော် အမြဲတမ်း ဆောင်ရွက်ခဲ့တာချည်းပါပဲ။”

သမ္မတသစ်ကျမ်းသစ္စာကျိန်ဆိုပွဲကျင်းပဖို့ ငါးရက်ပဲလိုတော့တဲ့အချိန်မှာ မစ္စတာ ဘရက် အိုဘားမား အနေနဲ့ အမေရိကန် ပြည်ထောင်စုရဲ့ ပထမဆုံး အာဖရိကနွယ်ဖွား အမေရိကန်နိုင်ငံသား သမ္မတတဦးအဖြစ် အာဏာလွှဲပြောင်းရယူရေးကိစ္စ ဘယ်လို အဆင်ပြေပြေဖြစ်အောင် လုပ်ခဲ့တယ်ဆိုတာကို သမ္မတဘုရှ်က ပြန်သုံးသပ် ပြောဆိုခဲ့ပါတယ်။

ဒီမိန့်ခွန်းဟာဖြင့် လာမယ့်အင်္ဂါနေ့ထိဆိုရင် သမ္မတဘုရ်ှက လူထုကိုပြောကြားတဲ့ နောက်ဆုံးမိန့်ခွန်းပါပဲ။ အဲဒီနေ့မှာတော့ သမ္မတ ဘုရှ်က နောက်တက်လာမယ့် ၄၄ ယောက်မြောက် သမ္မတ ဘရက် အိုဘားမားကို အိမ်ဖြူတော်မှာကြိုဆိုပြီး လွှတ်တော်အဆောက်အဦမှာ ကျင်းပမယ့် ကျမ်းသစ္စာကျိန်ဆိုပွဲဆီကို သူတို့နှစ်ဦး အတူတကွ သွားရောက်ကြမှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG