မြန်မာစစ်အစိုးရ
ကျင်းပဖို့ စီစဉ်ထားတဲ့ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေ
အနေနဲ့ နိုင်ငံတွင်းမှာ ပြောင်းလဲမှုတွေလုပ်ဖို့ အသစ်တက်လာတဲ့ ထိုင်း အစိုးရ က တောင်းဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ထားရှိသွားမယ့် ထိုင်းအစိုးရသစ်ရဲ့ မူဝါဒတွေကို မြန်မာ့ဒီမိုကရေစီရေး
လှုပ်ရှားသူတွေက ကြိုဆိုလိုက်ကြပါတယ်။ စစ်အစိုးရ အုပ်ချုပ်တဲ့ မြန်မာနိုင်ငံမှာ ပြောင်းလဲမှုတွေ
ဖြစ်ပေါ်လာဖို့ ဒေသတွင်း အရှေ့တောင်အာရှ နိုင်ငံတွေ အနေနဲ့လည်း အခုထက်ပိုပြီးတော့ တက်တက်ကြွကြွနဲ့
တိုက်တွန်း ဆောင်ရွက်သွားဖို့ ထိုင်းအစိုးရက မျှော်လင့်နေတဲ့အကြောင်း ဘန်ကောက်မြို့ကနေ
ဗွီအိုအေ သတင်းထောက် ရွန်ကော်ဘန် (Ron Corben) ရဲ့ သတင်းပေးပို့ချက်ကို မခင်ဖြူထွေးက
တင်ပြထားပါတယ်။
မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ ထိုင်းအစိုးရသစ်ရဲ့ မူဝါဒတွေကို ထိုင်းဝန်ကြီးချုပ် သစ် အဘီဆစ် ၀တ်ချာချီဝ (Abhisit Vejjajiva) က ဒီအပတ်ထဲမှာပဲ သူ့ရဲ့ အဓိက မိန့်ခွန်းတခု မှာ ထုတ်ဖော်ပြောဆိုခဲ့တာပါ။ မြန်မာနိုင်ငံက နိုင်ငံရေး အခြေအနေတွေနဲ့ ပတ်သက်လို့ သူ့ရဲ့သတိပေးပြောဆိုမှုတွေက ဒေသတခုလုံးကို ကျယ်ကျယ်ပြန့်ပြန့် ရိုက်ခတ်နိုင်ခဲ့ပါတယ်။
မှန်ကန်တဲ့ချဉ်းကပ်မှုနဲ့ အပြုသဘောဆောင်တဲ့ ဆက်ဆံရေးကနေဆင့် မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်အောင် ထိုင်းအစိုးရအနေနဲ့ တိုက်တွန်းသွားမယ်လို့ ဒီတပတ်အတွင်း နိုင်ငံခြားသတင်းထောက်များ ကလပ် FCCT မှာ မစ္စတာ အဘီဆစ် ပြောသွားခဲ့တာဖြစ်ပါတယ်။
လတ်တလော အာဆီယံအဖွဲ့ရဲ့ အတွင်းရေးမှူးချုပ် ယခင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆူရင်း ပစ်ဆူဝမ် (Surin Pitsuwan) ချမှတ်ခဲ့တဲ့ အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှု က လူ့အခွင့်အရေး ကိစ္စလိုမျိုး အကြောင်းအရာတွေမှာ ပိုပြီးတော့ ပွင့်လင်းတဲ့ ဆွေးနွေးမှုတွေ လုပ်ဖို့ တိုက်တွန်းပါတယ်။
“အာဆီယံအဖွဲ့ကြီး ခိုင်မာဖို့အတွက်က နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ လေးစားမှုနဲ့ ယုံကြည်ကိုးစားမှု လိုအပ်ပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ကိစ္စတွေက ကျန် ဒေသတခုလုံးကို အကျိုးသက်ရောက်စေတယ်ဆိုတာ ရှင်းပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်ထွန်းဖို့ အချိန်ကျရောက်နေပြီဆိုတာကို ကျနော် ထောက်ပြမှာပါ။ ကျနော်တို့ အလေးထားတဲ့အတိုင်း အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးအတွက် အခုထက်ပိုပြီးတော့ တက်တက်ကြွကြွ လုပ်ဖို့ လိုပါတယ်။ ဒါဟာ လွယ်ကူတဲ့ကိစ္စ မဟုတ်ဘူးဆိုပေမယ့် ဒီလိုမျိုး အပြောင်းအလဲတွေ နဲ့ တိုးတက်မှုတွေကို ကျနော်တို့ တွေ့မြင်ခဲ့ဖူးပါတယ်။”
၂၀၀၁ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အထိ အုပ်ချုပ်ခဲ့တဲ့ ၀န်ကြီးချုပ်ဟောင်း တက်ဆင် ရှင်နာဝတ် အစိုးရလက်ထက်က မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးဟာ ထိုင်းနိုင်ငံရဲ့ စီးပွားရေး အကျိုးအမြတ်တွေအတွက်သာ ဦးစားပေးခဲ့ပါတယ်။ အပြုသဘောဆောင် ချဉ်းကပ်မှု မူဝါဒအောက်မှာ ထိုင်း နဲ့ အာဆီယံ တို့ဟာ မြန်မာစစ်အစိုးရ နဲ့ ဆက်ဆံတဲ့နေရာမှာ သိသာထင်ရှားမှု မရှိတဲ့ သံတမန်ရေး ချဉ်းကပ်မှုတွေနဲ့ ချဉ်းကပ်ခဲ့ကြပါတယ်။
ဒီမိုကရေစီနဲ့ ဖွဲ့ဖြိုးတိုးတက်ရေးအဖွဲ့က မြန်မာကျောင်းသားခေါင်းဆောင်ဟောင်း ဒေါက်တာ နိုင်အောင် က မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး နဲ့ လူ့အခွင့်အရေးကိစ္စရပ်တွေကို အဓိကထား ချဉ်းကပ်ဆောင်ရွက်မယ့် ထိုင်းအစိုးရသစ်ရဲ့ ချဉ်းကပ်မှုကို ကြိုဆိုပါတယ်။
“ထိုင်းအစိုးရသစ် ဟာ လူ့အခွင့်အရေး အခြေခံပေါ်မှာ ရပ်တည်မှာပါ။ ဒါကြောင့် ဒီမိုကရေစီကျင့်ထုံးတွေနဲ့ ပိုပြီးတော့ အလေးထား ရပ်တည်ပါတယ်။ ဒါပေမယ့်လည်း မြန်မာနိုင်ငံကို ဖိအားပေးတဲ့နေရာမှာ အာဆီယံအဖွဲ့ကနေ တဆင့် ချဉ်းကပ်မယ်ဆိုရင်တော့ ဒီချဉ်းကပ်မှုက ခက်ခဲနေဦးမှာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ - အာဆီယံ အနေနဲ့က ၀င်ရောက်မစွက်ဖက်ရေး ဆိုတဲ့ မူဝါဒကို လက်ကိုင်ထားနေဆဲ ဖြစ်တာကြောင့်ပါ။”
Alternative ASEAN လို့ခေါ်တဲ့ မြန်မာ့အရေးဆောင်ရွက်နေတဲ့ စင်ပြိုင် အာဆီယံအဖွဲ့ က ပြောရေးဆိုခွင့်ရှိသူ ဒက်ဘီ စတော့ဟဒ် (Debbie Stothardt) က လည်း ထိုင်းအစိုးရရဲ့ မူဝါဒ ထဲမှာ မြန်မာစစ်အစိုးရ အနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရမယ်ဆိုတာကို တောင်းဆိုဖို့ လိုတယ် လို့ ဆိုပါတယ်။ လက်ရှိ အာဆီယံအဖွဲ့ရဲ့ အလှည့်ကျဥက္ကဋ္ဌရာထူး ယူထားတဲ့ ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ ဖြစ်လာဖို့အရေးမှာ အဓိက ကျတဲ့ အခန်းကဏ္ဍမှာ ရှိနေတယ်လို့လည်း သူက ဆိုပါတယ်။ အာဆီယံခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေးဟာလည်း ဖေဖော်ဝါရီလ နှောင်းပိုင်းမှာ ထိုင်းနိုင်ငံမှာပြုလုပ်ဖို့ ရှိနေပါတယ်။
“လက်ရှိ ထိုင်းအစိုးရသစ်အပါအ၀င် တခြား အာဆီယံ အဖွဲ့ဝင် အစိုးရတွေ အနေနဲ့ မြန်မာနိုင်ငံပြဿနာကို ကိုင်တွယ်ရာမှာ နိုင်ငံရေးအရ စိတ်အားထက်သန်မှု အပြည့်အ၀ ရှိဖို့လိုပါတယ်။ အာဆီယံ အနေနဲ့ သိရမှာက မြန်မာစစ်အစိုးရဟာ ယဉ်ကျေးတဲ့ သံတမန်ရေးအရ ဆက်ဆံပြောဆိုမှုတွေကို လေးစားလိုက်နာမှာမဟုတ်ပါဘူး။ အာဆီယံအနေနဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက် ချထားတယ်ဆိုတာကို ပြသနိုင်မှသာ အာဆီယံကို လေးစားလိုက်နာမှာပါ။”
မြန်မာ့အရေးဆောင်ရွက်နေတဲ့ စင်ပြိုင် အာဆီယံအဖွဲ့ က ဒက်ဘီ စတော့ဟဒ် ဖြစ်ပါတယ်။ မြန်မာစစ်အစိုးရ က သူ့ရဲ့ ဒီမိုကရေစီ လမ်းပြမြေပုံ နဲ့ ၂၀၁၀ မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့အတွက် လိုအပ်တဲ့ နိုင်ငံရေးခြေလှမ်းတွေ လှမ်းနိုင်ဖို့ အစိုးရ အနေနဲ့ လုပ်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် လေ့လာသုံးသပ်သူ တော်တော်များများကတော့ - စစ်အစိုးရဟာ စစ်တပ်ကို အလေးပေးတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေကို အခြေခံပြီးတော့ ပါလီမန်သစ်မှာ သူ့ရဲ့ သြဇာလွှမ်းမိုးမှု ဆက်ယူနိုင်အောင် ကြိုးစားလိမ့်မယ်လို့ မျှော်လင့်ကြပါတယ်။
မြန်မာနိုင်ငံမှာ စစ်အစိုးရ စစ်အာဏာသိမ်းခဲ့တာ ၁၉၆၂ ခုနှစ်ကတည်းက ဖြစ်ပါတယ်။ လက်ရှိအစိုးရကတော့ ၁၉၈၈ ခုနှစ်က အာဏာသိမ်းယူခဲ့တဲ အစိုးရဖြစ်သလို လတ်တလော နေအိမ်အကျယ်ချုပ် ကျခံနေ့တဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မဲအများစုနဲ့ အနိုင်ရခဲ့တဲ့ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကိုလည်း လျစ်လျူရှုခဲ့တာ ဖြစ်ပါတယ်ရှင်။