သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လချီထောင်ဝင်စာ ပိတ်ပင်မှု ဥပဒေနှင့်မညီ လူ့အခွင့်အရေးအဖွဲ့ ဝေဖန်


အခုရက်ပိုင်းအတွင်းမှာ နယ်ဝေးထောင်တွေက နိုင်ငံရေး အကျဉ်းသားတွေကို ဘာအကြောင်းပြချက်မှ မယ်မယ်ရရ မရှိဘဲနဲ့ မိသားစုနဲ့တွေ့ဆုံခွင့် လနဲ့ချီ ပိတ်ပင်တာဟာ မြန်မာနိုင်ငံ အကျဉ်းထောင်လက်စွဲ ဥပဒေကို ချိုးဖောက်တာ ဖြစ်တယ်လို့ ပြည်ပရောက် လူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့တခုက ပြောလိုက်ပါတယ်။ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရပြီးတော့ နယ်ဝေးထောင်တွေကို ပြောင်းရွှေ့ခံရတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ အပါအဝင် နိုင်ငံရေးအကျဉ်းသား တော်တော်များများကို အခုနှစ်ဆန်းပိုင်း ကစလို့ မိသားစုနဲ့ တွေ့ဆုံခွင့် ပိတ်ပင်ထားတာဖြစ်ပါတယ်။ အပြည့်စုံကို မသင်းသီရိက တင်ပြထားပါတယ်။

ကော့သောင်းထောင်မှာ နှစ်ရှည် အကျဉ်းချခံထားရတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် တဦးဖြစ်တဲ့ ကိုပြုံးချို ကို ဖခင်နဲ့ ဇနီးဖြစ်သူတို့က ထောင်ဝင်စာ သွားတွေ့တဲ့အခါမှာ တွေ့ခွင့်မရခဲ့လို့ အခု ရန်ကုန်ကို ပြန်လာနေရပြီလို့ ကိုပြုံးချို ရဲ့ မိခင် ဒေါ်မြမြအေး က ပြောပါတယ်။

“မတွေ့ခဲ့ရဘူးလို့တော့ ပြောတယ်။ မနက်က ဖုန်းဆက်တယ်လေ။ ဖုန်းဆက်တော့ ပြန်လာပြီတဲ့။ မတွေ့ခဲ့ရဘူးတဲ့။ အဲဒီလောက်ပဲ၊ အသေးစိတ်တော့ မသိသေးဘူးပေါ့လေ။ ထွက်သွားတုန်းကတော့ သူတို့ စုံစမ်းတာကတော့ ကလေးထောင် တခုပဲ၊ ဒီပြင်ဟာတွေကတော့ ဘာမှ စုံစမ်းလို့ မရဘူး။ အဲဒါကြောင့် သူတို့ သွားကြတာ။ သူတို့ သွားတာက ၈ ရက်နေ့က သွားတယ်။ ဟိုကို ၁၂ ရက်နေ့မှာ သူတို့ ဘိတ် ကို ရောက်ပြီလို့ ပြောတော ကော့သောင်း ကိုတော့ ၁၄ ရက်နေ့လောက် ရောက်လိမ့်မယ် ထင်တယ်။”

ကိုပြုံးချိုရဲ့ မိခင် ဒေါ်မြမြအေး ပြောပြခဲ့တာပါ။ ရန်ကုန်ကနေ ကော့သောင်းကို ခရီးလမ်းကြောင်းအရ ရက်သတ္တပတ်နဲ့ချီ သွားရတာမိုလို့ ငွေကုန်လူပမ်း ဖြစ်ရသလို အခုတော့ တွေ့ခွင့်မရတဲ့အတွက်ကြောင့် မိခင်တယောက်အနေနဲ့ အလွန် စိတ်မကောင်းဖြစ်ရတယ်လို့ ပြောပါတယ်။

နောက်တခါ ဘားအံထောင်မှာ အကျဉ်းချခံထားရတဲ့ ဘလော့ဂါသမား ကိုနေဘုန်းလတ် ကိုလည်း ပြီးခဲ့တဲ့ ၁၆ ရက် သောကြာနေ့က မိသားစုက သွားတွေ့တဲ့အခါမှာ တွေ့ခွင့်မရဘူးလို့ ကိုနေဘုန်းလတ် ရဲ့မိခင် ဒေါ်အေးသန်း က ပြောပါတယ်။

“အန်တီတို့က ၁၆ ရက်နေ့က သွားတွေ့တာလေ။ ပထမ ၂ ရက်နေ့က သွားတွေ့ထားတာ ရတယ်ဆိုတော့ ဒီတခါလည်း ရမယ်ထင်လို့ သွားကြည့်တာပေါ့။ ဒါပေမယ့် မရဘူး။ သူတို့က ၁ လ ပိတ်ထားတယ်တဲ့။ ဒါပေမယ့် အမိန့်အနေနဲ့ပေါ့နော်။ သီးသန့် ဘာမှထုတ်ထားတာ မရှိဘူး။ ဒီလိုပဲ နုတ်မိန့်နဲ့ပဲ သူတို့က တွေ့ခွင့်ရဘူးလို့ ပြောလိုက်တယ်ပေါ့နော်။”

ခိုင်လုံတဲ့အကြောင်းပြချက် မရှိဘဲ အထက်ရဲ့ ညွှွန်ကြားချက်ကြောင့်လို့သာ အကျဉ်းဦးစီးဝန်ထမ်းတွေ ဆီက သိခဲ့ရသလို ထောင်အာဏာပိုင်တွေကလည်း မိသားစုဝင်တွေနဲ့ တေ့တေ့ဆိုင်ဆိုင် ပြောဆိုတာ၊ မေးမြန်းတာတွေ လုပ်ခွင့်မရခဲ့ဘူးလို့ ဒေါ်အေးသန်း က ပြောပါတယ်။

“ဒီကြားထဲမှာ သွားတွေ့တဲ့သူတွေကတော့ သေချာမေးတယ်ပေါ့နော်။ အကြောင်းပြချက် တစုံတရာ မရှိဘူး။ အဲဒီ ထောင်ပိုင် တို့ ထောင်မှူး တို့က ရှောင်နေတဲ့သဘောမှာ ရှိတယ်။ အဲဒီတော့ အောက်ခြေလေးတွေနဲ့ပဲ တွေ့ခဲ့ပြီးတော့ ပိတ်ထားပါတယ် ဆိုတော့၊ နောက်ဆုံးတော့ တပ်ခေါက် ပြန်လာရတဲ့သူတွေချည်းပဲ။ ဒါပေမယ့် ခက်တာကလည်း ဖုန်းဆက်ပြီး မေးကြည့်မယ်၊ ဖုန်းနံပါတ် ပေးပါဆိုတော့လည်း သူတို့ဖုန်းတွေက လိုင်းတွေက မကောင်းဘူးတဲ့။ ဝန်ထမ်းတွေက ပြောလွှတ်လိုက်တယ်။ ရှင်းရှင်းပြောရရင် အန်တီတို့ကို အနိုင်ကျင့်ခံရတယ်လို့ပဲ သဘောထားတာပေါ့။ ဘာဖြစ်လို့လဲ ဆိုတော့ ထောင်တွေ နှစ်ရှည်ချတာလည်း အန်တီတို့ ခံရတာပဲ။ ကဲ - နယ်သွား ဆိုတော့လည်း ပို့လိုက်တော့လည်း မိသားစုကို အကြောင်းမကြားဘဲ ပို့လိုက်တာကိုလည်း အန်တီတို့ ခံရတာပဲ။ အခုတခါလည်း အန်တီတို့ကို နောက်ထပ် နှိပ်စက်မှုတခုလို့ပဲ အန်တီတို့ ယူဆတယ်လေ။”

ကိုနေဘုန်းလတ် ရဲ့ မိခင်ဖြစ်သူ ဒေါ်အေးသန်း ပြောပြခဲ့တာပါ။ အခုလို ထောင်ဝင်စာ ပိတ်ပင်မှု ကိစ္စတွေကို အပြင်က မိသားစုဝင်တွေကြားမှာ အတော်လေး သောကနဲ့ ဒုက္ခရောက်ကြသလို အကျဉ်းထောင်တွေအတွင်းမှာလည်း ဒီကိစ္စအတွက် တိုက်ပွဲဝင်နေမှုတွေလည်း ရှိပါတယ်။ မနေ့ကဆိုရင်လည်း စက်တင်ဘာ သံဃာ့လှုပ်ရှားမှုရဲ့ ဦးဆောင်သံဃာတော် တပါးဖြစ်တဲ့ အရှင်ဂမ္ဘီရ ဆိုရင်လည်း အစာငတ်ခံဆန္ဒပြနေတယ် ဆိုပြီး သတင်းတွေ ထွက်လာပါတယ်။ အရှင်ဂမ္ဘီရ ကို ထောင်ဝင်စာ ပစ္စည်းတွေလည်း ပေးခွင့်မရသလို ကျန်းမာရေးလည်း သိပ်ကောင်းဘူးလို့ အရှင်ဂမ္ဘီရ ရဲ့ မိသားစုဝင်တွေက ဗွီအိုအေကို ပြောပါတယ်။

အခုလို ထောင်ဝင်စာ ပိတ်ပင်တဲ့ အခြေအနေတွေဟာ မြန်မာနိုင်ငံ အကျဉ်းထောင်လက်စွဲ ဥပဒေကို ချိုးဖောက်နေတာ ဖြစ်တယ်လို့ ပြည်ပအခြေစိုက် AAPPB လို့ ခေါ်တဲ့ မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည် က ပြောပါတယ်။

“ထောင်ထဲကသတင်းတွေ အပြင်ကိုမထွက်အောင်လို့ရယ်။ နောက်တခုက ဒီလက်ရှိ ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပိုပြီးတော့ စိတ်ပိုင်းဆိုင်ရာအရ ပိုပြီး ဒုက္ခပေးနေတယ်။ နောက်တခုက မိသားစုကိုလည်း စိတ်ပိုင်းဆိုင်ရာ အရ၊ ရုပ်ပိုင်းဆိုင်ရာအရ ဒုက္ခပေးနေတာတွေ ရှိတယ်။ အဲဒီရည်ရွယ်ချက်မျိုးကြောင့်ပဲ ဒီလို ထောင်ဝင်စာတွေကို ပိတ်ထားတာဖြစ်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အကျဉ်းထောင်ဥပဒေအရ ဆိုရင် အကျဉ်းကျပြီးတဲ့ မည်သူမဆို ၂ ပတ်မှာ တကြိမ်တော့ မိသားစုနဲ့ တွေ့ခွင့်ပေးရတယ်။ ဒါဟာ အကျဉ်းထောင် လက်စွဲဥပဒေ အရပဲ။ ဒီလိုမျိုးလုပ်တာက အကျဉ်းထောင်ကိုယ်တိုင်က အကျဉ်းထောင်လက်စွဲဥပဒေကို ချိုးဖောက်နေတာ ဖြစ်ပါတယ်။ ဒီသတင်းတွေကို နိုင်ငံတကာကလည်း တကယ်ပဲ စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေတာ ဖြစ်တယ်။ ပြည်သူတွေကလည်း တကယ်တမ်း စိတ်ဝင်တစားနဲ့ နားထောင်နေတာမျိုးတွေ ဖြစ်ပါတယ်။ ဆိုတော့ ဒီလိုပုံစံမျိုးနဲ့တော့ ဒီလိုသတင်းတွေကို သူတို့ ထိန်းချုပ်လို့ ရမှာမဟုတ်ပါဘူး။”

AAPPB မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း က တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည် ပြောပြခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG