သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မာတင် လူသာကင်း အမှတ်တရဆု ဒေါ်စု ချီးမြှင့်ခံရ


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အမေရိကန် ဆီးနိတ်လွှတ်တော်အမတ် တက် ကနေဒီ (Ted Kennedy)၊ အောက်လွှတ်တော်အမတ် ဂျွန် လီးဝစ် (John Lweis) နဲ့ ဘုန်းတော်ကြီး ကလောဒီ ဘလက် (Claude Black) တို့ကို လူ့အခွင့်အရေးခေါင်းဆောင် မာတင်လူသာကင်းရဲ့ သားသမီးတွေက ယုံကြည်ချက်အတွက် အိမ်မက်တွေကို အကောင်အထည် ဖော်သူတွေအဖြစ် လူ့အခွင့်အရေးဆု ချီးမြှင့်လိုက်ပါတယ်။

ဒီနေ့ ဇန်နဝါရီလ ၁၉ ရက်နေ့ဟာ အမေရိကန်ပြည်ထောင်စုမှာ လူ့အခွင့်အရေး ရဲဘော်ကြီး မာတင်လူသာကင်း ကို ဂုဏ်ပြုတဲ့နေ့ ဖြစ်ပါတယ်။ ဒီနေ့မှာ မာတင်လူသားကင်း အမှတ်တရ အဖြစ် ဆုချီးမြှင့်တာပါ။

ဝါရှင်တန်မြို့တော် Hyatt Regency - Capital Hilton ဟော်တယ်မှာ အခု အသံလွှင့်နေတဲ့အချိန်မှာပဲ အခမ်းအနား ကျင်းပနေပါတယ်။ အခမ်းအနား ကျင်းပနေတဲ့နေရာကို ရောက်နေတဲ့ ဗွီအိုအေ မြန်မာပိုင်း အစီအစဉ်က မအေးသန္တာကျော် ကို မခင်ဖြူထွေး က ဆက်သွယ်မေးမြန်းထားပါတယ်။

မအေးသန္တာကျော်ရေ၊ အခု အခမ်းအနားအကြောင်းကို နည်းနည်း ရှင်းပြပေးပါ့လား။ အခမ်းအနားမှာ ဒေါ်ဆောင်ဆန်းစုကြည် ကိုလည်း ဆုချီးမြှင့်မယ်ဆို -

"ဟုတ်ကဲ့ မခင်ဖြူထွေးရေ၊ အခု ကျင်းပတော့မယ့် အခမ်းအနား က အမေရိကန်ပြည်ထောင်စုမှာ နိုင်ငံသားအခွင့်အရေးနဲ့ လူဖြူလူမည်း အခွင့်အရေး တန်းတူရေးအတွက် တိုက်ပွဲဝင်ခဲ့တဲ့ မာတင်လူသာကင်း အထိမ်းအမှတ်အဖြစ် Realizing the Dream လို့ ခေါ်တဲ့ကျင်းပတဲ့ ဆုပေးပွဲအခမ်းအနားပါ။ အိမ်မက်တွေကို အကောင်အထည် ဖော်ခြင်းဆိုတဲ့ ခေါင်းစဉ်နဲ့ ပေးတဲ့ ဆုပေးပွဲ အခမ်းအနားပါ။ ဒေါ်အောင်ဆန်းစုကြည် ကတော့ Triumph of Conscience လို့ခေါ်တဲ့ ယုံကြည်မှု အောင်မြင်ခြင်း ဆုကို ရရှိတာပါ။ ဒီပွဲမှာ တခြား ဆုရရှိတဲ့သူတွေကတော့ အမေရိကန် ဆီးနိတ်လွှတ်တော်အမတ် တက် ကနေဒီ၊ အောက်လွှတ်တော်အမတ် ဂျွန် လီးဝစ် နဲ့ ဘုန်းတော်ကြီး ကလောဒီ ဘလက် တို့ပါ။ အထက်လွှတ်တော်အမတ် တက်ကနေဒီ က Realizing the Dream လို့ ခေါ်တဲ့ အိမ်မက်တွေကို အကောင်အထည် ဖော်ခြင်း ဆုကို ရရှိပါတယ်။ မနှစ်ကတော့ အမေရိကန် သမ္မတဟောင်း ဘေ ကလင်တန် (Bill Clinton) က ရရှိပါတယ်။ ဒီနှစ်အခမ်းအနားကတော့ မာတင်လူသာကင်းကို လေးကြိမ်မြောက် ဆုချီးမြှင့်တဲ့ အခမ်းအနားပါ။ ဒီလို Realizing the Dream ဆုပေးပွဲမျိုးကိုလည်း နှစ်ကြိမ်မြောက် ပေးတဲ့ ဆုပေးပွဲ အခမ်းအနားပါ။

ဒီတော့ ဒီ ဆုပေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်စား ဘယ်သူက ဆုကို ကိုယ်စားတက်ပြီးယူပါသလဲ။ ဒီ ဆုကရော မြန်မာ့အရေးအပေါ် အမေရိကန်ပြည်ထောင်စုရဲ့ မူဝါဒကို ရိုက်ခတ်မှု ရှိနိုင်ပါ့မလား။ ဘယ်လောက်အထိ အရေးကြီးသလဲ။ -

"ဟုတ်ကဲ့။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်စားတော့ အမေရိကန် အခြေစိုက် လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ USCB က ကိုအောင်ဒင် ဆုကို လက်ခံရယူမှာဖြစ်ပါတယ်။ အခု ဒီအခမ်းအနားမှာ ဆုတက်ယူတဲ့ USCB က အခုလို ပြောပါတယ်ရှင်။"

ဦးအောင်ဒင်။ ။ ဒီဆုပေးပွဲက တော်တော်အရေးကြီးတယ်ဗျာ။ ဘာလို့အရေးကြီးလဲဆိုတော့ ဒါ အမေရိကန်ပြည်ထောင်စုမှာ ဒါဟာ ကြီးမားတဲ့ အပြောင်းအလဲ ကြီးပဲလေ။ နောက် အခုဆိုလို့ရှိရင် အမေရိကန်ပြည်ထောင်စုရဲ့ လူမဲ သမ္မတ ပေါ့နော်။ နောက်နှစ်ရက် အကြာမှာ သမ္မတအဖြစ် ကျမ်းသစ္စာ ကျိမ်ဆိုတော့မယ်။ အဲဒီလိုအချိန်မှာ အမေရိကန်ပြည်ထောင်စု တခုလုံးက လူမဲ လူ့အခွင့်အရေး ကာကွယ်ဖို့အတွက် ကြိုးပမ်းရင်းနဲ့ ကွယ်လွန်ခဲ့တဲ့ ဒေါက်တာ မာတင်လူသာကင်း ဂျူနီယာ ကို တနိုင်ငံလုံးက သတိရနေကြတဲ့အချိန်ပေါ့ဗျာ။ ဆိုတော့ ဒီအချိန်မှာ အခုလို သမ္မတ အိုဘားမား ရဲ့ အစိုးရအဖွဲ့သစ်ကလည်း မကြာခင် အိမ်ဖြူတော်ကို သိမ်းပိုက်ပြီးတော့ နိုင်ငံ့တာဝန်ကို ထမ်းဆောင်တော့မယ့်အချိန်မှာ အခုလိုမျိုး ဆုပေးပွဲ ကျင်းပတာဆိုတော့ ကြီးမားပါတယ်။ အဲဒီလို ဆုချီးမြှင်တဲ့အတွက်ကြောင့်မိုလို့ အိုဘားမား ရဲ့ အစိုးရအဖွဲ့သစ် အဖွဲ့အနေနဲ့ ဒီ ဒေါက်တာ မာတင်လူသာကင်း ဂျူနီယာ ကိုယ်နှိက်က သူ့ရဲ့သားသမီးများက ဂုဏ်ပြုချီးမြှင့်တဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုအပေါ်မှာ ဆက်ပြီးတော့ အားသွန်ခွန်စိုက် ကူညီဆောင်ရွက်ဖို့လုပ်လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတာပေါ့နော်။

"မာတင်လူသာကင်း ရဲ့ အိပ်မက် ဆိုပြီးတော့ ချစ်ခြင်းမေတ္တာနဲ့ ပြည့်စုံတဲ့ လူ့ဘောင်အသိုင်းအဝိုင်း ဖြစ်ဖို့ကို သူတို့ ဆက်ပြီးတော့ လှုပ်ရှားသွားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သူတို့ ဒီလိုမျိုး ဆုပေးပွဲ အခမ်းအနာကို ကျင်းပတာဖြစ်ပါတယ်။"

အခမ်းအနားကျင်းပတဲ့နေရာမှာ ရောက်နေတဲ့ ဗွီအိုအေ မြန်မာပိုင်း အစီအစဉ်က မအေးသန္တာကျော်ကို ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG