သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ ကျမ်းသစ္စာ ကျိန်ဆိုပွဲ အစ ဖျော်ဖြေပွဲတွေ ကျင်းပ


အမေရိကန်ပြည်ထောင်စု ရင်ဆိုင်နေရတဲ့ အကျပ်အတည်း တွေဟာ လွယ်လွယ်ကူကူ ကျော်ဖြတ်နိုင်မယ့် အခက်အခဲတွေ မဟုတ်တဲ့အကြောင်း အချိန်အားဖြင့် လတွေနှစ်တွေနဲ့ချီ ကြာနိုင်တဲ့အကြောင်း ရွေးကောက်ပွဲ အနိုင်ရထားတဲ့ ဘရက်အိုဘားမားက ဝန်ခံပြောဆိုလိုက်ပါတယ်။

ဝါရှင်တန်မြို့တော် သမ္မတဟောင်း လင်ကွန်းရဲ့ အမှတ်တရ ကျောက်ရုပ်ထုကြီး ရှေ့မှာကျင်းပတဲ့ We are One, 'တို့အားလုံး အတူတူပါ' လို့ အဓိပ္ပါယ်ရတဲ့ ဂီတဖျော်ဖြေပွဲ အခမ်းအနားမှာ မစ္စတာ အိုဘားမားက အခုလို ပြောဆိုတာပါ။

အမေရိကန်ပြည်ထောင်စုအနေနဲ့ အခက်အခဲတွေကို ကြံ့ကြံ့ခံရပ်တည်ပြီး အမေရိကန်ပြည်ထောင်စုကို တည်ထောင်ခဲ့တဲ့ သူတွေရဲ့ ရည်မှန်းချက်တွေအတိုင်း အကောင်အထည် ဖော်နိုင်ဖို့ သူ့အနေနဲ့ မဆုတ်မနစ် ဆက်လက်ကြိုးစားသွားမယ်လို့ အိုဘားမားက ပြောဆိုပါတယ်။ ဒီလို အခက်အခဲတွေကို ရင်ဆိုင်ဖို့ သူ အခုလို လူထုရှေ့မှာ မားမားမတ်မတ် ရပ်တည်နေတာလို့ ပြောဆိုပါတယ်။

ဘရက်အိုဘားမား ကျမ်းသစ္စာကျိန်ဆိုပွဲမတိုင်ခင် သူ့ကို ကြိုဆိုတဲ့အနေနဲ့ ဝါရှင်တန်မြို့တော် သမ္မတဟောင်း လင်ကွန်း အမှတ်တရ ကျောက်ရုပ်ထုကြီးရှေ့နဲ့ ကျောက်တိုင်ကြီးရှေ့ ရင်ပြင်တလျှောက် နာမည်ကြီးအဆိုတော်တွေ ပါဝင်တဲ့ ဂီတဖျော်ဖြေပွဲ တခု မနေ့က ကျင်းပခဲ့ပါတယ်။

ဒီဂီတဖျော်ဖြေပွဲမှာ ဒုသမ္မတဖြစ် ရာထားခံရတဲ့ ဂျိုးဇက် ဘိုင်ဒန် (Joseph Biden) က အမေရိကန်ပြည်ထောင်စုအတွင်း နေ့တဓူ၀ ရုန်းကန်နေရတဲ့ အောက်ခြေ ပြည်သူတွေကို တိုင်းပြည်ရဲ့ အနာဂတ်အတွက် မစိုးရိမ်ဖို့ ထည့်သွင်း ပြောဆိုသွားပါတယ်။

ဂီတဖျော်ဖြေပွဲ အခမ်းအနား ကျင်းပနေတဲ့အချိန် လင်ကွန်း အမှတ်တရ ရုပ်ထုရှိတဲ့ အဆောက်အဦရှေ့ ရေကန်ဘေးမှာ ရောက်နေတဲ့ ဗွီအိုအေ မြန်မာပိုင်း အစီအစဉ် အင်တာနက် ဝက်ဘ် တာဝန်ခံ ကိုဇော်ဇော်အောင် ကို မေးကြည့်တော့ အခြေအနေကို သူက အခုလို ပြောပါတယ်။

"အခု ဘိုနို ဆိုနေတယ်။ ဘိုနိုက သူ့ သီချင်းက ဒီနေ့ ဖျော်ဖြေပွဲရဲ့ အဓိက အကြောင်းအရာလေ၊ We are One ဆိုတာ။ လူတွေကတော့ သိန်း သန်းချီတာပေါ့၊ ဟိုဘက်မှာ လူက အရမ်းများနေတယ်။ ဒီမှာက ကျောက်တိုင်ကြီးရှေ့ ကွင်းတခုလုံးမှာလည်း တီဗွီတွေ အကြီးကြီးတွေ အပြည့်တပ်ထားတယ်။ ရုပ်မြင်သံကြားတွေက ကြည့်လို့ရတယ်။ လူတွေလည်း အများကြီးရှိတယ်။ အခု ရေကန်ဘေးမှာ ကျနော် ရောက်နေတယ်။ အရှေ့ဘက်မှာက လူကြီးတွေအတွက် သတ်မှတ်ထားတဲ့နေရာဆိုတော့ ဝင်လို့ မရဘူး။ လူတွေအတွက်ကတော့ ဒီ ရေကန်နားက စရတယ်။ လုံခြုံရေးကတော့ အပြည့်ပဲ၊ ဒီ ဗွီအိုင်ပီ တွေ နေတဲ့နေရာတွေမှာတော့ အိပ်တွေဘာတွေ စစ်တယ်။ အကုန်လုံးက ငြိမ်ငြိမ်သက်သက်ပဲ သီချင်းနားထောင်ကြတယ်။ ကျနော် ရောက်နေတာ နှစ်နာရီလောက် ရှိသွားပြီ။"

ကိုဇော်ဇော်အောင် ပြောသွားတာပါ။ နောက်ထပ် ဂီတဖျော်ဖြေပွဲမှာ ရောက်နေတဲ့ မေရီလမ်း ပြည်နယ်က မြန်မာနိုင်ငံသူ တယောက်ဖြစ်တဲ့ မဖြူစင်လင်းသန့် ကလည်း အခြေအနေကို အခုလို ပြောပါတယ်။

"အခု သမီးရောက်နေတာက ကျောက်တိုင်ဘေးနားမှာ ရောက်နေတာ။ ဖျော်ဖြေပွဲဘက်ကို သွားလို့ မရဘူး၊ လူတွေ အရမ်းကို များနေလို့။ သီချင်းတွေဆိုတာ အခုပဲ ပြီးသွားတယ်။ တီဗွီကြီးတွေကနေ ပြနေတာတွေ ကြားနေရတယ်။ တီဗွီပေါ်မှာကြည့်လိုက်ရတာကတော့ အနုပညာရှင်တွေ တော်တော်ကိုများတယ်။"

ဂီတဖျော်ဖြေပွဲကျင်းပရာနေရာတွေနဲ့ ကျောက်တိုင်ကြီးရှေ့ ရင်ပြင်တလျှောက်မှာလူတွေ ကြိတ်ကြိတ်တိုး စည်းကားနေခဲ့ပါတယ်။

အခမ်းအနားမှာ နာမည်ကြီး တေးဂီတပညာရှင်တွေ၊ အဆိုတော်တွေဖြစ်တဲ့ Bruce Springsteen, Jon Bon Jovi R-and-B, Mary J. Blige နဲ့ အခြား ထင်ရှားတဲ့ အဆိုတော်တွေ တော်တော်များများ ပါဝင်ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG