ဒီဇင်ဘာလတုန်းက မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်
နိုင်ငံက ရိုဟင်ဂျာ ၁,၀၀၀ ကျော် ပါလာတဲ့လှေကို
ထိုင်းလုံခြုံရေးတပ်တွေက စက်အင်ဂျင်ဖြုတ်ပြီး
ပင်လယ်ထဲ ပြန်ပြီးမျှောလိုက်တဲ့အတွက် ၃၀၀
ကျော် အစာရေစာပြတ်လပ် သေဆုံးခဲ့ရတယ်
ဆိုတဲ့ စွပ်စွဲချက် ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီလို
စွပ်စွဲချက် ထွက်ပေါ်လာပြီးနောက် ဒီကိစ္စကို စုံစမ်း
စစ်ဆေးနိုင်ဖို့ ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဝိဂျာ
ဂျီ၀ (Abhisit Vejjajiva) က ဒီနေ့မှာ လူ့အခွင့်
အရေး တာဝန်ရှိသူတွေနဲ့ ဘန်ကောက်မြို့တော်မှာ
တွေ့ဆုံခဲ့ပါတယ်။ အကြောင်းစုံကို မစုမြတ်မွန်က
တင်ပြပေးထားပါတယ်။
အခုကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးနိုင်ဖို့
အတွက် သိရသမျှ သတင်းအချက်အလက်တွေကို ပေးကြဖို့အတွက်လည်း ထိုင်းအစိုးရ
သက်ဆိုင်ရာဌာနတွေကို ဝန်ကြီးချုပ် အဘီဆစ်က တောင်းဆိုထားတယ်လို့ ထိုင်းအစိုးရ
ပြောခွင့်ရသူ ပန်နီတန် ဝပ်တနာ ရက်ဂွန်က ပြောလိုက်ပါတယ်။ သူက လူသားချင်း
စာနာမှုနဲ့ ထိုင်းနိုင်ငံရဲ့ လုံခြုံရေး မျှတအောင်ညှိပြီး ထိုင်းအစိုးရက မူဝါဒချမှတ်ထားတာ
ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
“ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်လာသူတွေကိစ္စနဲ့ပတ်သက်ပြီး အခြေခံမူ ၂ ရပ်
အပေါ်မှာမူတည်ပြီး ကျနော်တို့ မူဝါဒ ထားပါမယ်။ တခုကတော့ ဒီလူတွေအပေါ်မှာ
အဆင့်အတန်း သတ်မှတ်မှုနဲ့ သူတို့ရဲ့ အခွင့်အရေးဆိုင်ရာ ကိစ္စတွေပါ။ နောက်တခု
ကတော့ ထိုင်းပြည်သူလူထုအတွက် အမျိုးသားလုံခြုံရေးနဲ့ အမျိုးသား အကျိုးစီးပွား
ကိစ္စပါ။ ဒီ ၂ ချက်ပေါ်မှာမူတည်ပြီး ကျနော်တို့ရဲ့မူဝါဒကို ထိန်းညှိသွားမှာပါ။”
မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသတွေမှာ နေထိုင်ကြတဲ့ ရိုဟင်ဂျာ ရာနဲ့ချီပါတဲ့
လှေကို အိန္ဒိယရေပိုင်နက်ထဲမှာ တွေ့ရှိကယ်ဆယ်ပြီး ကယ်တင်ခံရသူတွေကိုယ်တိုင်က
သူတို့ကို ထိုင်းစစ်တပ်က ပင်လယ်ထဲကို အတင်း ပြန်နှင်ထုတ်ခဲ့တယ်လို့ အိန္ဒိယတာဝန်
ရှိသူတွေက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အဲလိုပြောကြားခဲ့ပြီးနောက် အခုလို ထိုင်း
လုံခြုံရေးတပ်တွေက တရားမဝင် ဝင်လာသူတွေကို နိုင့်ထက်စီးနင်းလုပ်ခဲ့တယ်ဆိုတဲ့
စွပ်စွဲချက်တွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ အခုအချိန်ထိတော့ ဒီစွပ်စွဲချက်အပေါ်
ထိုင်းစစ်တပ်ဘက်က ငြင်းဆန်ထားပါတယ်။
အခုလို ထိုင်းရေတပ်ကနေ မောင်းနှင်ထုတ်ခဲ့လို့ ပင်လယ်ပြင်မှာ ဒုက္ခတွေနဲ့ ကြုံခဲ့ရ
တယ်၊ အသက်ဘေးနဲ့တောင် ရင်ဆိုင်ခဲ့ရတယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့တဲ့ကိစ္စနဲ့
ပတ်သက်လို့ ထိုင်းလူ့အခွင့်အရေးအဖွဲ့တွေက ဒီကနေ့ ထိုင်းဝန်ကြီးချုပ် အပါအဝင်
တာဝန်ရှိသူတွေနဲ့ တွေ့ဆုံရာမှာ မေးခွန်းတွေ ထုတ်ခဲ့ကြပါတယ်။ ရိုဟင်ဂျာတွေအပေါ်
လူမဆန်စွာဆက်ဆံခဲ့တယ်ဆိုပြီး ပြောဆိုခဲ့တဲ့အထဲက လူ့အခွင့်အရေးလှုပ်ရှားသူ
တယောက်ဖြစ်တဲ့ ထိုင်းနိုင်ငံ မဟိဒေါတက္ကသိုလ်က ဒေါက်တာ ဂိုထောင် အာယာ
(Dr Gothom Arya) ဗွီအိုအေကို ပြောပြတာကတော့ …
“ကျနော်တို့ရဲ့ စိုးရိမ်ပူပန်မှုကို ပြသခဲ့ပါတယ်။ ဝန်ကြီးချုပ်ဘက်ကတော့ လူ့အခွင့်အရေး
တွေကို မချိုးဖောက်သင့်ဘူး၊ ဘယ်လိုလူမျိုးတွေ အပေါ်မှာမှ မလုပ်ရဘူး၊ ထိုင်းနိုင်ငံကို
ဝင်လာကြတဲ့သူတွေအပေါ်လည်း မလုပ်ရပါဘူးဆိုပြီး ပြောပါတယ်။”
ထိုင်းစစ်တပ် တာဝန်ရှိသူတွေကတော့ ရေတပ်က ဒီလိုကျူးလွန်ခဲ့တယ်ဆိုတဲ့ ကိစ္စတွေ
ဟာ မဟုတ်မမှန်ဘူး ဆိုပြီးတော့လည်းပဲ ချေပပြောဆိုသွားခဲ့ပြီးတော့ ဒီလို ကျူးလွန်
တာတွေ ရှိခဲ့ရင်လည်း အစိုးရအနေနဲ့ စုံစမ်း အရေးယူသွားမှာဖြစ်တဲ့အကြောင်း
ကတိပြု ပြောသွားတဲ့အကြောင်း လူ့အခွင့်အရေးလှုပ်ရှားသူ ဒေါက်တာ ဂိုထောင်
အာယာက ပြောပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ထိုင်းအစိုးရရဲ့ တုံ့ပြန်ချက်အပေါ်မှာတော့
သူ့အနေနဲ့ အပြည့်အ၀ ကျေနပ်မှု မရနိုင်သေးဘူး၊ ဒီသတင်းတွေနဲ့ပတ်သက်ပြီး
ဆက်လက် စောင့်ကြည့်လေ့လာသွားဦးမယ်လို့လည်း ပြောပါတယ်။
တကယ်တော့ ဒီလို ပင်လယ်ဘက်ကသာမက ထိုင်းနဲ့မြန်မာ ၂ နိုင်ငံကြား မိုင်ပေါင်း
၁,၅၀၀ လောက် ရှည်လျားတဲ့ နယ်နိမိတ်တလျှောက်မှာလည်း အလားတူ မြန်မာနိုင်ငံ
သားတွေ ထိုင်းနိုင်ငံထဲ အကြောင်းအမျိုးမျိုးနဲ့ ဝင်ရောက်ဖို့ ကြိုးစားရာက အခုလို
လူ့အခွင့်အရေး ချိုးဖောက်ခံရတယ်ဆိုတဲ့ သတင်းမျိုးတွေ မကြာခဏဆိုသလို
ထွက်ပေါ်လေ့ရှိပါတယ်။ ဒီအတွက်ကြောင့်မို့လို့လည်း ထိုင်းအစိုးရက အခုလို ကတိ
ကဝတ်ပြု ပြောဆိုနေပေမယ့် ပြဿနာတွေကို တကယ်တမ်း ဖြေရှင်းဖို့ကတော့ မြန်မာ
အစိုးရကသာ တာဝန်အရှိဆုံးလို့လည်း ဒေါက်တာ ဂိုထောင် အာယာက ယူဆတာပါ။
“တကယ်တော့ မြန်မာအစိုးရကသာ ဒီပြဿနာတွေအားလုံးရဲ့ အခြေခံအကြောင်း
တရားပါ။ သာယာဝပြောပြီး ဒီမိုကရေစီရှိတဲ့နိုင်ငံ ဖြစ်မယ်ဆိုရင် ဘယ်သူက အခုလို
တခြားတိုင်းပြည်တွေလာပြီး အခြေချရွှေ့ပြောင်းတာမျိုးတွေ လုပ်မှာလဲဗျာ။”
မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာတွေအပေါ် ထိုင်းစစ်တပ်က လူ့အခွင့်အရေး
ချိုးဖောက်တာတွေ လုပ်ခဲ့တယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ ထိုင်းဝန်ကြီးချုပ်နဲ့
တွေ့ဆုံ ပြောဆိုခဲ့တဲ့အထဲက လူ့အခွင့်အရေးလှုပ်ရှားသူတဦးဖြစ်တဲ့ ထိုင်းနိုင်ငံ မဟိဒေါ
တက္ကသိုလ်က ဒေါက်တာ ဂိုထောင် အာယာ ပြောသွားတာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီယွန် (Kasit Piromya) ကတော့ အခုလို ထိုင်း
စစ်တပ်က မတရား အနိုင်ကျင့်မှုတွေ လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်အပေါ်မှာ အစိုးရက
အလေးအနက် ထားတဲ့အကြောင်း၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနဲ့ မလေးရှားနိုင်ငံ
တွေက သံအမတ်ကြီးတွေနဲ့လည်း ဒီကိစ္စအတွက် တွေ့ဆုံဖို့ အစီအစဉ်ရှိတဲ့အကြောင်း
သတင်းထောက်တွေကို ပြောသွားပါတယ်။