သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးလ်တပ်များ ဂါဇာမှ စတင်ဆုတ်ခွာ


အရှေ့အလယ်ပိုင်း ဂါဇာကမ်းမြှောင်ဒေသက စစ်သွေးကြွတွေကို အစ္စရေးလ်တို့က
သီတင်းသုံးပတ်ကြာ တိုက်ခိုက်နေရာကနေ နှစ်ဖက်စလုံးက သီးသန့် အပစ်အခတ်
ရပ်စဲရေး ကြေညာခဲ့ပါတယ်။ ဒီနေ့ တနင်္လာနေ့ ညပိုင်းမှာတော့ ဂါဇာဒေသခံတွေ
အတွက် အတော်လေးကို တည်ငြိမ်မှုရတဲ့ ညတညလို့ ပြောရမှာပါ။

အစ္စရေးလ်တပ်တွေ ပါလက်စတိုင်းက တဖြည်းဖြည်းချင်း ဆုတ်ခွာနေပြီဖြစ်ပါတယ်။
ဂါဇာဒေသကို အစ္စရေးလ်တို့တိုက်ရတဲ့ ရည်မှန်းချက်တွေ အောင်မြင်ခဲ့တာကြောင့်
တပ်တွေကို ဖြစ်နိုင်သမျှ ဂါဇာဒေသက အမြန်ဆုံး ဆုတ်ခွာလိုတယ်လို့ အစ္စရေးလ်
ဝန်ကြီးချုပ် အီဟွတ်ဒ် အိုလ်မာ့တ် (Ehud Olmert) က ပြောပါတယ်။ ဟားမတ်စ်ဘက်
ကတော့ အစ္စရေးလ်တပ်တွေ ဆုတ်ခွာနိုင်ဖို့အတွက် အချိန်တပတ် ပေးထားပါတယ်။

ဟားမတ်စ် လက်နက်ကိုင်တပ်က တိုက်ပွဲ အဆုံးအရှုံးစာရင်းကို ဒီနေ့ ထုတ်ပြန်
ကြေညာလိုက်ပါတယ်။ တိုက်ပွဲတွေအတွင်း ဟားမတ်စ်ဘက်က တိုက်ခိုက်ရေးသမား
၄၈ ဦး သေဆုံးပြီး အစ္စရေးလ်စစ်သား အနည်းဆုံး ၈၀ သေဆုံးတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဂါဇာက ပါလက်စတိုင်း ကျန်းမာရေးအရာရှိတွေနဲ့ အစ္စရေးလ်ဘက်က
ထုတ်ပြန်တဲ့စာရင်းတွေနဲ့တော့ ဒီစာရင်းက ကွဲလွဲနေပါတယ်။ အစ္စရေးလ်ဘက်က
ပြောထားတာကတော့ သူတို့ဘက်က ဟားမတ်စ်အဖွဲ့သား ၅၀၀ ကျော်ကို သတ်ဖြတ်
ရှင်းလင်းခဲ့ပြီး အစ္စရေးလ်စစ်သား ၁၀ ဦး ဆုံးရှုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ပါလက်စတိုင်း တာဝန်ရှိသူတွေဘက်ကတော့ ပါလက်စတိုင်းပြည်သူ အနည်းဆုံး
၁,၂၀၀ သေဆုံးပြီး အဲဒီထဲက တဝက်ဟာ အရပ်သားတွေဖြစ်တယ်လို့ ထုတ်ပြန်ထား
ပါတယ်။

ဆော်ဒီအာရေးဗီးယားဘုရင်ကတော့ ဂါဇာပြန်လည်ထူထောင်ရေးအတွက် ဒေါ်လာ
၁ ဘီလီယံ လှူဒါန်းသွားမယ်လို့ ကူဝိတ်မှာလုပ်တဲ့ အာရပ်စီးပွားရေး ထိပ်သီးညီလာခံ
အတွင်းမှာ ပြောသွားပါတယ်။

စစ်ဒဏ်ခံခဲ့ရတဲ့ ဂါဇာကမ်းမြှောင်ဒေသ အခြေအနေကို ဆန်းစစ်နိုင်ဖို့အတွက်
လူသားချင်းစာနာထောက်ထားရေး အဆင့်မြင့်အဖွဲ့တခုကို ဖွဲ့စည်းမယ်လို့ ကုလသမဂ္ဂ
အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က အဲဒီထိပ်သီးညီလာခံမှာ ပြောဆိုခဲ့
ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG