လူထောင်ပေါင်းများစွာဟာ ရေခဲလုနီးပါး အလွန်အေးချမ်းလှတဲ့ ရာသီဥတုဒဏ်ကို ရင်ဆိုင်ရင်း ရွေးကောက်ခံသမ္မတ ဘားရတ်အိုဘားမား ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲ အကြိုအခမ်းအနား စတင်တဲ့ အခမ်းအနားအဖြစ် အဆိုတော် ဘိုနို နဲ့ U2 အုပ်စုအပါအဝင် နာမည်ကြီး အနုပညာရှင်တွေ ပါဝင်တဲ့ တေးဂီတဖျော်ဖြေပွဲ (We Are One) ကို လာရောက်အားပေးခဲ့ကြပါတယ်။
ဝါရှင်တန်ဒီစီ လင်ကွန်းဗိမာန်မှာ ကျင်းပခဲ့တဲ့ တေးဂီတဖျော်ဖြေပွဲ အခမ်းအနားမှာ မစ္စတာ အိုဘားမားကလည်း အမေရိကန်ပြည်ထောင်စုမှာ ရင်ဆိုင်ကြုံတွေနေရတဲ့ စစ်ပွဲကိစ္စတွေ နဲ့ စီးပွားရေး အကြပ်အတည်းပြဿနာတွေအပေါ် အလေးပေး ပြောဆိုသွားခဲ့ပါတယ်။ ဒီအကြောင်းတွေအပေါ် မျှော်လင့်ချက်ကင်းမဲ့စရာ မရှိပါဘူးလို့လည်း မစ္စတာအိုဘားမားက ပြောဆိုသွားခဲ့ပါတယ်။
"အမေရိကန်ပြည်ထောင်စုမှာ အခက်အခဲတွေ ရင်ဆိုင်နေရတာတွေကို ရင်ဆိုင်ဖို့ မျှော်လင့်ချက်တွေ နဲ့ ဒီကနေ့ ဒီနေရာမှာ ကျနော် ရပ်နေတာပါ။ အမေရိကန်ပြည်ထောင်စုကို တည်ထောင်ခဲ့သူတွေရဲ့ အိမ်မက်တွေဟာ ကျနော်တို့လက်ထက်မှာ ရှင်သန်လာပါလိမ့်မယ်၊ ဒီ မျှော်လင့်ချက်တွေ ကျနော့်ကိုပေးခဲ့တာဟာ ဒီေ့ရှမှာ မြင်နေရတဲ့ ခင်ဗျားတို့ပါပဲ။"
ဒီအခမ်းအနားမှာ ရွေးကောက်ခံ ဒုတိယသမ္မတ ဂျိုးဘိုင်ဒန်ကလည်း လူထုရဲ့ လုပ်ဆောင်ချက် အရည်အသွေးတွေ နဲ့ သိက္ခာတရားတွေ အတွက် သယ်ဆောင်လာပါပြီးလို့ ပြောဆိုသွားခဲ့ပါတယ်။
အဲ့ဒီနေ့ စောစောပိုင်းမှာတော့ အမေရိကန်စစ်ပွဲတွေအတွင်း ကျဆုံးသွားခဲ့တဲ့ စစ်သည်တော်များကို သတိရဂုဏ်ပြုတဲ့အနေနဲ့ အာလင်တန် အမျိုးသားစစ်သင်္ချီုင်း (Arlington National Cemetery) ကို မစ္စတာ အိုဘား နဲ့ မစ္စတာ ဂျိုးဘိုင်ဒန်တို့ သွားရောက်ခဲ့ပါတယ်။
ကျမ်းသစ္စာကျိန်ဆိုပွဲ ကျင်းပမဲ့ အင်္ဂါနေ့မှာ အမေရိကန်လူထု (၂) သန်းထက် မနည်းတက်ရောက်လာနိုင်ပြီး လုံခြုံရေးကလည်း အခုထက်ပို တင်းကျပ်လာနိုင်ပါတယ်။