ပြောင်းလဲမှုတွေကို ဖြစ်စေရမယ်ဆိုတဲ့ ကြွေးကြော်သံကို သမ္မတမဲဆွယ်စဉ် ကာလ
တလျှောက်လုံးမှာ မစ္စတာအိုဘားမားက ပြောလာခဲ့တာ ဖြစ်ပါတယ်။ သမ္မတသစ်အဖြစ်
သူကျမ်းကျိန်ပြီးနောက် မစ္စတာအိုဘားမား ရာထူးလက်ခံမိန့်ခွန်း ပြောပါတယ်။ အဲဒီ
မိန့်ခွန်းဟာ အမေရိကန်ပြည်ထောင်စုရဲ့ လက်ရှိအခြေအနေတွေကို ထင်ဟပ်ဖော်ပြ
နေပြီး အမေရိကန် နိုင်ငံခြားရေးမူဝါဒ အသစ်ကိုပါ ခြုံငုံဖော်ပြထားတယ်၊ ဒါ့အပြင်
အမေရိကန်နိုင်ငံသားတွေရဲ့ နိုင်ငံသားအခွင့်အရေး၊ တန်းတူညီမျှမှု စတာတွေကိုလည်း
စံနမူနာပြု ဖော်ပြထားတဲ့ သမိုင်းဝင် မိန့်ခွန်းတရပ်ဖြစ်တယ်လို့ ဗွီအိုအေမြန်မာပိုင်း
ဌာနမှူး ဦးသန်းလွင်ထွန်းက သုံးသပ်တင်ပြပေးထားပါတယ်။
“သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုဖူးတဲ့
အမေရိကန်နိုင်ငံသား ၄၄ ဦး ရှိသွားခဲ့ပါပြီ။
ဒီကျမ်းသစ္စာကျိန်ဆိုပွဲတွေဟာ ငြိမ်းချမ်းသာယာ
ဝပြောတဲ့ အချိန်တွေမှာ ဖြစ်ခဲ့ဖူးသလို မုန်တိုင်း
ထန် ကြမ်းတမ်းတဲ့ အချိန်ကာလတွေမှာလည်း
ဖြစ်ခဲ့ဖူးပါတယ်” လို့ သမ္မတသစ် ဘရက်ခ်
အိုဘားမားက ပြောသွားပါတယ်။
ဒါဆို သူက လက်ရှိ အမေရိကန်ပြည်ထောင်စုရဲ့
အခြေအနေကို ဘယ်လိုတင်ပြခဲ့ပါသလဲ။
“ကျနော်တို့နိုင်ငံဟာ စစ်ပွဲတရပ်နဲ့ ရင်ဆိုင်နေရပါ
တယ်။ နေရာအနှံ့မှာ ဖြန့်ကြက်နေတဲ့ အကြမ်း
ဖက်မှုတွေ၊ မုန်းတီးမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ နိုင်ငံရဲ့စီးပွားရေးဟာလည်း အလွန့်
ကို ချည့်နဲ့နေပါတယ်။ ဒါတွေဟာ တာဝန်မဲ့သူတွေ၊ လောဘရမ္မက်ကြီးသူတွေရဲ့ အပြစ်
အပြင် နိုင်ငံတော်ကို ခေတ်သစ်ကာလတခုဆီ တက်လှမ်းဖို့ ပြင်ဆင်နိုင်ရေးမှာ ခိုင်မာ
တဲ့ သန္နိဋ္ဌာန်တွေကို မချမှတ်နိုင်ခဲ့တဲ့ ကျနော်တို့အားလုံးရဲ့ အပြစ်လို့လည်း ဆိုနိုင်ပါ
တယ်” လို့ သမ္မတအိုဘားမားက သုံးသပ်တင်ပြသွားပါတယ်။
ဒီစိန်ခေါ်မှုနဲ့ ပြဿနာတွေအားလုံးကို ရင်ဆိုင်ရာမှာ အချိန်တိုတိုအတွင်း လွယ်လွယ်
ကူကူ ပြေပျောက်သွားမှာ မဟုတ်ပေမယ့် ဒါတွေအားလုံးကို မလွဲမသွေ ရင်ဆိုင်ဖြေရှင်း
သွားနိုင်မှာပဲဆိုတာကို အမေရိကန်နိုင်ငံသားတိုင်း သိထားကြပါလို့လည်း သူက
ဆိုလိုက်ပါတယ်။
မိန့်ခွန်းရဲ့ နောက်တပိုင်းမှာတော့ ကမ္ဘာ့ရေးရာတွေအကြား အမေရိကန်ပြည်ထောင်စုရဲ့
အခန်းကဏ္ဍကို သူက ထောက်ပြထားပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာပေါ်
မှာ အကြွယ်ဝဆုံးနဲ့ အင်အားအကြီးဆုံး နိုင်ငံတခု ဖြစ်ဆဲပါလို့ သူက ဆိုပါတယ်။ ကမ္ဘာ့
စွမ်းအင်နဲ့ စီးပွားရေးရာတွေမှာ အရေးပါမှုအပြင် ဥပဒေစိုးမိုးမှုနဲ့ လူသားတို့ရဲ့ အခွင့်
ရေးရာများကို အမေရိကန်ပြည်ထောင်စုကို ကနဦး တည်ထောင်ခဲ့တဲ့ ဖခင်ကြီးများ
ချမှတ်ထားခဲ့တဲ့အတိုင်း အစဉ်အဆက် လိုက်နာ ပြန့်ပွားအောင် ဆောင်ရွက်သွားရမှာပဲ
ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။
“ဒီလိုပြဋ္ဌာန်းချက်တွေမှာ ပါဝင်တဲ့ အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်မှုအရေး
မှာ ကျနော်တို့ ဘယ်လိုအကြောင်းနဲ့မှ ပျက်ကွက်မှာမဟုတ်ပါဘူး။ အမေရိကန်
ပြည်ထောင်စုဟာ လူသားဂုဏ်သိက္ခာနဲ့ ငြိမ်းချမ်းမှုကို လိုလားသူ၊ နိုင်ငံတိုင်း နိုင်ငံ
တိုင်းမှာရှိနေတဲ့ လူကြီးလူငယ်၊ ကျားမ မရွေး အားလုံးအတွက် မိတ်ဆွေဖြစ်တယ်
ဆိုတာကိုလည်း သိထားကြပါ” လို့ သမ္မတအိုဘားမားက ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ ခရစ်ယာန်၊ မွတ်ဆလင်၊ ဂျူး၊ ဟိန္ဒူ စတဲ့ ဘာသာပေါင်းစုံ
ယုံကြည်သူတို့၊ မယုံကြည်သူတို့ စုပေါင်းထားတဲ့ နိုင်ငံတခုလည်းဖြစ်တာမို့ ယဉ်ကျေးမှု၊
ဘာသာစကားပေါင်းစုံတို့ရဲ့ လွှမ်းမိုးပြုပြင်မှုကို ခံနေရတဲ့ နိုင်ငံတခုလည်းဖြစ်ပါကြောင်း၊
ကမ္ဘာကြီးဟာ တဖြည်းဖြည်း ကျဉ်းမြောင်း ပေါင်းစပ်လာတာနဲ့အမျှ တူညီတဲ့ လူသား
တန်ဖိုးတွေ အားလုံးအတွက် ငြိမ်းချမ်းရေးခေတ်သစ်တခုဆီကို အမေရိကန်ပြည်ထောင်
စုက လမ်းခင်းပေးသွားမှာဖြစ်တယ်လို့လည်း သူကဆိုပါတယ်။
မွတ်ဆလင်ဘာသာဝင်တို့အတွက်လည်း သမ္မတအိုဘားမားက အထူးတလည် အချက်
တခုကို ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။
“ကျနော်တို့အားလုံးဟာ တဦးနဲ့တဦး အပြန်အလှန်လေးစားမှု၊ နှစ်ဖက်အကျိုးတူကိစ္စ
တွေအပေါ် အခြေခံပြီး နည်းလမ်းသစ်နဲ့ ရှေ့ကို ဆက်သွားရမှာပဲ ဖြစ်ပါတယ်။ ပြဿနာ
တွေကို မျိုးစေ့ချ ဖန်တီးနေတဲ့ ကမ္ဘာအနှံ့က မွတ်ဆလင်ခေါင်းဆောင်တွေ၊ ဖြစ်သမျှ
လူနေမှုပြဿနာတွေအားလုံးကို အနောက်နိုင်ငံတွေအပေါ် ပုံချနေကြတဲ့ ခေါင်းဆောင်
တွေအနေနဲ့ သိထားရမှာက ပြည်သူတွေဟာ အဲဒီလို အပြစ်ပုံချ မျိုးဆက်ကြဲနေတာတွေ
ထက်စာရင် ဒီအကြောင်းတွေကြောင့် သူတို့ဘဝတွေမှာ ပျက်စီးနစ်နာခဲ့ရမှုတွေ အပေါ်
မှာပဲ ပိုပြီး ခင်ဗျားတို့ရဲ့လုပ်ရပ်တွေကို ဆုံးဖြတ်ကြမှာဖြစ်ပါတယ်။”
“အဂတိလိုက်စားမှုနဲ့ အာဏာကို မတရားစွဲကိုင်ထားကြသူတွေ၊ အတိုက်အခံတွေကို
နှုတ်ပိတ် နှိပ်ကွပ်နေသူတွေ အားလုံးအနေနဲ့ ခင်ဗျားတို့အားလုံးဟာ ကမ္ဘာ့သမိုင်းရဲ့
စာရင်းတဖက်မှာ ရှိနေပြီဆိုတာကို သိထားကြပါ။ ဒါပေမယ့်လည်း ခင်ဗျားတို့အနေနဲ့
ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့ လက်သီးတွေကို ဖြည်ပြီး ကျနော်တို့နဲ့လက်တွဲဖို့
လိုလားပါတယ်ဆိုရင်တော့ ကျနော်တို့က လက်ကမ်းသွားမှာဖြစ်ပါတယ်” လို့လည်း
သမ္မတသစ် အိုဘားမားက ပြောကြားလိုက်ပါတယ်။
ဒါဟာ သူ့ရဲ့ နိုင်ငံခြားရေးမူဝါဒ အနှစ်ချုပ်ကို ပထမဦးဆုံး သမ္မတမိန့်ခွန်းမှာ ထည့်သွင်း
ပြောကြားသွားတာပါ။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ တောင် မပြည့်ခင်ကာလက အမေရိကားမှာ လူဖြူတွေနဲ့အတူ
စားသောက်ဆိုင်မှာ တန်းတူတောင် ဝင်ထိုင်ခွင့်မရခဲ့တဲ့ အာဖရိကလူမည်းတဦးနဲ့
အမေရိကန် လူဖြူအမျိုးသမီးတဦးတို့ရဲ့သားဟာ အခုအခါမှာတော့ အမေရိကန်
ပြည်ထောင်စုရဲ့ ၄၄ ဦးမြောက် သမ္မတသစ် ဖြစ်လာခဲ့ပါပြီ။
အမေရိကန်ပြည်ထောင်စုရဲ့ ပထမဦးဆုံး အာဖရိကနွယ်ဖွား သမ္မတသစ် ဘရက်ခ်
အိုဘားမားရဲ့ သမ္မတရာထူးလက်ခံ မိန့်ခွန်းဟာ အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံသား
အခွင့်အရေး၊ လူသားတန်ဖိုး၊ တန်းတူညီမျှမှု စတာတွေအားလုံးကို ဖော်ကျူးတဲ့
သမိုင်းဝင်မိန့်ခွန်းလည်း ဖြစ်ပါတယ်။