သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါတီစွဲ ရှေ့တန်းမတင်ဖို့ အိုဘားမားတိုက်တွန်း


အမေရိကန်သမ္မတ ဘရက် အိုဘားမားက နိုင်ငံ ရှေ့ဆက်သွားနိုင်ဖို့အတွက် သူ့အခေါ် အိုမြင်း ဟောင်းနွမ်းတဲ့ နိုင်ငံရေးကို အဆုံးသတ်ဖို့ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲမှာ နှိုးဆော်သွားပါတယ်။ ပါတီစွဲတွေမထားဘဲ ပူးပေါင်းဆောင်ရွက် ကြဖို့ သမ္မတအဆက်ဆက်က တိုက်တွန်းနှိုးဆော်ခဲ့ပေမယ့် နိုင်ငံရေးကို ထုံးစံအတိုင်း လုပ်လာခဲ့တာဟာ အမေရိကန် ကွန်ဂရက် လွှတ်တော်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာလာပြီဖြစ်တဲ့ ယေဘုယျသတ်မှတ်ချက်တခု ဖြစ်နေခဲ့ပါတယ်။ သမ္မတသစ် အိုဘားမား က နိုင်ငံရေးကို ဘယ်လိုလုပ်ကြမယ်ဆိုတဲ့အပေါ် ပြောသွားတာတွေ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။

နိုင်ငံရေးကို စတိုင်အသစ် ပုံစံအသစ်နဲ့ လုပ်ကြဖို့ လိုအပ်တယ်ဆိုတာကို ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးတဲ့ ကာလတွေမှာ ကတည်းကိုက မစ္စတာ အိုဘားမား မကြာခဏ ပြောခဲ့ဖူးပါတယ်လို့ ဗွီအိုအေသတင်းထောက် Dan Robinson ကွန်ဂရက် လွှတ်တော်ကနေ ပေးပို့တဲ့သတင်းမှာ ဖော်ပြထားပါတယ်။ ဒီစကားကိုပဲ အခု ကျမ်းသစ္စာကျိန်ဆိုပွဲမှာ ပြောတဲ့မိန့်ခွန်းထဲ ထပ်ပြောသွားတာပါ။

“အရေးမပါတဲ့ နာကျည်းချက် မကျေနပ်ချက်တွေ၊ ဖျားယောင်း သွေးဆောင်ထားတဲ့ ကတိကဝတ်တွေ၊ တန်ပြန ်စွပ်စွဲတာတွေ၊ ဟောင်းနွမ်း စုတ်ပြတ်နေတဲ့ တရားသေ ဝါဒတွေ၊ အားလုံး အဆုံးသတ်ပြီ ဖြစ်တဲ့အကြောင်း ကျနော်တို့ ကြေညာဖို့ ဖြစ်လာပါပြီ။ အဲဒါ တွေဟာ ကျနော်တို့နိုင်ငံရေးလည်ပင်းကို ကြိုးကွင်းစွပ် သတ်ဖြတ်နေခဲ့တာ နှစ်ပေါင်းများစွာ ကြာနေခဲ့ပါပြီ။”

သမ္မတသစ်တွေက သူတို့ အစိုးရအဖွဲ့ စတင်တဲ့ အချိန်မှာ ပါတီစွဲ မထားတဲ့ ပူးပေါင်း ဆောင်ရွက်မှု အဆင့်သစ် လုပ်မယ်ဆိုပြီး ကတိ ကဝတ်ပေးခဲ့တာဟာ ဆယ်စုနှစ် ပေါင်းများစွာ ကြာလာခဲ့ပါပြီ။ တချို့တလေကတော့ တခြား လူတွေထက် ပိုပြီး အောင်မြင်ခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ သမ္မတ ရွေးကောက်ပွဲမှာ သမ္မတ အိုဘားမား အနိုင်ရခဲ့တဲ့ စွမ်းအား၊ ကျမ်းသစ္စာ ကျိန်ဆိုပွဲ မတိုင်ခင် ရီပတ်ဘလီကန် ပါတီဘက်က လူတွေကို သူ့ရဲ့ ကနဦး ချဉ်းကပ်ပုံ၊ ဒါတွေဟာ ကွန်ဂရက် လွှတ်တော်မှာ သူ့ရဲ့ လုပ်ငန်း လမ်းစဉ်တွေ ချောချော မွေ့မွေ့ြုဖစ်ဖို့ အထောက်အကူ ဖြစ်စေမှာပါ။

ရီပတ်ဘလီကန် အောက်လွှတ်တော် ခေါင်းဆောင် John Boehner ဟာ ပူးပေါင်း ဆောင်ရွက်မှု အခြေခံ အုတ်မြစ်ချဖို့ ကြိုးစားပုံရပါတယ်။ အမေရိကန် ရင်ဆိုင်နေရတဲ့ စီးပွားရေး အကျပ်အတည်း ဆိုင်ရာအပြင် ကိစ္စရပ် အများအပြား အတွက် သမ္မတနဲ့ ဘုံတူညီတဲ့ အဖြေရှာဖို့ ရီပတ်ဘလီကန်တွေအနေနဲ့ အဆင်သင့်ပါပဲလို့ အင်္ဂါနေ့ကထုတ်ပြန်တဲ့ကြေညာချက်မှာ John Boehner က ပြောထား ပါတယ်။

နိုင်ငံရေးကို အခြေခံ လုပ်ဆောင်ပုံဟာ ပြောင်းလဲသွားပြီလို့ သမ္မတ အိုဘားမားကလည်း သူ့ရဲ့ မိန့်ခွန်းထဲမှာ ရည်ညွှန်း ပြောဆိုခဲ့ပါတယ်။ သမ္မတရဲ့ စကားအတိုင်းကတော့ မိမိတို့ကို နှစ်ပေါင်းများစွာ အချိန်ကုန်ဆုံးစေခဲ့တဲ့ ဟောင်းနွမ်း ဆွေးမြည့်တဲ့ နိုင်ငံရေး ငြင်းခုန်မှုတွေဟာ ဆက်ပြီး အကျုံးမဝင်တော့ပါဘူးတဲ့။

ဒီအချက်ကို ဆွဲဆောင်မှု ကောင်းကောင်း၊ လေးစားသမှု အပြည့်နဲ့ အားကောင်းအောင် လုပ်ဖို့ရာဟာ သမ္မတအိုဘားမား အခု ချက်ခြင်း လက်ငင်းမှာကို အကောင်အထည် ဖော်ရမယ့် အလုပ်ဖြစ်သလို လာမယ့် လတွေ၊ နှစ်တွေမှာလည်း ဆက်လုပ်သွားရမှာပါ။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ရွေးကောက်ပွဲမှာ သဘောထား ထုတ်ဖော်ခဲ့ကြတဲ့ မဲဆန္ဒရှင်တွေဟာ သူတို့ရဲ့သမ္မတနဲ့ သူတို့ ရွေးကောက် တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေ အတူတကွ ပူးပေါင်း လုပ်ဆောင်တာကို မျှော်လင့်ထားပါတယ်လို့ ကျမ်းသစ္စာ ကျိန်ဆိုပွဲ အပြီး လွှတ်တော် အဆောက်အအုံမှာ ကျင်းပတဲ့ ကွန်ဂရက် အဖွဲ့ဝင်တွေနဲ့ နေ့လည်စာစားပွဲမှာ မစ္စတာ အိုဘားမားက ပြောခဲ့ပါတယ်။

“အမေရိကန် လူထုဟာ လူမျိုးတွေ၊ ဒေသတွေ၊ အဆင့်အတန်းတွေကို ကျော်ဖြတ်ပြီး အတူတကွ ရောက်လာခဲ့ကြပါတယ်။ အခု ကျနော်တို့လည်း အလားတူ လုပ်ကြရပါတော့မယ်။ လူထုရဲ့ ကိုယ်စားလှယ်တွေ ဖြစ်တဲ့ ကျနော်တို့ အပေါ် တာဝန် ကျရောက်လာ ပါပြီ။ လွတ်လပ်ခွင့်နဲ့ လွတ်မြောက်ရေးအပေါ်၊ တရားမျှတမှု၊ ကျင့်ဝတ်နဲ့ ဂုဏ်သိက္ခာ ပြည့်စုံမှုတွေအပေါ် ကျနော်တို့ အားလုံး ခိုင်မာတဲ့ သန္နိဋ္ဌာန် အပြည့်အ၀ ရှိကြရပါမယ်။ အမေရိကန် လူထုရဲ့ နှလုံးသည်းပွတ်ထဲမှာ ရှိနေတာကို ကျနော်တို့ရဲ့လွှတ်တော်က ရောင်ပြန်ဟပ်သင့်ပါတယ်။”

အထက်လွှတ်တော်ရော၊ အောက်လွှတ်တော်မှာပါ ဒီမိုကရက်တစ် ပါတီက လူများစု အဖြစ် အားကောင်းနေတဲ့ အချက်၊ စီးပွားရေး အကျပ်အတည်းကို ထိထိရောက်ရောက် ကိုင်တွယ်လုပ်ဆောင်ဖို့ လွှတ်တော်အမတ်တွေပေါ် ကျနေတဲ့ ဖိအား၊ ဒီအချက်တွေက သမ္မတအိုဘားမားရဲ့ ပြည်တွင်းရေးရာ မူဝါဒတွေ၊ နိုင်ငံခြားရေးရာ မူဝါဒတွေ ကွန်ဂရက် လွှတ်တော်ကို ကျော်ဖြတ်ဖို့ အထောက် အကူဖြစ်စေမှာ သံသယဖြစ်စရာမရှိပါဘူး။

ဘဏ္ဍာငွေကြေး ဈေးကွက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို ပြုပြင် ပြောင်းလဲရေးလို ကိစ္စရပ်တွေဟာ လာမယ့် လတွေအတွင်း အပြင်းအထန် အားထုတ်လုပ်ကြရမယ့် ကိစ္စတွေပါ။ အစပိုင်းမှာ ကြုံတွေ့ရမယ့် အတားအဆီး အခက်အခဲတွေကို ဖြတ်သန်းပြီး သမ္မတ အိုဘားမား ရလာမယ့် အောင်မြင်မှုဟာ ကွန်ဂရက် လွှတ်တော်တွင်း ပါတီစွဲနဲ့ ကွဲပြားမှုတွေကို ဦးဆောင်ကျော်လွှားနိုင်မယ့် သူ့ရဲ့အရည်အချင်းအပေါ် ကနဦးစမ်းသပ်ချက်တခုပဲ ဖြစ်ပါတယ်ခင်ဗျား။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG