သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးသန့် ရာပြည့် အထိမ်းအမှတ် တံဆိပ်ခေါင်း ထုတ်မည်


ဒီနေ့ ဇန်နဝါရီလ ၂၂ရက်နေ့ဟာ မြန်မာအမျိုးသားတွေကို ကမ္ဘာကသိလာအောင် စွမ်းဆောင်နိုင်ငံတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ရဲ့ အနှစ်တရာပြည့် မွေးနေ့ ဖြစ်ပါတယ်။ ကုလသမဂ္ဂမှာ အတွင်းရေးမှူးချုပ်အဖြစ်နဲ့ ၁၉၆၁ခုနှစ်ကနေ ၁၉၇၁ခုနှစ်အထိ သက်တမ်း ၂ ကြိမ် ဆက်ပြီး တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးသန့် နှစ်တရာပြည့် အထိမ်းအမှတ်နဲ့ ကုလသမဂ္ဂ က ဦးသန့်ပုံ တံဆိပ်ခေါင်းတွေကို ထုတ်ဝေပြီး ဖေဖေါ်ဝါရီလ ၆ရက်နေ့မှာ စပြီးထုတ်ဝေမှာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးပါတယ်။

၁၉၀၉ခုနှစ် ဇန်နဝါရီလ ၂၂ရက်နေ့က အောက်မြန်မာပြည် ပန်းတနော်မြို့ကလေးမှာ မြန်မာ့ ဂုဏ်ဆောင် တဦး ဖြစ်လာမယ့် အဖ ဦးဘိုးနှစ်၊ အမိ ဒေါ်နန်းသောင် တို့က မွေးဖွားခဲ့ပါတယ်။ သား ၄ဦးအနက် အကြီးဆုံး သားဖြစ်တဲ့ ဦးသန့်ဟာ ငယ်စဉ်ကတည်းက စာပေကို လိုက်စားတဲ့ ပုဂ္ဂိုလ်တဦးပါ။ စကားနည်းပြီး၊ ဖြောင့်မတ်တည်ကြည်တဲ့ ဦးသန့်ဟာ ပညာရေးမှာ ထူးချွန်ပြီး အသက် ၂၅နှစ်အရွယ်မှာပဲ ပန်းတနော် ကျောင်းအုပ်တာဝန်ကို ယူခဲ့ပါတယ်။ ၁၉၄၈ခုနှစ်မှာတော့ အသံလွှတ်ဌာန ညွှန်ကြားရေးမှူး အဖြစ် ခန့်အပ်ခံရပြီး ၁၉၅၃ ခုနှစ်မှာ မြန်မာနိုင်ငံ သတင်းနဲ့ ပြန်ကြားရေးဌာန အတွင်းဝန် ဖြစ်လာခဲ့ပါတယ်။ ဝန်ကြီးချုပ်ဟောင်း ဦးနုအတွက် မိန့်ခွန်းတွေ ရေးပေးခဲ့ရပြီး ဦးနုရဲ့ အယုံကြည်ရဆုံး ပုဂ္ဂိုလ်ဖြစ်ခဲ့ပါတယ်။ ၁၉၅၅ခုနှစ်မှာ မြန်မာနိုင်ငံ စီးပွားရေးနဲ့ လူမှုရေးဌာန အကြီးအကဲ ဖြစ်လာပြီး၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်အနေနဲ့ ၁၉၅၇ခုနှစ်ကနေ ၁၉၆၁ခုနှစ်အထိ တာဝန်ယူခဲ့သူပါ။ တချိန်တည်းမှာပဲ ယာယီ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်တာဝန်ကိုပါ ပူးတွဲထမ်းဆောင်ခဲ့ရပါတယ်။ ၁၉၆၁ခုနှစ်ကနေ ၁၉၇၁ခုနှစ်အထိ ၁၀နှစ်တိတိ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်တာဝန်ယူခဲ့သူဖြစ်ပြီး သူ့ကို ကမ္ဘာ့ ငြိမ်းချမ်းရေးအတွက် စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့သူလို့ ကမ္ဘာကနေ အသိအမှတ် ပြုခဲ့ကြပါတယ်။ အခု ကုလသမဂ္ဂကနေ ဦးသန့်ကို ဂုဏ်ပြုတဲ့အနေနဲ့ နှစ်တရာပြည့် တံဆိပ်ခေါင်းတွေ ထုတ်ဝေတော့မယ်လို့ သိရတာကြောင့် ကုလသမဂ္ဂ စာတိုက် စီမံခန့်ခွဲရေးဌာနက ဒေါ်မေဦးကို မေးကြည့်ပါတယ်။

ယူအင် ဌာနချုပ် ၃ခုရှိတဲ့ နယူးယောက်၊ ဂျနီဗာ၊ ဗီယာနာမှာ နယူးယောက်ကတော့ ယူဆက် တန်ဖိုးနဲ့ထုတ်တယ်။ ၉၄ ဆန့်(94 cent) နိုင်ငံတကာ သုံးလို့ရအောင် ထုတ်တယ်။ Swiss Bank က ၁.၃၀၊ ယူရို တန်ဖိုးက ၁.၁၅။
အမေရိကန် နိုင်ငံမှာ ထုတ်မယ့် တံဆိပ်ခေါင်း ပုံက ဦးသန့် ကိုယ်တပိုင်းပုံ၊ ဘေးနားက ခရမ်းရောင်၊ အလယ်မှာ သူ့ပုံက ရွှေရောင်၊ ပြီးတော့ ဂျနီဘာက Swiss Bankနဲ့ ထုတ်တာက အဲဒီ တဝက် ဓာတ်ပုံပဲ၊ ဘေးက အနီရောင်နဲ့၊ ပြီးတော့ ဂျာမန်ကျတော့ အစိမ်းရောင်။ ယူအင်မှာ ဦးသန့် ဓာတ်ပုံ အကြီးကြီးရှိတယ်လေ။ အဲဒီပုံကို အသေးလုပ်ထားတာ။ ပုံလေးတွေက ဆင်တူရိုးမှာပါပဲ။ သိပ်တော့ မကွာပါဘူး။ ၃မျိုးပေါ့။ ပြီးတော့ တံဆိပ်ခေါင်း စာရွက်လွှာတခုမှာ ဓာတ်ပုံပေါင်း ၂၀ပါတယ်။

ဒီဟာက ပထမဆုံး အကြိမ်ထုတ်တာ။ ဦးသန့် နှစ် ၁၀၀ပြည့် အထိမ်းအမှတ်နဲ့ ထုတ်တာပဲ။

တည်ကြည်ဖြောင့်မတ်တဲ့ မြန်မာ အမျိုးသား ဦးသန့်ဟာ ကမ္ဘာ့ ခေါင်းဆောင် အများအပြားရဲ့ ပုဂ္ဂိုလ်ရေးအရ ကြည်ညိုလေးစားမှုကို ခံရတဲ့အပြင်၊ ဂုဏ်ပြုမှုအမျိုးမျိုး ကိုပါ ခံရပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ဟာ ပညာရည် ပြည့်ဝပြီး၊ ထူးခြားတဲ့ သူဖြစ်ရုံမကဘဲ၊ ဇဝနဉာဏ်ရှိတဲ့သူလို့လည်း မြန်မာစာပေပညာရှင် ဦးဝင်းဖေက အခုလို ပြောပါတယ်။

ဦးသန့်နဲ့ ပတ်သက်လို့ ကျွန်တော်ကြားဖူးတာရှိတယ်။ ဦးသန့်ကို ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ခန့်တော့မယ်လို့ ပြင်သစ်က သဘောမတူဘူးဆိုတဲ့ဟာလေ။ သူတို့ရဲ့ မှတ်ချက်က ဒီလောက် လူပုပုလေး တယောက်ကို ဘယ့်နှယ့်ကြောင့် ခန့်ရမှာလည်း ဆိုတာပေါ့။ ဦးသန့်မှာ abrupt answer ရှိတယ်။ သူဟာ နပိုလီယံထက်တော့ ရှည်ပါတယ်လို့ ဖြေလိုက်တယ်။ ဇဝန ဉာဏ်နဲ့ ပြန်လည် တုန့်ပြန်မှုလေးပေါ့လေ။ အဖြေလေးက သိပ်ကောင်းတယ်။ အဲဒါလေးတော့ ကျွန်တော် မှတ်မိတယ်။ ဦးသန့်က အတော့်ကို ထူးခြားတဲ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးတယောက်ဖြစ်တယ်။ ဦးသန့်ကို ဒတ် ဟမ်းမား ရှိူး လေယာဉ်ပျံ ပျက်ကျပြီး ရုတ်တရက် ဆုံးတော့ ဦးသန့်ကို ရုတ်တရက် ခန့်ရတော့မယ်ဆိုတဲ့ အချိန်မှာ တကယ်တမ်း အသွင်အပြင် ကောင်းလှလို့တော့ မဟုတ်ဘူး။ ဦးသန့် တတ်တာကတော့ မှန်တယ်။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ ကြားဝင်နိုင်ငံများ အဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ ထူထောင်တဲ့ အခြေခံ ငါးနိုင်ငံ သိက္ခာက တော်တော်ကြီးတယ်ဗျ။ အဲဒီသိက္ခာနဲ့ ပတ်သက်ပြီး ဦးသန့်ကို ခန့်တာ။ ခန့်တဲ့ အချိန်က အလွန်အရေးကြီးတဲ့ စစ်အေးခေတ် အချိန်ကြီးမှာ သူ့ရဲ့ လုပ်ရည်ကိုင်ရည်ပြလိုက်တဲ့ အချိန်မှာ နောက်တခါ သူဟာ ပြန်ပြီး အရွေးခံရတယ်။ အရွေးခံရတဲ့အပြင် ဒုတိယ သက်တမ်းမှာ ပြန်ပြီး အရွေးခံရတယ်။ အဲဒီလောက် ထူးခြားတဲ့ လူတယောက်ကို နယူးယောက် ဟက်ဆင် မြစ်ထဲမှာ ဦးသန့်အတွက် ကျွန်းကို ရှိတယ်၊ ဂုဏ်ပြုထားတာ။

ဦးသန့်ဟာ ၁၉၇၄ခုနှစ် နိုဝင်ဘာလ ၂၅ရက် အသက် ၆၅နှစ်မှာ ကွယ်လွန်ခဲ့ပြီး သူ့ဆန္ဒအရ သူ့ရုပ်ကလာပ်ကို မြန်မာနိုင်ငံကို ပြန်ပြီး ပို့ပေးခဲ့ရပါတယ်။

XS
SM
MD
LG