သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးသန့် ရာပြည့် ရန်ကုန်မှာကျင်းပ


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ရဲ့ နှစ် ၁၀၀ ပြည့် မွေးနေ့အထိမ်းအမှတ်ကို ဒီကနေ့ညနေပိုင်း ရန်ကုန်မြို့မှာ ကျင်းပခဲ့ပါတယ်။ အခမ်းအနားကို ဦးသန့်ရဲ့သမီးဖြစ်သူ၊ U Thant Institute ရဲ့ ဥက္ကဋ္ဌ ဒေါ်အေးအေးသန့်က စီစဉ်ကျင်းပတာ ဖြစ်ပါတယ်။

နိုင်ငံရေးပါတီတွေက ခေါင်းဆောင်တွေ၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေက တာဝန်ရှိသူတွေ၊ နိုင်ငံခြားသံတမန်တွေနဲ့ အစိုးရတာဝန်ရှိသူတွေ အခမ်းအနားကို တက်ရောက်မယ့်အကြောင်း ရန်ကုန်မြို့အခြေစိုက် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် သတင်းပြန်ကြားရေးအရာရှိက ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

အခမ်းအနားမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း ပေးပို့တဲ့ သဝဏ်လွှာကို ကုလသမဂ္ဂ လူသားချင်းစာနာမှုရေးရာ ညှိနှိုင်းဆောင်ရွက်ရေးမှူး ဘီရှော ပါရာဂျူလီ (Bishaw Parajuli) က ဖတ်ကြားပါတယ်။

ဦးသန့်ဟာ တတိယမြောက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အဖြစ် ၁၉၆၁ ခုနှစ်ကနေ ၁၉၇၁ ခုနှစ်အထိ ၁၀ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အာရှတိုက်က ပထမဆုံး အတွင်းရေးမှူးချုပ် ဖြစ်ပါတယ်။ သူ့သက်တမ်းအတွင်း ကျူးဘားဒုံးကျည်အရေးကိစ္စနဲ့ ကွန်ဂိုပြည်တွင်းစစ်ပွဲတွေကို ပြေလည်အောင် ကြိုးစားဖြေရှင်းခဲ့တဲ့အတွက် အဓိက ချီးကျူးခံရပါတယ်။

၁၉၇၄ ခုနှစ် သူကွယ်လွန်ချိန်မှာ သူ့ရဲ့ ကျန်ရစ်တဲ့ရုပ်အလောင်းကို မြန်မာနိုင်ငံ ပြန်သယ်လာပြီး နိုင်ငံတော်အခမ်းအနားနဲ့ ဂုဏ်ပြုသဂြုႋဟ်ဖို့ အဲဒီအချိန်က မြန်မာအာဏာရှင်ခေါင်းဆောင် ဦးနေဝင်းက ငြင်းဆန်ခဲ့တဲ့အတွက် တက္ကသိုလ်ကျောင်းသားတွေက သပိတ်မှောက် ဆန္ဒပြကြပြီး ဦးသန့်ရုပ်အလောင်းကို လုယူခဲ့ကြတဲ့အတွက် ထင်ရှားတဲ့ ဦးသန့်အရေးခင်း ဖြစ်ခဲ့ရပါတယ်။

ဒီကနေ့အစောပိုင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ဦးသန့်ကိုဂုဏ်ပြုတဲ့ အခမ်းအနားတခု ကျင်းပပြုလုပ်ခဲ့ပါတယ်။

XS
SM
MD
LG