သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟီလာရီ ကလင်တန် နိုင်ငံခြားရေးဝန်ကြီး တာဝန် စတင်ထမ်းဆောင်


ယခင်က အထက်လွှတ်တော်အမတ်နဲ့ အမေရိကန် သမ္မတကတော်ဖြစ်ခဲ့တဲ့ ဟီလာရီ ကလင်တန် (Hillary Clinton) ဟာ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်တွေကို တရားဝင် စတင်ထမ်းဆောင်နေပြီ ဖြစ်ပါတယ်။ ဝန်ထမ်းတွေရဲ့ အကြံဉာဏ်တွေကိုယူပြီး အလုပ်တွေ လုပ်သွားမှာဖြစ်သလို အစိုးရတွင်း သဘောထားကွဲလွဲမှုတွေ ရှိခဲ့တဲ့ အချိန်တွေကို အဆုံးသတ်သွားမှာဖြစ်တယ်လို့ ဝန်ထမ်းတွေနဲ့ အစည်းအဝေးမှာ မစ္စကလင်တန်က ပြောဆိုခဲ့ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ ဗွီအိုအေသတင်းထောက် ဒေးဗစ် ဂေါလက်စ် (David Gollust) က နိုင်ငံခြားရေးဌာနကနေ သတင်းပေးပို့ထားတာကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

အထက်လွှတ်တော်က အတည်ပြုခဲ့ပြီးတဲ့နောက် ဗုဒ္ဓဟူးနေ့နှောင်းပိုင်းမှာ မစ္စကလင်တန် တာဝန်တွေကို စတင်ယူခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို တာဝန်တွေစယူခဲ့တဲ့ ပထဆုံးနေ့မှာတော့ သူ့ကို နှုတ်ဆက်ဦးကြိုသူ ဝန်ထမ်းရာနဲ့ချီဟာ နိုင်ငံခြားရေးဌာနရဲ့ အဓိက အဝင်ခန်းမကြီးထဲမှာ ပြည့်နေခဲ့ပါတယ်။

နိုင်ငံခြားရေးနဲ့ ပြည်သူ့ဝန်ထမ်းဌာန လုပ်သားပေါင်း ၂၀,၀၀၀ ကျော်ပါဝင်တဲ့ နိုင်ငံခြားရေးဌာနဟာ အမေရိကန်ပြည်ထောင်စုရဲ့ လုံခြုံရေး၊ အကျိုးစီးပွားနဲ့ အမေရိကန်စံနှုန်းတွေ ကမ္ဘာတဝန်းမှာ ပိုပြီးတော့ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နေတဲ့အတိုင်း ဒီလို နိုင်ငံခြားရေးဌာန ဝန်ထမ်းတွေရဲ့ ကျွမ်းကျင်မှုတွေနဲ့ အကြံဉာဏ်တွေကိုယူပြီး သူ အလုပ်တွေကို လုပ်သွားမှာဖြစ်တယ်လို့ မစ္စကလင်တန်က ဆိုပါတယ်။

ပြီးခဲ့တဲ့ သမ္မတဘုရှ်ရဲ့ အုပ်ချုပ်ရေးနဲ့ပတ်သက်လို့ တိုက်ရိုက်ဝေဖန်ပြောဆိုတာမျိုး မလုပ်ခဲ့ပေမယ့် သမ္မတသစ် ဘရက်ခ် အိုးဘားမား အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ အစိုးရဝန်ထမ်းတွေရဲ့ အကြံပြုချက်တွေကို ပိုပြီးတော့ လက်ခံကြိုဆိုဖို့နဲ့ ကွဲပြားမှုတွေ လျော့နည်းအောင်လုပ်ဖို့ သူက အကြံပေးပြောဆိုခဲ့ပါတယ်။

“ရှင်းလင်းပြတ်သားပြီး အဓိပ္ပာယ်နှစ်မျိုး မဆောင်တဲ့ သတင်းစကားမျိုးကိုပဲ ကျမတို့က ပေးချင်ပါတယ်။ ဒါဟာ လုပ်ငန်းအဖွဲ့တခုဖြစ်သလို ကျမတို့ဟာ ဒီအဖွဲ့ရဲ့ အဖွဲ့ဝင်တွေပါ။ အားလုံးဟာ အမေရိကန် လုပ်ငန်းအဖွဲ့တခုတည်းမှာ ဖြစ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မလုပ်နိုင်သ၍ အိုဗယ်လ် သမ္မတရုံးခန်းကလည်း ဘာမှလုပ်နိုင်မှာ မဟုတ်သလို ကျမအနေနဲ့လည်း ခုနှစ်ထပ်ကနေ ဘာမှလုပ်နိုင်မှာ မဟုတ်ပါဘူး။ အမေရိကန်ပြည်ထောင်စုကြီးအတွက် အလုပ်လုပ်တဲ့နေရာမှာ ကျမတို့ရဲ့ လုပ်ကိုင်နိုင်စွမ်းတွေကို လျော့ပါးစေတဲ့ အနှောင့်အယှက်ဖြစ်တဲ့ ဘယ်လို ကွဲပြားခြားနားမှုမျိုးကိုမှ ကျမတို့အနေနဲ့ ဆက်ပြီးတော့ သည်းခံသွားမှာ မဟုတ်ပါဘူး။”

အမေရိကန် နိုင်ငံခြားရေးမူဝါဒမှာ ကာကွယ်ရေး၊ သံတမန်ရေးနဲ့ ဖွံ့ဖြိုးရေးဆိုပြီးတော့ အပိုင်းသုံးပိုင်းရှိပြီး သံတမန်နဲ့ ဖွံ့ဖြိုးတိုးတက်ရေး အပိုင်းတွေအတွက် နိုင်ငံခြားရေးဌာနနဲ့ သူနဲ့ဆက်စပ်နေတဲ့ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး အမေရိကန် အေဂျင်စီ (USAID) တို့မှာ အဓိကတာဝန်ရှိတယ်လို့လည်း မစ္စကလင်တန်က ပြောဆိုခဲ့ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးအဖြစ် အောက်လွှတ်တော်မှာ လက်ခံအတည်မပြုခင် ထွက်ဆိုချက်တခုမှာ မစ္စကလင်တန်က စစ်အင်အားကို အသုံးပြုတာထက် သံတမန်နည်းကို ရှေ့တန်းတင်တဲ့ ဉာဏ်ပညာနည်းသုံး ချဉ်းကပ်ဆောင်ရွက်မှု တစိတ်တပိုင်းအနေနဲ့ အမေရိကန် သံတမန်အဖွဲ့ကို ဖွဲ့စည်းနိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒီလိုချဉ်းကပ်မှုမျိုးလုပ်ဖို့ တိုက်တွန်းပြောဆိုခဲ့တဲ့အထဲမှာ ရီပတ်ဘလစ်ကန် သမ္မတဟောင်း ဘုရှ်ရဲ့ အုပ်ချုပ်ရေးအဖွဲ့က တဦးတည်းကျန်ရစ်ခဲ့တဲ့ ဝန်ကြီးအဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီး ရောဘတ် ဂိတ်စ် (Robert Gates) ဟာလည်း ထင်ရှားတဲ့ပုဂ္ဂိုလ်တဦးပဲ ဖြစ်ပါတယ်။

သံတမန်ရေးနည်းအရ ချဉ်းကပ်ဆောင်ရွက်မှုကို အဓိက အာရုံထားတဲ့အနေနဲ့ သမ္မတအိုဘားမားနဲ့ သူ့ရဲ့ ထိပ်တန်းလက်ထောက်တွေဟာ နိုင်ငံခြားရေးဌာနကို သွားရောက်ပြီး နိုင်ငံခြားရေးဝန်ကြီး မစ္စကလင်တန်နဲ့ တံခါးပိတ်ဆွေးနွေးမှုတွေ နောက်ပိုင်းမှာ လုပ်သွားဖို့ရှိပါတယ်။ အဲဒီနောက် သမ္မတအနေနဲ့ ဝန်ထမ်းတွေကိုလည်း စိတ်ဓာတ်တက်ကြွအောင် အားပေးစကား ပြောကြားဦးမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG